spot_imgspot_imgspot_imgspot_img
Sunday, October 13, 2024
spot_imgspot_imgspot_imgspot_img

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်တွင်းက ထောင်ဒဏ်ချ ခံရသူ ၉၄ဦးရှိနေ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးတရားစွဲဆိုခံရသူ ၂၂၁ ဦးရှိပြီး ထောင်ဒဏ် အမိန့်ချခံထားတဲ့သူ ၉၄ဦးအထိရှိနေတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF ) ကထုတ်ပြန်ထားပါတယ်။

ထောင်ဒဏ် အမိန့်ချခံထားရသူတွေဟာ PDF နဲ့ ဆက်နွယ်တယ်ဆိုတဲ့အကြောင်းပြချက် ၊ CDM ပြုလုပ်တယ် ဆိုတဲ့ အကြောင်းပြချက်တွေအပြင် စစ်သား၊ တပ်သား၊ အရာရှိတွေကို သတ်ဖြတ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးခံထားရသူတွေ ဖြစ်တယ်လို့ PKPF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒီ ၅၀၅ထဲမှ ဒီစစ်သင်တန်းကျောင်း ပြန်လာပြီး ဖမ်းဆီးခံရတဲ့ ၇၀ကျော်လည်း ပါတယ်ပေါ့နော။ အဲ့ဒီ ၅၀၅ထဲမှာ အဲ့တာလည်း ပါသလို တချို့ စစ်ဘေးရှောင် ပစ္စည်းသွားပို့ရင်းနဲ့ အဖမ်းဆီးခံရတာလည်း ပါပါတယ်။ ၅၀၅ထဲမှာ အဓိက အဲ့ဒီနှစ်မျိုးကို ကျနော်တို့ တွေ့ရတယ်။ ကျနော်တို့ မှတ်တမ်းထဲမှာပေါ့နော။ တချို့ ကျန်တဲ့ အမိန့်မချပဲနဲ့ စစ်ဆေးထားတဲ့ ၅၀၅ကတော့ တခြားအကြောင်းကြောင့် အများကြီးပါတယ်။ CDM လုပ်လို့ ၅၀၅နဲ့ စွဲထားသလို တချို့ PDF နဲ့ဆက်နွယ်မှုကြောင့်၅၀၅နဲ့ အမှုစစ်ဆေးခံထားရတဲ့ စစ်ဆေးနေတန်းလန်းနဲ့ အများကြီးရှိသေးတယ်။ “ လို့ ၎င်းက ဆက်ပြောပါတယ်။

အမိန့်ချခံရတဲ့အထဲ ပညာရေးကောလိပ်ကျောင်းဆင်း CDM ကျောင်းဆရာ ခူးလယ်ဝါးလည်း ပါဝင်ပြီး သူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ဆိုင်ရာ ပုဒ်မ ၅၂ ( က )နဲ့ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၅နှစ်ချမှတ်ခံခဲ့ရပါတယ်။

ဆရာခူးလယ်ဝါးဟာ စစ်ဘေးရှောင်ကူညီဖို့အတွက် ဆန်သွားသယ်ရင်း ဖမ်းဆီးခံခဲ့ရတာြဖစ်ပြီး ဒီလိုအမိန့်ချမှတ်ခံရတဲ့အပေါ် စိတ်မကောင်းဖြစ်မိတယ်လို့ ဆွေမျိုးနီးစပ်သူ တစ်ဦးက ပြောပါတယ်။

“သာမာန်လူသားပဲ။ ပြီးတော့ အချင်းချင်း ကူညီနေတဲ့ အချိန်မှာ မတရား ဖမ်းဆီးသွားတဲ့ စစ်ကောင်စီကိုတော့ ကျမတို့က တရားသောအမှု မှန်ကန်သောအရာကိုပဲ ကျမတို့ လိုချင်တယ်။ ဆိုတော့ သူတို့က မတရားသောအမှုနဲ့ပဲ သူတို့က တရားစီရင် အမိန့်ချလိုက်တဲ့အချိန်မှာ ကျမတို့အတွက်တော့ တကယ်စိတ်မကောင်းစရာတွေ ဖြစ်တယ်။” လို့ ခူးလယ်ဝါးနဲ့ ဆွေမျိုးနီးစပ်သူ တစ်ဦးက ပြောပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ပုဒ်မ ၅၀၅( က )နဲ့ တရားစွဲခံရပြီး ထောင်ဒဏ်သုံးနှစ် အမိန့်ချခံရသူ ၇၆ဦး၊ ပုဒ်မ ၅၀၅( က )နဲ့ တရားစွဲခံရပြီး ထောင်ဒဏ်နှစ်နှစ် အမိန့်ချခံရသူ ၅ဦး၊ ၅၀၅( ခ )နဲ့တရားစွဲခံရပြီး ထောင်ဒဏ်နှစ်နှစ်ချခံရသူ ၁ဦး၊ ပုဒ်မ ၁၇/၁ နဲ့ တရားစွဲခံရပြီး ထောင်ဒဏ် ၃နှစ် အမိန့်ချမှတ်ခံရသူ ၇ဦး၊ ပုဒ်မ ၅၂ ( က ) နဲ့ တရားစွဲခံရပြီး ထောင်ဒဏ် ၅နှစ် အမိန့်ချခံရသူ ၁ဦး၊ ပုဒ်မ ၅၀၅၊ ၁၂၄၊ ၅၀၊၅၂၊ ၃၀၂ နဲ့ တရားစွဲခံရပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်းချခံရသူ ၄ဦး အထိရှိနေတယ်လို့ PKPF ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီ ဖမ်းဆီးတရားစွဲဆိုခံရသူ ၂၂၁ဦးအထိရှိနေပြီး ၁၂၇ဦးကတော့ တရားစွဲဆိုနေဆဲဖြစ်တယ်လို့ PKPF ထုတ်ပြန်ချက်အရ သိရပါတယ်။

spot_img
spot_img