ကန္တာရဝတီတိုင်း(မ်)
အထုပ်အပိုးတွေကို နိုင်သမျှသယ်ယူရင်း ကျေးရွာအတွင်း တအိမ်တက်တအိမ်ဆင်း အဝတ်အစားတွေနဲ့ ရွှေတချို့ကို လိုက်လံရောင်းချနေသူကတော့ အသက် ၂၈ နှစ်အရွယ် မူလွန်း (အမည်လွှဲ)ပါ။
လူငယ်အရွယ်ပီပီ အပြင်ပန်းကကြည့်ရင် မူလွန်းဟာ ချောမောလှပပြီး အမြဲတမ်းတက်ကြွလန်းဆန်းတဲ့ သာမန်အမျိုးသမီးငယ်တဦးပါပဲ။ ဒါပေမဲ့ မူလွန်းက အိမ်ထောင်သည်ပါ။ အိမ်တွင်းအကြမ်းဖက် ခံနေရသူလည်း ဖြစ်ပါတယ်။
ဝမ်းစာအတွက် ရုန်းကန်နေရတဲ့ မူလွန်းတယောက် ဝယ်သူတွေနဲ့ ပြောဆိုဆက်ဆံရတဲ့အခါ မဖြစ်မနေပြုံးပြရမှာဖြစ်လို့ မျက်နှာမှာအပြုံးတွေကိုပန်ဆင်ထားပေမဲ့၊ မမြင်နိုင်တဲ့ သူမရဲ့ အတွင်းမှာ ဒဏ်ရာဒဏ်ချက်တွေ ပြည့်နှက်စွာခံစားနေရတယ်ဆိုတာ မြင်သူတွေက တော်ရုံနဲ့ သတိပြုမိမှာ မဟုတ်ပါဘူး။
အိမ်ထောင်ကျပြီး တနှစ်မပြည့်ခင်မှာပဲ ဒီလိုကိုယ်ထိလက်ရောက် အိမ်တွင်းအကြမ်းဖက်တာတွေကို အမျိုးသားဆီကနေ စတင်ကျုးလွန်ခံလာခဲ့ရတယ်လို့ မူလွန်းက ပြန်ပြောင်းပြောပြလာပါတယ်။
“သူ(အမျိုးသား) ဖဲသွားရိုက်ပြီး ညဉ့်သန်းခေါင်မှ ပြန်လာတယ်။ ကျမကိုနင်းခိုင်း၊ နှိပ်ခိုင်းတယ်။ နေ့တိုင်း အဲ့လိုမျိုးလုပ်ခိုင်းတော့ ကျမလည်းသည်းမခံနိုင်တော့ပဲ ပြန်ပြောမိတာပေါ့နော။ အဲ့ဒီလိုပြောမိတော့ သူက ကျမကိုစိတ်ဆိုးပြီး ခေါင်းကို ငါးချက်ထိုးတယ်” လို့ မူလွန်းက သူမ စတင်ကျုးလွန်ခံခဲ့ရတဲ့ အကြမ်းဖက်မှုကို ပြောပြလာတာပါ။
ဒီမှာတင်ရပ်တန့်မသွားဘဲ နောက်ထပ်ကျူးလွန်ခံရပြီး ခေါင်းကို အုတ်ခဲနဲ့ ပေါက်ခံရတာ၊ လည်ပင်းညစ်ခံရတာတွေကို သူမ ဆက်တိုက်ကြုံတွေ့ရပါတော့တယ်။
“ကျမ ကိုယ်ထိလက်ရောက်ကျူးလွန်ခံရတော့ စိတ်ထဲမှာ နာကျင်မုန်းတီးမိတယ်” လို့ မူလွန်းက သူမရဲ့ ခံစားချက်ကို ထုတ်ပြောလိုက်ပါတယ်။
တခါတလေ မူလွန်းရဲ့ အမျိုးသားဟာ မိဘဖြစ်သူတွေရှေ့မှာတင် သူမကို ကိုယ်ထိလက်ရောက် အကြမ်းဖက်တာတွေ ပြုမူတတ်ပြီး မိဘတွေကလည်း မတားတဲ့အပြင် ချွေးမဖြစ်တဲ့ မူလွန်းကိုပဲ ပြစ်တင်ပြောဆိုတယ်လို့ မူလွန်းက ပြောပြပါတယ်။ အဲ့ဒီလိုအချိန်တွေမှာဆိုရင် မူလွန်းတယောက် အထီးကျန်ပြီး ကူရာမဲ့ခဲ့ရပါတယ်။
မူလွန်းရဲ့မိဘတွေက သူတို့ရဲ့သမီး အကြမ်းဖက်ခံရတာကို ရပ်ရွာလူကြီးတွေဆီ သွားရောက်တိုင်ကြား တာမျိုးလုပ်ခဲ့ဖူးပေမယ့် အမျိုးသားအသိုင်းအဝိုင်းက ပိုအင်အားကြီးတာကြောင့် “မြေနှိမ့်ရာ လှံစိုက်” ဆိုသလို အရာမထင်ခဲ့ပါဘူး။
မူလွန်းဟာ အမျိုးသားအကြမ်းဖက်တာကို မခံနိုင်လို့ မိဘအိမ်ပြန်နေတာမျိုးလုပ်ပြန်ရင်လည်း အမျိုးသားက မူလွန်းရဲ့ မိဘအိမ်အထိ လိုက်လံအော်ဟစ် သောင်းကျန်းနေတတ်ပါတယ်။ ဒီလိုပြဿနာတွေ မကြာမဏ ဖြစ်လာတဲ့အခါ မူလွန်းရဲ့မိခင်ကိုယ်တိုင်က သူမကို အိမ်မှာခေါ်ထားဖို့ ဝန်ပိရပြန်ပါတယ်။
အိမ်တွင်းအကြမ်းဖက်ခံရတဲ့ မူလွန်းတယောက် ကူကယ်ရာမဲ့ဖြစ်နေချိန်မှာ အဝေးဆုံးကို ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတော့တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က သူမဒုတိယရင်သွေး လွယ်ထားရတဲ့အချိန်မှာ သားငယ်လေးရဲ့ လက်ကိုဆုပ်ကိုင်ပြီး ခြေဦးတည့်ရာ ထွက်ပြေးခဲ့ပါတယ်။
ကံကောင်းထောက်မစွာဘဲ အသိတွေရဲ့လမ်းညွှန်မှုကြောင့် ကျား/မ အခြေပြု အကြမ်းဖက်မှု (GBV) ပပျောက်ရေးကို ဆောင်ရွက်တဲ့အဖွဲ့နဲ့တွေ့ဆုံခဲ့ပြီး လုံခြုံအိမ် (safe house) မှာ သမီးလေးကို ကောင်းမွန်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။
လုံခြုံအိမ်ရဲ့ လက်ခံထားရတဲ့အကန့်အသတ်ကြောင့် တနှစ်အကြာမှာတော့ မူလွန်းတယောက် ဒီးမော့ဆိုအနောက်ဘက်ခြမ်းက ဇာတိမြေကို ပြန်လာခဲ့ရပါတော့တယ်။ သားတဦး၊ သမီးငယ် တဦးနဲ့အတူ တခြားဦးတည်ရာမရှိတဲ့အပြင် ရပ်ရွာစည်းကမ်းချက်တွေကြောင့်လည်း မူလွန်းဟာ အမျိုးသားဖြစ်သူနဲ့သာ ပြန်လည်ပေါင်းသင်းခဲ့ရပါတယ်။
“မကြိုက်သော်လည်း အောက်ကာနမ်း” ဆိုသလို အိမ်တွင်းအကြမ်းဖက်ခဲ့တဲ့ အမျိုးသားနဲ့ တအိမ်တည်းနေရတဲ့ မူလွန်း အဖို့တော့ နေ့ရက်တိုင်းဟာ ငရဲလိုပါပဲ။ ဒါပေမဲ့ မူလွန်းတို့နေထိုင်ရာ ရပ်ရွာရဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းဓလေ့အရ အိမ်ထောင်စုတခု ကွာရှင်းခဲ့ရင် သားသမီးတွေကို ခွဲဝေရမယ်လို့ ပါရှိပါတယ်။
ဒါကြောင့် သားသမီးတွေနဲ့ မခွဲနိုင်တဲ့ မူလွန်း က ကွာရှင်းတဲ့နည်းလမ်းကို မရွေးချယ်ခဲ့ပါဘူး။
“ကလေးတွေမှာ စိတ်ဒဏ်ရာတွေဖြစ်လာနိုင်တာကြောင့်ရောပေါ့နော။ မရွေးချယ်ချင်တော့ ဒီတိုင်းပဲ ကျမသူ့နဲ့ ဆက်ပေါင်းမယ်ပေါ့နော။ သူနည်းနည်းပြန်ပြောင်းလဲမလား ဆိုတဲ့စိတ်နဲ့ ကလေးမှာလည်း အဖေရှိအောင်ပေါ့နော” လို့ သူမက ပြောပါတယ်။
အခုတော့ မူလွန်းဟာ အမျိုးသားနဲ့အတူ တအိမ်တည်းအတူနေတယ်ဆိုရုံလေးပဲ အရင်လို ကိုယ်ထိလက်ရောက် ပြန်အကြမ်းဖက်မခံရသေးတာမှအပ အမျိုးသားနဲ့လည်း နွေးထွေးတဲ့ ဆက်ဆံရေးမျိုး မရှိပါဘူး။

သူမအမျိုးသားက သေရည်အရက်မူးလာလို့ ပြဿနာရှာတဲ့အခါမျိုးမှာ မသိမသာနဲ့ဘဲ ရှောင်ထွက်လိုက်တယ်လို့ ဆိုပါတယ်။
ဒီလိုအိမ်တွင်းအကြမ်းဖက်မှုကို ခံရတဲ့အမျိုးသမီးတွေဟာ ကရင်နီပြည်က ရွာတိုင်းနီးပါးမှာရှိနေပြီး တချို့အမျိုးသမီးတွေဟာ သူတို့အကြမ်းဖက်ခံရတာတောင် ကိုယ်တိုင်မသိတာရှိတယ်လို့ ကျား/မ အခြေပြု အကြမ်းဖက်မှု ပပျောက်ရေးအတွက် ဆောင်ရွက်နေသူတဦးက ပြောပါတယ်။
“ကျမတို့ဆီက အမျိုးသမီးသမီးတွေဟာ ကိုယ်ထိလက်ရောက်ကျူးလွန်မှ အကြမ်းဖက်ခံရတယ်လို့ သူတို့ထင်ကြတယ်။ တကယ်တမ်း စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို သူတို့ကိုယ်တိုင်မသိကြဘူး။ ပြီးတော့ အိမ်တွင်းအကြမ်းဖက်ခံရရင် ပတ်ဝန်းကျင်သိမှာကို ရှက်ကြတယ်။ တယောက်တည်း ကြိတ်မှိတ်ခံကြတယ်။ ရိုးရာအစဉ်အလာကလည်း အမျိုးသမီးတွေကို တဆင့်နှိမ့် ခွဲခြားဆက်ဆံတာလည်း ခေတ်အဆက်ဆက်လို ဖြစ်နေတော့ အကြမ်းဖက်ခံရတဲ့အမျိုးသမီးမှာတောင် သူတို့အပြစ်ရှိလို့ပဲလို့ တချို့ကယူဆတယ်။ အဖွဲ့အစည်းတွေနဲ့ တိုင်ဖို့ဆိုတာက ပိုဝေးသွားတာပေါ့” လို့ သူမ က ပြောပါတယ်။
၂၀၂၄ ခုနှစ် တနှစ်တာအတွင်းမှာ IEC ရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာနကို တိုင်ကြားလာတဲ့ အမှုပေါင်း ၄၀ ကျော်ရှိတဲ့အထဲမှာ အိမ်တွင်းအကြမ်းဖက်မှုက အများဆုံးဖြစ်တယ်လို့ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာနမှ ဒု- ဌာနမှူး မော်သဲမာက ပြောပါတယ်။
အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်သေးတဲ့ အခုလိုတော်လှန်ရေးကာလမှာ တရားဥပဒေစိုးမိုးမှုကလည်း အားနည်းနေသေးတဲ့အတွက် အမျိုးသမီးတွေအပေါ် အိမ်တွင်းအကြမ်းဖက်မှုအပါအဝင် တခြားသောအကြမ်းဖက်မှုတွေက ကျူးလွန်သူတွေအတွက် အခွင့်ကောင်းတခုလို ဖြစ်လာတယ်လို့ မော်သဲမာက ဆက်ပြောပါတယ်။
“ကျူးလွန်တဲ့သူတွေက သူတို့စိတ်တိုင်းကျ ကျူးလွန်နေနိုင်တဲ့ ပုံစံမျိုးဖြစ်နေတယ်။ ကျူးလွန်ခဲ့ရင်လည်း သူတို့ကို ဖမ်းဆီးအရေးယူနိုင်တဲ့ အဖွဲ့မရှိဘူးဆိုတဲ့ အယူအဆတွေက သူတို့ရဲ့ အတွေးခေါ်ထဲမှာ ဖြစ်လာနေပြီပေါ့နော” လို့ မော်သဲမာက ပြောပါတယ်။
IEC ရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာနမှာ အမျိုးသမီးတွေကို ကာကွယ်ပေးမယ့် ဥပဒေ တရပ် ထွက်ပေါ်လာဖို့ ကြိုးစားနေတာရှိသလို၊ ခေတ်အဆက်ဆက် အမျိုးသမီးတွေဟာ ခွဲခြားဆက်ဆံ ခံရတာကြောင့် ဒီလိုခွဲခြားဆက်ဆံခံရတာတွေပပျောက်အောင် ဝိုင်းဝန်းတွန်းလှန်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
မူလွန်းကတော့ သူမရဲ့ဇာတိရွာမှာ အိမ်ထောင်ပြုပြီး အမျိုးသမီးနီးပါးတိုင်း မတူညီတဲ့အကြမ်းဖက် ခံရမှုတွေနဲ့ ရင်ဆိုင်နေကြရတာကြောင့် ကျား/မတန်းတူညီမျှမှုနဲ့ ပတ်သက်ပြီး အသိပညာပေး ပြုလုပ်တဲ့အခါမှာ အမျိုးသမီးသီးသန့် မဟုတ်ဘဲ အမျိုးသားတွေကိုလည်း ပညာပေးတဲ့ အစီအစဉ်တွေ လုပ်သင့်တယ်လို့ ဆိုပါတယ်။
မူလွန်းလိုဘဲ အိမ်တွင်းအကြမ်းဖက်ခံနေရတဲ့ အိမ်ထောင်သည်အမျိုးသမီးတွေ၊ ဖခင်ဆီက အကြမ်းဖက်ခံရတဲ့ ကလေးငယ်တွေ ကရင်နီမှာ များစွာရှိနေနိုင်ပါသေးတယ်။ သူမကိုယ်တိုင် အိမ်တွင်းအကြမ်းဖက်ခံရတဲ့ မူလွန်းကတော့ မျိုးစုံသောအကြမ်းဖက်ခံရမှုတွေ ထပ်မံကြုံလာခဲ့မယ်ဆိုရင် တိုင်ကြားဖို့ အဆင်သင့် ဖြစ်နေပါပြီ။
ဒါတွေအပြင် သူမလို အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကိုလည်း မရှက်မကြောက်ဘဲ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်တိုင်ကြားဖို့ တိုက်တွန်းသွားပါသေးတယ်။
မူလွန်းကတော့ “မိသားစုရဲ့နွေးထွေးမှု အဲ့လိုမျိုးက မရလိုက်ဘူးပေါ့နော်” လို့ သားနဲ့သမီးကို မွေးဖွားနိုင်ခဲ့ပေမဲ့ အိမ်ထောင်သက်တမ်း ၄ နှစ်အတွင်း သူမရဲ့ အိမ်ထောင်သည်ဘဝကို ဝမ်းနည်းစွာဘဲ ဖွင့်ပြောလာခဲ့ပါတယ်။