ကေအဲန်ပီပီ လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ခူးညေးရယ်နှင့် တွေ့ဆုံခြင်း

စူးမယ်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အစိုးရတို့အကြား ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး သေဘောတူ စာချုပ် ချုပ်ဆိုသည့် အချိန်မှာ ယခုဆိုလျှင် ၅ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ ၅ နှစ်တာအတွင်း သဘောတူညီထားကြသည့် အချက်အလက်များနှင့် မြေပြင်တွင်ကြုံတွေ့နေရသည့် အခြေအနေမေးမြန်ထားချက်တွေကို ကောက်နုတ်တင်ပြပေးလိုက်ပါတယ်။

မေး။ ပြည်နယ်အဆင့် ကေအဲန်ပီပီနဲ့ အစိုးရတို့ အပစ်ခတ်ရပ်စဲရေးယူထားတာ ဒီလမှာဆိုရင် ၅ နှစ်ပြည့်ပြီပေါ့နော်။ ၅ နှစ်တာအတွင်းမှာ ဘာတွေ တိုးတက်ပြောင်းလဲလာပြီလဲ။
ဖြေ။ ကျနော်တို့ အပစ်ခတ်ရပ်စဲရေးလုပ်တာကတော့ ၂၀၁၂ ခုနှစ်၊ မတ်လ၊ ရဆိုတော့ ဒီ ၂၀၁ရ မတ်လထဲက ၅ နှစ်ပြည့်ပြီပေါ့။ အမှန်ကတော့ ကျနော်တို့ တောင်းဆိုထားတာက အချက် ၂ဝ ပေ့ါ။ အချက် ၂ဝ ဆိုတဲ့အထဲမှာက ကျနော်တို့ ပြည်ထောင်စုအဆင့် ပထမ တစ်ကြိမ်ဆွေးနွေးပွဲမှာ အချက် ၁၄ ချက်တော့ စစ်ဖက်ဆိုင်ရာတွေနဲ့ လွှဲလု့ိပေါ့။ ၁၄ ချက်က သဘောတူခဲ့တယ်။ ဒါပေမယ့် စစ်ဖက်ဆိုင်ရာ အချက် ၆ ချက်ကတော့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့်မှာ တံခါးပိတ်ဆွေးနွေးခဲ့တာလည်း ရှိတယ်ပေါ့။ ဒကစမှူးတွေလည်း ပါတယ်။ တောင်းဆိုချက်ထဲမှာကတော့ အဓိက အရေးကြီးတာက တောင်းဆိုတာက တပ်မ ၅၅ ပြန်ရုပ်သိမ်းပေးဖို့ပေါ့။ သူက ဧည့်သည်တပ်ပေါ့။ လက်ရှိ ဒီမှာ ဒကစ တပ်တွေပဲ ရှိပေါ့။ ဧည့်သည်တပ်တွေ ပြန်ရုပ်သိမ်းဖု့ိ ကျနော်တို့ တောင်းဆိုထားတာ ရှိပါတယ်။ နောက်ပြီးတော့မှ ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ တပ်တွေပေါ့။ ဥပမာ မလိုအပ်ပဲနဲ့ ရွာဘေးတွေမှာ စခန်းတွေ ချထားတယ်။ လူထုတွေ သွားလာရင် သားပျိုး သမီးပျိုတွေ ရှိရင်လည်း စိတ်မချမ်းမသာ ဖြစ်တယ် စိုးရိမ်မကင်းဖြစ်တယ်။ တောင်ယာသွားတာတို့ ထင်းသွားခုတ်တာတို့အတွက် အဲဒီလိုမျိုးတပ်စခန်းတွေကို ရုပ်သိမ်းပေးဖု့ိ တောင်းဆိုထားတာ ရှိပါတယ်။ ပြီးလို့ရှိရင် ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်မှာဆိုရင် တပ်မ ၅၅တော့ ပြန်ရုပ်ပေးတယ်။ တပ်မ ၅၅ ပြန်ရုပ်ပေးတယ်ဆိုတာက ကျနော်တို့ တောင်းဆိုထားလို့ ရုပ်ပေးတာလား ဒါမှမဟုတ် သူတို့ မြောက်ပိုင်းမှာ စစ်အင်အားလိုလို့ ပြန်သွားတာလား မသိဘူးပေါ့။ နောက်ပိုင်း ကျနော်တို့ သိရတာက တပ်မ ၅၅က မြောက်ပိုင်း စစ်ဆင်ရေးဂွင်မှာ သူတို့သွားပြီးတော့ စစ်တိုက်နေရတယ်ပေါ့။

ဖွံ့ဖြိုးရေး
အခုက ကျနော်တို့ ပြန်သုံးသပ်ကြည့်တဲ့အခါ အဲ့ဒီသဘောတူညီချက်ကို အရင်အစိုးရကတည်းက တစ်ချို့က အကောင်အထည်ဖော်တာအားနည်း တယ်လို့ ကျနော်က သုံးသပ်ရတယ် ဥပမာ- ရှားတောနဲ့ ရွာသစ်လမ်း သူဖောက်ဖို့ကိစ္စက သူတို့ရဲ့ ရည်ရွယ်ချက်က ကောင်းပါတယ်။ ဥပမာ- ကယားပြည်နယ် က ဝလုံးလိုမျိုး လမ်းတွေဖောက်မယ်ပေါ့။ ပတ်လည်သွားလို့ရတာပေါ့။ သွားချင်ရင် ရှားတောကနေသွားလို့ရတာပေါ့။ အခုက ရှားတောကလူက ရွာသစ်သွားမယ်ဆို့ ဘောလခဲဘက်ဖြတ်ရတယ်ပေါ့။ အဲ့လိုပဲ ဘောလခဲကလူလည်း ရှားတောသွားချင်တယ်ဆိုရင် အဲ့လိုဖြစ်တယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့တောင်းဆိုတဲ့အထဲမှာ အဲ့လိုဘတ်ဂျတ်အကြီးမြင့်တဲ့ဟာတွေ က ကျနော်တို့နဲ့ တိုင်ပင်ညိနှိုင်းဖို့ ကျနော်တို့ခွင့်ပြုမှ အဲ့လိုရှိတယ်ပေ့ါနော။ ဆိုတော့ ရှားတောရွာသစ်လမ်းက ကျနော်တို့ အဲ့လိုသဘောတူညီချက်မယူပဲနဲ့ ဘတ်ဂျက်ကျပြီဆိုတဲ့အခါမှ ကျနော်တို့သိရတဲ့အတွက် ကျနော်တို့ သူတို့ကိုကန့်ကွက်တယ်ပေါ့။ ကန့်ကွက်တယ်ဆိုတဲ့အကြောင်းရင်းက ကျနော်တို့အမြင်ကတော့ အဲ့ဒီကြားထဲမှာ ရွာတွေမရှိဘူး။ နောက် ကြားထဲမှာက သဘောက မြေပေါ်မြေအောက်သယံဇာတရှိတယ်။ ရွာမရှိဘဲနဲ့ အဲလိုလမ်းဖောက်သွားမယ်ဆို နောက်ဆက်တွဲက အဲ့ဒီဟာတွေက ပြုန်းတီးသွားမှာကျနော်တို့စိုးရိမ်တဲ့အချက်ကလည်း ပါတယ်။ နောက်ပြီးတော့မှအပစ်ခတ်ရပ်စဲရေးက အစပဲဆိုတော့ မခိုင်မာသေးဘူးလေး။ အခုထိလဲ ကျနော်တို့လက်မှတ်မထိုးသေးပါဘူး။ ဒါပေမဲ့ ကျနော်တို့အမြင်မှာက အဲ့ဒီလမ်းလုပ်တယ်ဆိုရင် စစ်ဘက်အမြင်နဲ့ကြည့်မယ်ဆိုရင် စစ်တပ်အတွက် အချက်အချာကျတဲ့ လမ်းတစ်ခုမျိုး ဖြစ်လာမှာ ကျနော်တို့စိုးရိမ်တယ်။ အမှန်တစ်ကယ်ကတော့ ကျနော်တို့က ဖွံ့ဖြိုးရေးလိုချင်ပါတယ်။ ခုဏကပြောတဲ့ ရည်ရွယ်ချက်အတိုင်း ကျနော်တို့လိုလားပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအခြေအနေပေါ်မှာ မူတည် သေးတယ်လို့ ကျနော်တို့က နိုင်ငံရေးအခြေအနေကိုကြည့်ပြီးမှ ကျနော်တို့ကန့်ကွက်တာမျိုးရှိတယ်ပေါ့။ ဆိုတော့ အဲ့လိုပါပဲ တစ်ခြားနေရာမှာလည်း အနောက်ဘက်ခြမ်းဖရူဆိုဘက်မှာလည်း အဲ့လို ဖွံ့ဖြိုးရေးကိစ္စတွေက ကျနော်တို့ကန့်ကွက်ထားတာမျိုးလည်းရှိတယ်ပေါ့။ အမှန်က ခုဏက ဖရူဆို ဘက်မှာသွားလုပ်တဲ့ ဟာကလည်း သူတို့ရှားတောနဲ့ ရွာသစ်လမ်းကို သူတို့ဖောက်ဖို့ ကျလာတဲ့ ဘတ်ဂျက်က ခေါင်းစဉ်ပြောင်းပြီးမှ ဖရူဆိုအနောက်ဖက်ခြမ်းမှာ ပြန်လုပ်တယ်ပေါ့။ အဲဒါလည်း တခါ ကျနော်တို့ ကန့်ကွက်သေးတယ်။ နောက်ပိုင်းတော့ ကျနော်တို့ အစိုးရခေါင်းစဉ်တွေနဲ့ ဆွေးနွေးပြီးတော့မှ ကျနော်တို့ ပြန်လည် ခွင့်ပြုခဲ့ပါတယ်။ ဆိုတော့ အခြေအနေတစ်ခုလုံးကို ခြုံပြီးတော့ သုံးသပ်ရမယ်ဆိုရင်တော့ ပြည်သူလူထုက လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်လာနိုင်တာ တစ်ခုပဲလို့ ကျနော်မြင်တယ်။

အစိုးရသစ်
အခုက အစိုးရသစ်လည်း တက်လာပြီ။ အစိုးရသစ်ကလည်း သိတဲ့အတိုင်းပဲပေါ့ လူသစ်တွေ အတွေ့အကြုံနည်းသေးတယ်ဆိုတော့ လက်ရှိအခြေအနေကတော့ ကျနော်တို့ သိသိသာသာ ပြောင်းလဲတာတော့ မရှိသေးဘူး။ လက်ရှိအစိုးရသစ်အနေနဲ့က ဥပဒေစိုးမိုးရေးထဲမှာ ကျနော်တစ်ခုပြောပြချင်တာက လူထုတွေ လုပ်ကိုင်စားသောက်တဲ့မြေတွေကို ကျူးကျော်လို့ သတ်မှတ်တဲ့ ကိစ္စပေါ့။ ကျနော် ဆိုလိုချင်တာ အပစ်ခတ်ရပ်စဲရေးမတိုင်ခင် ဝန်ထမ်းတွေက သူတို့ တောထဲမှာ ကွင်းဆင်းနိုင်မှု မရှိဘူးပေါ့။ သူတို့ စိုးရိမ်တာလည်း ဖြစ်မှာပေါ့။ သူတို့ ကွင်းဆင်းနိုင်မှု မရှိတော့ သူတို့က မြေပုံမှာပဲ ကြည့်ပြီးတော့မှ ကန့်သတ် ဧရိယာ သစ်တောဧရိယာ မြေအမျိုးအစားတွေကို မြေပုံပေါ်မှာပဲ သတ်မှတ်တဲ့ခါကျတော့ အခု အပစ်ခတ်ရပ်စဲရေး လုပ်ပြီတဲ့နောက်ပိုင်းမှာ ကွင်းဆင်းနိုင်ပြီပေါ့။ ကွင်းဆင်းတော့ လူထုက လုပ်ကိုင်စားသောက်တာ အထူးသဖြင့် တောင်ယာကိုပေါ့ လေးငါးဆယ်နှစ် နှစ်နှစ်ဆယ်ကျော် လုပ်ကိုင်စားသောက်လာတဲ့ဟာကို အစိုးရက နှုတ်သိစာကို ပေးတယ်။ သဘောက ဘယ်နှစ်ရက်နေ့ ထွက်ပါ။ မထွက်ရင် သစ်တော ဥပဒေအရ အရေးယူမယ်ဆိုတော့ လူထုတွေက အခက်အခဲကြုံရတာပေါ့။ အခုက အခြေအနေလည်း ပြောင်းလဲလာပြီဆိုတော့ အေးအေးဆေးဆေးနဲ့ အေးအေးချမ်းချမ်း လုပ်ကိုင်လို့ရတဲ့အချိန်မှာ ဥပဒေနဲ့ ပြောတဲ့အခါကျတော့ လူထုနစ်နာဆုံးရှုံးမှာပဲ ကျနော်ကတော့ အဲလိုမြင်တယ်။ ဒီမှာလည်း လူထုတွေက လာတိုင်ပါတယ်။ ကျနော်တို့လည်း လက်မှတ်မထိုးသေးတဲ့ခါကျတော့ မတရားအသင်းပဲ ဖြစ်နေသေးတဲ့ခါကျတော့ ဥပဒေလမ်းကြောင်းအတိုင်းနဲ့ သွားမယ်ဆိုရင် ကျနော်တို့က ပါဝင်လို့ မရဘူးပေါ့။ ဆိုတော့ အကြံပြုတာလောက်ပဲ လူထုကို ကျနော်တို့ လုပ်ပါတယ်။ ရှင်းပြပါတယ်။ တခါတလေလည်း အရင်တုန်းကဆိုရင်ကျနေ်ာတို့ တင်ပြပေးပါတယ်။ ဥပမာ ဆိုလျားကူးကိစ္စတို့ ဒေါဆိုရှေ့ကိစ္စတို့ဆို ကျနော်တို့စာတင်ပေးတယ်။ ဒါပေမဲ့ အဲဒီ ပြဿနာက အခုချိန်ထိရှိနေသေးတယ်လို့ ကျနော်ကတော့ အဲလိုမြင်တယ် မြေယာပြဿနာကတော့။

မေး။ ဆရာတို့နဲ့ ပြည်နယ်အစိုးရတို့ ဆက်ဆံရေးဘယ်လိုရှိလဲ။
ဖြေ။ တွေ့ပါတယ်။ တစ်ခုတော့ ရှိတယ်။ အရင်အစိုးရနဲ့ဆိုရင်ကျနော်တို့က ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းတို့ ဦးစိုးသိန်းတို့ ဦးသန်းဌေးတို့နဲ့ဆိုရင် ကျနော်တို့ ရင်းရင်းနှီးနှီး နေပြည်တော်သွားရင်လည်း သူတို့ရှိတဲ့နေရာ သူတို့ရုံးကို လွတ်လွတ်လပ်လပ် သွားလာလို့ရတာပေါ့။ အစိုးရသစ် တက်လာတဲ့အခါမှာ အစိုးရသစ်နဲ့ ကျနော်တို့ တွေ့ဆုံမှုက လုပ်ငန်းကိစ္စ နဲ့ အထူးသဖြင့် အပစ်ခတ်ရပ်စဲရေး ကိစ္စတွေ ကျနော်တို့ ဆွေးနွေးဖို့က ကျနော်တို့ Channel တစ်ခု ပျောက်သွားသလိုမျိုး ဖြစ်နေတယ်။ ပျောက်သွားတဲ့အခါကျတော့ ကျနော်တို့ အစိုးရကို ပြန်တင်ပြပါတယ်။ အဲဒီလက်ရှိ အစိုးရနဲ့ပေါ့နော်။ ဘာဖြစ်လို့လဲဆိုရင် ပြည်ထောင်စု အစိုးရနဲ့ ဘယ်သူ့ကို တွေ့ရမလဲ ဘယ်ပုဂ္ဂိုလ်နဲ့ တွေ့ရမလဲဆိုတာ လိုင်းတစ်ခု ပျောက်နေတယ်ပေါ့။ အစိုးရအပြောင်းအလဲလုပ်တဲ့မှာ အရင်အစိုးရက ပါတဲ့လူတွေကလည်း မပါလာတော့ဘူး။ မပါလာတဲ့အခါကျတော့ ကျနော်တို့ တွေ့ဆုံဖို့ အခက်အခဲဖြစ်သွားတာကို ကျနော်တို့ ပြည်နယ်အစိုးရကိုလည်း တင်ပြခဲ့ပါတယ်။ သူတို့လည်း အဲဒီလမ်းကြောင်းပြန်ရောက်အောင် ကူညီဆောင်ရွက်ပေးပါမယ်ဆိုတော့ အခု ကျနော်တို့နဲ့ တွေ့ဆုံမှုက သိပ်မရှိပေမယ့် လက်ရှိအခြေအနေအထိတော့ ဘာမှ ပြဿနာမရှိသေးပါဘူး။

မေး။ လက်ရှိအစိုးရသစ်တက်တာ ၁ နှစ်ပြည့်ပြီပေါ့နော်။ ဘာတွေ တိုးတက်ပြောင်းလဲတာတွေ မြင်နေရလဲ။
ဖြေ။ အခု သူတို့လုပ်နေတာကတော့ တရားဥပဒေစိုးမိုးရေးတွေပေါ့။ သစ်ထုတ်တဲ့ ကိစ္စတွေဆိုရင် သူတို့ ကန့်သတ်လိုက်တယ် သစ်ထုတ်ခွင့်မရတော့ဘူး။ ဒီနှစ်ထဲမှာ သစ်ဟောင်တွေတော့ ထုတ်လို့ရတဲ့ အခြေအနေတော့ ရှိတယ်ပေ့ါ။ အဲဒီဟာလေးတွေ သူတို့လုပ်လာနိုင်တာ မြင်ရတယ်။ နောက်ပြီးတော့ မြို့ပေါ်မှာရှိတဲ့ ဆက်သွယ်ရေး လမ်းပန်းဆက်သွယ်ရေးပေါ့။ အရင်အစိုးရထက်တော့ သိသာ တဖြည်းဖြည်းတော့ ဒါက အစိုးရလုပ်ရမယ့်အလုပ်ပဲလေ။ ဘယ်အစိုးရပဲ တက်တက်ပေါ့ ပြည်နယ်ဖွံ့ဖြိုးရေးဆိုတာ အစိုးရက လုပ်ရမှာပဲလေ။ အခု တစ်ဖြည်းဖြည်း တိုးတက်လာတာက သူတို့ တာဝန်ပဲလို့ ကျနော်ပြောချင်တယ်။ အရင် အစိုးရဟောင်းလည်း သူတို့လုပ်ပါတယ်။ ဒါပေမဲ့ လုပ်ပြီးသားဟာရှိလို ထပ်ပြီး တိုးချဲ့လုပ်တာတွေလည်း ရှိနေပါတယ်။

မေး။ ပြည်နယ်အဆင့် ပထမဆုံးအကြိမ်က အပစ်ခတ်ရပ်စဲရေး ဆွေးနွေးချက် အချက် ၂ဝ ထဲမှာ စစ်တပ်နဲ့ ပါတ်သက်ပြီး အဓိကထားဆွေးနွေးကြတယ်။ အဲဒီမှာ နှစ်ဖက် လှုပ်ရှားမှု အခြေအနေနဲ့ ပါတ်သက်ပြီး ပြောပြပေးပါ။
ဖြေ။ ပြီးခဲ့တဲ့ တစ်လ နှစ်လတုန်းကဆိုရင် သူတို့ ကြိုတင်သတင်းမပေးပဲနဲ့ မော်ချီးကွင်မှာ သူတို့ တစ်ခေါက်နှစ်ခေါက်သွားတယ်။ အသိမပေးပဲနဲ့ အကြောင်းပြတာကတော့ လမ်းသွားကြည့်မယ်တို့ ဆေးသွားကုမယ်တို့ အကြောင်းပြပြီးတော့မှ ကြိုတင်အကြောင်းမကြားဘူးလေ။ ဆိုတော့ အဲဒါကိုကျနော်တို့ ဒကစကိုပဲ ဆက်သွယ်ရတာပေါ့။ ပြီးခဲ့တဲ့ အဲဒီတလောမှာပဲ စစ်ရေးလေ့ကျင့်ရေးကျောင်းက ခရီးထွက်တယ်လေ မိုင်ရှည်ခရီးပေါ့ သူတု့ိသွားတာလည်း ကြိုတင်သတင်းမပေးဘူး။ ကျနော်တို့ သိရမှ ကျနော် ဖုန်းဆက်မှ ဒါက မိုင်ရှည်ခရီးလေ့ကျင့်တာပါ။ တချို့က ရှေ့တန်းကနေပြန်လာတဲ့ တပ်ရင်းတွေဆိုရင် မနားခိုင်းဘူးလေ။ လွိုင်ကော်မြောက်ဖက် ၅၃ဝ တို့ဆို တောထွက်ဆိုတဲ့ အရှေ့ဖက် မိုင် ၃ဝ ထွက်တာမျိုးတွေ ရှိတယ်ပေါ့။ လတ်လတ်လောလောဆို ၂ဝ ရက်နေ့က မွန်းလွဲ ၂ နာရီမှာ ၁၃၅ က ဗိုလ်မှူးဦးဆောင်တဲ့ အင်အား ၁၃ ဦးက မောချီးကွင်မှာရှိတဲ့ ကျနော်တို့ တပ်အခြေပြုတဲ့နေရာနားကို ရောက်လာတယ်။ အဲဒါ ရွာသူကြီးနဲ့ သွားတွေ့တော့ ကျနော်တို့ သက်ဆိုင်ရာ ခရိုင်မှူးတွေက သူတို့နဲ့ သွားတွေ့တယ်။ သတင်းမပို့ပဲ သွားလာတာမျိုးပေါ့။ အဲဒါ ကျနော်က သူတို့ပြန်သွားပြီဆိုတော့ ဒကစကို ကျနော်ဖုန်းမဆက်တော့ဘူး။ ဘာလာလုပ်လဲဆိုတော့ ကလေးတွေကို သကြားလုံးလာကျွေးတယ်။ ကျေးရွာ လူကြီးနဲ့ လာတွေ့ပြီး ပြန်သွားတယ် ပြောတယ်။ အဲဒီလိုမျိုး သတင်းမပေးပဲ သွားလာတော့ ကျနော်တို့က စိုးရိမ်တယ်။
ရှားတောမှာ အရင်တုန်းက ကျနော်တို့ အရင်တုန်းက တောင်းဆိုထားတဲ့ လူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့အချက်နဲ့ သွားကိုက်ညီတယ်ပေါ့။ ဆိုလိုတာက ဘုရားကုန်းမှာက အများပြည်သူတွေ ဘာသာရေးအရ ယုံကြည်မှုအရ ဘုရားဝတ်ပြုချင်တဲ့အခါ ဘုရားကုန်းပေါ်မှာ စစ်တပ်ကြီးနေတော့ သားပျိုသမီးပျိုတွေအတွက် စိုးရိမ်မကင်းဖြစ်တော့ ဘယ်သူမှ မတက်ရဲတော့ဘူး။ အဲဒါ အရင်တုန်းက ကျနော်တို့ တောင်းဆိုထားတဲ့ အချက်ထဲမှာလည်း ပါတော့ အဲဒီမှာ မနေတော့ပဲနဲ့ အနောက်ဖက် တောင်ပေါ်ပေါ့နော် အဲဒီမှာ လမ်းတစ်လမ်းရှိနေတယ်။ ၃၈ မိုင်လောက်မှာ ထင်တယ်။ အဲနားမှာ သူတို့နေမယ်ပြောတယ်။ အဲဒါကို သူတို့ ရှားတော ဆက်ဆံရေးရုံးကနေ တဆင့်ပြောတာပေါ့။ အခု ပြင်ဆင်နေကြပြီထင်တယ်။ သူတို့ ဧပြီလထဲက ပြောင်းရွေ့မယ်။

မေး။ ကေအဲန်ပီပီအနေနဲ့ ဒီ ၅ နှစ်တာ ကာလအတောအတွင်းမှာ လူထုအတွက် ဘာတွေလုပ်ဆောင်ပေးနေပြီလဲ။
ဖြေ။ ကျနော်တို့ ရုပ်ဝတ္တုပစ္စည်းနဲ့တော့ မကူညီနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့မှာလည်း ခုဏပြောသလိုမျိုး နိုင်ငံရေးအခြေအနေက မပြီးမပြတ်သေးတော့ လက်မှတ်မထိုးသေးတော့ လွတ်လွတ်လပ်လပ် လုပ်ကိုင်ရှာဖွေတာမရှိတော့ ကျနော်တို့ ဘဏ္ဍာရေး အကြပ်အတည်းရှိတော့ လူထုအတွက် ကျနော်တို့ လူထုအတွက် ကျနော်တို့ မယ်မယ်ရရ မလုပ်ဆောင်ပေးရဘူး ဒါပေမယ့် လုပ်ပေးနိုင်တာက လူထုကို နိုင်ငံရေးအခြေအနေကို ချပြတာတို့ အသိပညာဗဟုသုတ ပေးတာတွေ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ ဗဟုသုတတွေ အတွေးအခေါ်ပိုင်းမှာတော့ ကျနော်တို့ လက်လှမ်းမှီတလောက် ကျနော်တို့ လုပ်နေတာတော့ ရှိပါတယ်။

မေး။ လုပ်ငန်း လုပ်ဆောင်တာနဲ့ ပါတ်သက်ပြီးတော့ အခြေအနေဘယ်လိုရှိလဲ။
ဖြေ။ ကျနော်တို့ ဘာလုပ်လုပ် အစိုးရကို အသိပေးတာတွေ လုပ်ပါတယ်။

မေး။ ကေအဲန်ပီပီရဲ့ ၅ နှစ်တာ အပစ်ခတ်ရပ်စဲရေးအပြီး အောင်မြင်မှု တစ်ခုပြောပြပါ။
ဖြေ။ အောင်မြင်မှုလို့ ပြောရမလား။ ဒါမှမဟုတ် ကျနော်တို့ လျောက်နေတဲ့ လမ်းကြောင်းက လက်ရှိအခြေအနေအထိ ကျနော်တို့ ပြဿနာ မရှိသေးဘူး။ ခုဏပြောသလို NCA ထဲမှာတော့ ထဲထဲဝင်ဝင် ကျနော်တို့ ပါဝင်ခဲ့တယ်။ ဥပမာ ကိုယ်စားလှယ်တွေ NCA စာချုပ် ချုပ်ရဖို့ NCCT နဲ့ UPWC ပေါ့။ ဆိုတော့ကျနော်တို့ကလည်း ထဲထဲဝင်ဝင် ပါဝင်ခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်း လက်မှတ်ထိုးတဲ့ခါကျတော့ ကျနော်တို့က မထိုးသေးဘူးပေါ့။ မထိုးသေးဘူးဆိုတဲ့ ရည်ရွယ်ချက်က ကျနော်တို့က UNFC အဖွဲ့ဝင်ဖြစ်နေတယ်။ အားလုံးပါဝင်ရေးမှု တစ်တိုင်းတစ်ပြည်လုံး အပစ်ခတ်ရပ်စဲရေး စာချုပ် ပြောပေမဲ့လို့ ကျနော်တို့က လက်မှတ် သွားထိုးလိုက်ပြီတော့မှ တချို့အဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေမယ်ဆိုရင် NCA ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်က မပြည့်စုံဘူးပေါ့။ မပြည့်ဝသေးဘူလို့ ပြောလို့ရတာပေါ့။ ဆိုတော့ ကျနော်တို့ လျှောက်နေတဲ့ လမ်းကြောင်းအတိုင်း အကျနော်တို့ ဆက်လျှောက်မယ်။ ပြီးတော့မှ လက်ရှိအခြေအနေအထိ ပြဿနာလည်း မဖြစ်သေးပါဘူးဆိုတဲ့အခါကျတော့ ကျနော်တို့ နှစ်ဖက် ထိန်းထိန်းသိမ်းသိမ်းနဲ့ ဖြစ်နေတဲ့ အခြေအနေကြောင့် ကျနော်တို့ ပြဿနာ မဖြစ်ဘူးလို့ ကျနော် အဲလိုပဲ မြင်တယ်။ နောက်ပြီး ကျနော်တို့ သွားချင်တဲ့ လမ်းကြောင်းကို ကျနော်တို့ သွားနေသေးတယ်။ အဲဒါတစ်ခုကတော့ နိုင်ငံရေးနဲ့ပါတ်သက်ရင် ကျနော်တို့က လက်ရှိအခြေအနေက အဲလိုပဲ ပြောရမှာပေါ့။

မေး။ လူထုတွေကကော ဆရာတို့ဆီကို ဘာတွေ အများဆုံးတင်ပြတောင်းဆိုလာလဲ။
ဖြေ။ လူထုတွေကတော့ အပစ်ခတ်ရပ်စဲရေးကို ထိန်းသိမ်းသွားဖို့ တောင်းဆိုတာရှိတယ်။ ဥပမာ အရင် စောလုံဟော်ခမ်း ရေကာတာ တည်ဆောက်တာနဲ့ပါတ်သက်ပြီး လူထုက ကျနော်တို့ ဆန္ဒလာမေးတယ် ကေအဲန်ပီပီရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိလဲပေါ့။ ကျနော်တု့ိကတော့ လူထုတွေရဲ့ ဆန္ဒပါပဲပေါ့။ လူထုက သဘောတူရင် ကျနော်တို့ကလည်း လက်ခံရမှာပဲ။ လူထု သဘောမတူရင် ကျနော်တို့ကလည်း ကန့်ကွက်ပါတယ်လို့ အဲလိုပြောတော့ လူထုက ကန့်ကွက်တဲ့အချန်မှာ ကုမ္ပဏီကလည်း ရွှေတောင် ကုမ္ပဏီဆိုတာ အရင်တုန်းက စစ်တပ်ကနေထွက်လာတော့ လူထုတွေ စိုးရိမ်တာက ကန့်ကွက်ရင် ကေအဲန်ပီပီက ကန့်ကွက်မှာဖြစ်တော့ တိုက်ပွဲတွေ ပြန်ဖြစ်လာမှာ စိုးရိမ်ကြတယ်။ လူထုတွေက ဘယ်လိုပြောလာလဲဆိုရင် ငြိမ်းချမ်းရေးလည်း မပျက်စေချင်ဘူး။ ရေကာတာလည်း မဆောက်စေချင်ဘူး။ လူထုတွေက သူတို့ဘဝ အာမခံချက်ရှိဖို့ လက်ရှိအခြေအနေအရဆိုရင် ဆက်လက်ထိန်းသိမ်းပေးဖို့ပေါ့။ ငြိမ်းချမ်းရေး ပစ်ခတ်တိုက်ခိုက်မှုမဖြစ်အောင် ထိန်းသိမ်းဖို့ နောက်တစ်ချို့က အခု NCA လက်မှတ်ထိုးမယ်ဆိုတဲ့ ကိစ္စက တချို့က မထိုးစေချင်ဘူး။ ဒါပေမဲ့ မထိုးစေချင်ပေမယ့် သူစိုးရိမ်တာက တိုက်ပွဲပြန်ဖြစ်မှာလည်းစိုးရိမ်တယ်ဆိုတော့ NCAလည်း မထိုးသေးနဲ့ ငြိမ်းချမ်းရေးလည်း မပျက်စေနဲ့ဆိုပြီး တောင်းဆိုတာ ရှိတယ်။
ကေအဲန်ပီပီဟာ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်ရေးစာချုပ်ကို မထိုးသေးတဲ့ အဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်ပါတယ်။

Comments

comments

Next Post

တောင်သူများထံ ပေးအပ်သည့် (ပုံစံ-၇) မြေပြင်နှင့်ကိုက်ညီမှုမရှိမှာစိုးရိမ်

Sat Apr 8 , 2017
စူးမယ် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ (၇)ထုတ်ပေးရာ သက်ဆိုင်ရာဌာနမှ မြေပြင်ကွင်းဆင်းမတိုင်းတာသည့် နယ်မြေဒေသတချို့တွင် မြေပုံလွှဲမှားမှုများ ဖြစ်ပေါ်မည်ကို ဒေသခံများ ကစိုးရိမ်နေကြသည်။ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) ပေးအပ်သည့် မြေဧကများမှာ လူကိုယ်တိုင်ကိုယ်ကျ ယာထဲသို့ သွားရောက် တိုင်းတာခြင်း မဟုတ်ပဲ မြေပုံထဲမှ ကြည့်ပြီး ခန့်မှန်းသည့်အတွက်ကြောင့် မြေပြင်နှင့် ကိုက်ညီမှု မရှိမှာကို စိုးရိမ်ကြသည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးတချို့က ပြောဆိုနေကြသည်။ ထေးစဲကလိုး ကျေးရွာ အုပ်ချုပ်ရေးမှူး ခူးဖဲဘူးက “သူတို့တိုင်းတာက မြေပုံကို ကြည့်ပြီးတိုင်းတာ။ အင်တာနက် မြေပုံကို ကြည့်ပြီးကျနော်တို့ကို ညွန်းခိုင်းတယ်။ ကျနော်တို့ရွာမှာ အဲလိုလုပ်တယ်။သူတို့ အရင်တစ်နှစ်တုန်းက တစ်ခေါက်လာကြည့်သေးတယ်။ မြေပုံကို ချခင်းပြီးတော့ ဒီအကွက်က ဦးဖဲဘူးဟာ […]

ဆက်စပ်သတင်းများ