ကရင်နီပြည်တွင် ၂၀၂၅ ခုနှစ် ၊ဇန်နန်ဝါရီလ ၁ လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးကျော် သေဆုံးပြီး ဒုအရာခံဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၁၀ ဦးဟာ KNDF ထံသို့ ဘက်ပြောင်း ခိုလှုံလာခဲ့တယ်လို့ ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်အတွင်းမှာ ရှိတဲ့ လွိုင်ကော် ၊ ဘောလခဲ ၊ ဖားဆောင်းနှင့် ကရင်နီ-ရှမ်းတောင်နယ်စပ်ရှိ မိုးဗြဲမြို့ ၊ ဆီဆိုင်မြို့နယ်တို့တွင် KNDF တပ်များနှင့် စစ်ကောင်စီတပ်များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့တာပါ။
စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီး ပစ်ခတ်မှုတွေ မကြာခဏပြုလုပ်နေတာကြောင့် စုစုပေါင်းအရပ်သားပြည်သူ (၇) ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်မိခင်တစ်ဦးနှင့် ကလေးငယ် (၃)ဦး အပါအဝင် စုစုပေါင်း အရပ်သားပြည်သူ ၁၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီရက်ပိုင်းတွေမှာတော့ တိုက်ပွဲကြီးကြီးမှားမှားတွေ မရှိပေမယ့် စစ်ကောင်စီဘက်က ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ လာရောက်တိုက်ခိုက်နေတာတွေရှိတယ်လို့ KNDF သတင်းနှင့် ပြန်ကြားရေး တာ၀န်ရှိသူ တာအယ်စိုးက ပြောပါတယ်။
“ဒီရက်တွေမှာ တိုက်ပွဲတွေ ကြီးကြီးမှားမှားမရှိဘူး။ စစ်ရေးတော့ တင်းမာနေတယ်။ နောက်ပြီး စစ်ကောင်စီဘက်က ဒရုန်းတွေနဲ့ လာကြဲတာတွေ လက်နက်ကြီးတွေနဲ့ လာပစ်တာတွေရှိနေတယ်။”လို့ KNDF သတင်းနှင့် ပြန်ကြားရေး တာ၀န်ရှိသူ တာအယ်စိုးက ပြောပါတယ်။
မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂)တပ်ထဲတွင် ရောက်ရှိနေသော စစ်ကောင်စီ၏ စစ်ကြောင်းတွင်ဟာ မိုးဗြဲမြို့အတွင်းကို ဝင်ရောက်နိုင်ဖို့ ကြိုးပမ်းနေတာကြောင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ နေ့စဉ် နီးပါး ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
ထိတွေ့တိုက်ပွဲအတွင်း KNDF ဘက်မှ တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးခဲ့ပါတယ်။
လက်ရှိမှာတော့ မိုးဗြဲမြို့မှာ ထိတွေ့တိုက်ပွဲ့ ပြင်းထန်နေဆဲ ဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။