ကန္တာရဝတီတိုင်း(မ်)
မြန်မာနိုင်ငံတစ်ဝှမ်းမှာ ၂၀၂၄ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု နှစ်ဆ တိုးလာတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ( NUG )၊ လူ့အခွင့်အရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း က ပြောဆိုလိုက်ပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၃ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) ကနေ ပြုလုပ်တဲ့ “လူ့အခွင့်အရေး၊ တရားမျှတမှု နဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ ကြိုးပမ်းဆောင်ရွက်ချက်နဲ့ စိန်ခေါ်မှု” ခေါင်းစဉ်နဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားတာပါ။
သတင်းစာရှင်းလင်းပွဲမှာ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးအောင်ကျော်မိုးရဲ့ ပြောကြားချက်ကို ဦးအောင်မျိုးမင်းက အခုလို ထပ်လောင်း ပြောဆိုထားတာဖြစ်ပါတယ်။
“၂၀၂၃ ခုနှစ်အတွင်းမှာ ဖြစ်ပွားတဲ့ အရေအတွက်နဲ့ ၂၀၂၄ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အရေအတွက်က နှစ်ဆနီးပါး တိုးလာတာကို တွေ့ရပါတယ်။ ဒါတောင်မှ ကျနော်တို့ မြေပြင်ကနေ ကျနော်တို့ကို သတင်းမပေးပို့နိုင်တဲ့ အချက်တွေ ပျောက်ဆုံးသွားတဲ့ တချို့တော့ အချက်တွေလည်း ရှိနိုင်ပါသေးတယ်။ ဒါကိုကျနော်တို့ ဘာပြမလဲဆိုတော့ အကြမ်းဖက် စစ်ကောင်စီတပ်က အခုချိန်မှာ အဖက်ဖက် ယိုယွင်းပျက်စီးနေပြီးတော့ ကျဆုံးနေသည့်တိုင်အောင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်ပြီးတော့ ကျူးလွန်နေတယ်။ “လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။
၂၀၂၃ခုနှစ်အတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအရေအတွက် (၄၃၇၂) မှု ရှိပြီး ၂၀၂၄ ခုနှစ်မှာတော့ (၇၃၉၄) မှုအထိ ရှိလာပါတယ်။ အဲ့ဒီ အမှုထဲက တရားလက်လွတ် သတ်ဖြတ်မှု အများဆုံးဖြစ်ပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်ကတော့ အနည်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ စစ်ကောင်စီကျူးလွန်နေတဲ့ လုပ်ရပ်တွေဟာ သာမန်လူ့အခွင့်အရေး ချိုးဖောက်မှုထက် နိုင်ငံတကာက သတ်မှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တဲ့အဆင့် ဖြစ်တယ်လို့ ဦးအောင်မျိုးမင်းက ဆက်ပြောပါတယ်။
စစ်ကောင်စီ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ တရားလက်လွတ်သတ်ဖြတ်မှု၊ ပစ္စည်းဥစ္စာများ ဖျက်ဆီးခြင်း၊ အတင်းအဓမ္မခိုင်းစေခြင်း၊ မတရား ဖမ်းဆီးခြင်း၊ အတင်းအဓမ္မ နေရပ်မှ ရွှေ့ပြောင်းခိုင်းခြင်း၊ တရားလက်လွတ် ချုပ်နှောင်ထားခြင်း၊ လွတ်လပ်စွာ လှုပ်ရှားသွားလာမှုကို ကန့်သတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ဘာသာရေး အဆောက်အဦးများကို ဖျက်ဆီးခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ခြင်း၊ အစအန ဖျောက်ခြင်း၊ မမျှတသော တရားစီရင်ရေး၊ ဆေးရုံ၊ ဆေးခန်းတွေကို တိုက်ခိုက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ကလေးစစ်သား၊ အလုပ်သမားအခွင့်အရေး၊ လူသားခြင်းစာနာထောက်ထားမှုလုပ်ငန်းတွေကို တိုက်ခိုက်ခြင်း၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှု နဲ့ ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ခွင့် ကန့်သတ်ခြင်း စတဲ့ လုပ်ရပ်တွေကို ချိုးဖောက်နေတယ်လို့ NUG က ဆိုပါတယ်။
စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို ခံနေရတဲ့ ဒေသတွေထဲမှာ ကရင်နီပြည်လည်း အပါအဝင်ဖြစ်ပြီး ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း ကရင်နီပြည်မှာ စစ်ကောင်စီ ကျူးလွန်တဲ့ အမှု ၅၁ ခုရှိတယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနကနေ စုဆောင်းထားတဲ့ စာရင်းအရ သိရပါတယ်။