ကန္တာရဝတီတိုင်း ( မ် )
တိုက်ပွဲ ၊ ပဋိပက္ခဖြစ်ပွားနေတဲ့ ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်တိုက်မှုကြောင့် ၂၀၂၄ခုနှစ် တစ်နှစ်အတွင်း ကလေးငယ်နဲ့ အမျိုးသမီး စုစုပေါင်း ( ၃၅ ) ဦး သေဆုံးမှုရှိခဲ့တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) ရဲ့ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန ရဲ့ စာရင်းအရ သိရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၊ လက်နက်ကြီးပစ်ခတ်မှု နဲ့ မြေမြုပ်မှိုင်းတွေကြောင့် သေဆုံးခဲ့ကြတာဖြစ်ပြီး လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူ ပိုများတယ်လို့ သိရပါတယ်။
“ အမျိုးသမီးထိခိုက်ဒဏ်ရာရတာက ၂၅ ဦး ရှိတယ်။ ပြီးတော့ သေဆုံးတဲ့ အမျိုးသမီးက ၂၀ ဦးပေါ့နော်။ ပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့ ကလေးက ၄၄ ဦးပေါ့နော်။ သေဆုံးတဲ့ကလေးက ၁၅ ဦးဆိုပြီးတော့မှ စာရင်းအရ မှတ်တမ်းတင်ထားတာရှိပါတယ်။” လို့ IEC ၊ အမျိုးသမီးနှင့်ကလေးသူငယ်ရေးရာဌာန၊ ဒု – ဌာနမှူး မော်သဲမာက ဆိုပါတယ်။
အသက် ( ၁၈ ) နှစ်အောက် ကလေးငယ် ( ၁၅ ) ဦး နဲ့ အမျိုးသမီး ( ၂၀ ) ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ မော်သဲမာက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။ သေဆုံးတဲ့ကလေးငယ်တွေထဲမှာ တစ်နှစ်ဝန်းကျင်အရွယ် ကလေးငယ်တွေလည်း ပါဝင်ပါတယ်။

လက်ရှိစာရင်းဟာ လက်လှမ်းမှီသလောက် ပြုစုထားတဲ့ စာရင်းသာဖြစ်ပြီး မြေပြင်မှာသေဆုံးမှုစာရင်း နဲ့ ကွာခြားမှုရှိနိုင်တယ်လို့ ဆိုပါတယ်။
ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) စာရင်းအရဟာ ၃နှစ်အတွင်း အမျိုးသမီးနဲ့ ကလေး စုစုပေါင်း သေဆုံးမှု ( ၅၇ ) ဦးရှိတယ်လို့လည်း ဥက္ကဌ မော်ဖရေမြာက အခုလို ပြောပါတယ်။
“ကျမတို့နားမှာ ၂၀၂၂ ကနေ ၂၀၂၄ ခုနှစ် အထိကို စုစုပေါင်းကတော့ ၅၇ ဦးလောက်ကို ကျမတို့ လက်လှမ်းမီတယ် ဆိုတဲ့ဟာပေါ့နော်။”လို့ မော်ဖရေမြာက ဆိုပါတယ်။
သေဆုံးမှုတွေထဲ အသက် ၃၀ နဲ့ ၄၅ ကြား ပိုများပြီး ကလေးမှာတော့ ၁၅ နှစ်အောက် ပိုများတယ်လို့ သိရပါတယ်။
စစ်ကောင်စီအာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့အထိ ၄နှစ်ဝန်းကျင်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းမှာ သေဆုံးခဲ့ရတဲ့ အရပ်သား (၆,၁၈၀) ဦး ရှိသလို သေဆုံးခဲ့တဲ့ အသက် ( ၁၈ )အောက် ကလေး ( ၇၀၄ ) ဦး နဲ့ အမျိုးသမီး ( ၁၃၇၃ ) ဦး ရှိတယ်လို့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ AAPP စာရင်းအရ သိရပါတယ်။