ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်အတွင်းမှာ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ မှ မတ်လ ၃ လအတွင်း IEC တရားရေးဌာနလက်အောက်၊ ဥပဒေရေးရာ ကြီးကြပ်ရေးမှူးရုံးက စစ်ဆေးခဲ့တဲ့ မုဒိမ်းမှု၊ မုဒိမ်းမှုနဲ့သက်ဆိုင်တဲ့ အမှုပေါင်း ၇ မှုကို အရေးယူဆောင်ရွက်ခဲ့တယ်လို့ ပြည်နယ်ဥပဒေအရာရှိ ခွန်းဂျက်စတင်း က ပြောပါတယ်။
“အချုပ်အားဖြင့်ပြောမယ်ဆိုလို့ရှိရင် ကျနော်တို့မှာ မုဒိမ်းမှု ခုနှစ်မှုရှိပါတယ်။ လက်ရှိစစ်ဆေးနေဆဲကတော့ နှစ်မှုရှိတယ်။ ကျန်တဲ့ ငါးမှုမှာ တစ်မှုကတော့ ပိတ်သိမ်း၊ လေးမှုကတော့ ပြီးပြတ်ဖြစ်ပါတယ်” လို့ ခွန်းဂျက်စတင်းက ပြောပါတယ်။
အရေးယူဆောင်ရွက်မှု ပြီးပြတ်သွားတဲ့ သုံးမှုကတော့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီအမှုတွေကတော့ ဒီးမော့ဆိုအနောက်ဖက်ခြမ်းက မုဒိမ်းမှု ၊ မယ်စဲ့မြို့နယ်ကမုဒိမ်းမှု၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းက မုဒိမ်းကျင့်ရန်ကြံစည်မှု တို့ ဖြစ်ကြပါတယ်။
ကျန်ရှိတဲ့ တပ်ဖွဲ့ဝင်အချင်းချင်းကြား မုဒိမ်းကျင့်ရန်ကြံစည်မှု တစ်မှုကိုတော့ စစ်ဆေးခဲ့ပေမယ့် သက်ဆိုင်ရာတပ်ဖွဲ့တွေဆီ ပြန်လွှဲအပ်လိုက်တယ်လို့ ဆိုပါတယ်။
ဖရူဆိုအနောက်ဖက်ခြမ်း ဟိုယာကျေးရွာမှာ မုဒိမ်းကျင့်ပြီး သတ်ဖြတ်ရန်ကြံစည်မှု တစ်မှုနဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ မုဒိမ်းကျင့်ရန်ကြံစည်မှု တစ်မှု စုစုပေါင်း နှစ်မှု တို့ကို လက်ရှိစစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ ဖြစ်ပွားခဲ့တဲ့ နောက်ထပ် မုဒိမ်းမှုတစ်မှုကိုတော့ ပြစ်ချက်မတွေ့ရှိတာကြောင့် တရားရုံးက တရားသေလွှတ်ခဲ့ပြီး ကျူးလွန်ခံရသူရဲ့ စိတ်ဆန္ဒသဘောအရ IEC ဖက်က အယူခံဆက်တက်မယ်လို့လည်း ခွန်းဂျက်စတင်းက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ စစ်ပဋိပက္ခအတွင်း တရားဥပဒေစိုးမိုးမှု အားနည်းတာကြောင့် ကရင်နီပြည်မှာ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု အပြင် အိမ်တွင်းအကြမ်းဖက်မှုတွေ များလာတယ်လို့ ဆိုပါတယ်။
“အထူးသဖြင့် စစ်ဘေးရှောင်စခန်းတွေမှာ စီးပွားရေးအချက်အချာကျတဲ့နေရာတွေမှာ လူပေါင်းစုံ ရောနှောနေထိုင်ကြရတော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ဖြစ်နေကြတာပေါ့နော။ အိမ်တွင်းအကြမ်းဖက်မှုကတော့ စစ်ရှောင်စခန်းတိုင်းလိုလိုပါပဲ။” လို့ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ စစ်ဘေးရှောင်နေတဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဖြစ်ပေါ်လာတဲ့အကြမ်းဖက်မှုတွေကိုလည်း အရေးယူဆောင်ရွက်ဖို့ တာဝန်ရှိသူတွေကို တိုင်ကြားဖို့လိုတယ်လို့လည်း အဆိုပါ အမျိုးသမီးက ဆက်ပြောပါတယ်။
၂၀၂၅ ခုနှစ် ဧပြီလ အတွင်းက ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ဖြစ်ပွားခဲ့တဲ့ ကလေးသူငယ်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ အမှု တစ်မှုကို မြို့နယ်တရားရုံးကနေ စစ်ဆေးနေတယ်လို့ သိရပါတယ်။