CJ / ကန္တာရ၀တီတိုင်း (မ်)
၂၅ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကို ကယန်းဒေသတစ်နေရာမှာ ဒီကနေ့ မတ်လ ၁၈ ရက်နေ့ ညနေပိုင်းမှာ ဖွင့်ပွဲအခမ်းအနားနဲ့အတူ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခုလို ကျင်းပပြုလုပ်တဲ့ ၂၅ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကို ရည်ရွယ်ချက် ၅ ချက်နဲ့ ကျင်းပပြုလုပ်တာဖြစ်တယ်လို့ ကယန်းအမျိုးသားနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကျင်းပရေးကော်မတီဝင် ခွန်းမျိုးဦးက ဖွင့်ပွဲအခမ်းအနားမှာ ပြောဆိုသွားပါတယ်။
“ရည်ရွယ်ချက်တွေကတော့ (၁) ကယန်းအမျိုးသား စည်းလုံးညီညွှတ်ရေး၊ (၂) ကယန်းမျိုးနွယ်စု၊ ဆွေမျိုးစု၊ မိသားစုတွေအပြန်အလှန် ချစ်ကြည်ရင်းနှီးလာရေး ၊ (၃) ကယန်းဒေသတွင်း နေထိုင်တဲ့ ညီနောင်တိုင်းရင်းသားများအပြန်အလှန် လေးစားအသိအမှတ်ပြုရေး၊ (၄) ကယန်းဒေသရှိလူငယ်မောင်မယ်များ အကျင့်စာရိတ္တနှင့် စိတ်ဓာတ်မြှင့်တင်ရေး၊ (၅) ကယန်းဒေသရှိ လူငယ်မောင်မယ်များ အပြန်အလှန် ချစ်ကြည်ရင်းနှီးရေး အစရှိတဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ပါတယ်။”လို့ ခွန်းမျိုးဦးက ပြောပါတယ်။
ဘောလုံးပြိုင်ပွဲမှာတော့ ပထမဆု ကျပ်သိန်း ၅၀၊ ဒုတိယဆု ကျပ်သိန်း ၃၀၊ တတိယဆု ကျပ် ၂၅ သိန်း၊ စတုတ္ထဆု ကျပ်သိန်း ၂၀ ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ပါဝင်ယှဥ်ပြိုင်တဲ့ အသင်းအားလုံးကို နှစ်သိမ့်ဆုအနေနဲ့ ကျပ် ၁၀ သိန်းဆီ အသီးသီးချီးမြှင့်သွားမယ်လို့ သူက ဆိုပါတယ်။
အဆိုပါ ဘောလုံးပြိုင်ပွဲမှာ ကယန်းမျိုးနွယ်စုအလိုက် ကိုယ်စားပြုအသင်းတွေအပြင် ဂေဘားနဲ့ ကယောလူမျိုးစုကိုယ်စားပြုအသင်းတွေ အပါအဝင် အသင်း ၁၆ သင်း ပါဝင်ယှဥ်ပြိုင်သွားမယ်လို့ သိရပါတယ်။

ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ကယန်းအမျိုးသားနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ကျင်းပရေးကော်မတီကို နာယက ၅ ဦးနဲ့အတူ အဖွဲ့ဝင် ၄၀ ကျော်နဲ့ ဖွဲ့စည်းထားပြီး လုံခြုံရေး၊ ကျန်းမာရေး၊ အားကစားသမား သွားလာနေထိုင်စားသောက်ရေးအတွက် ဆပ်ကော်မတီအသီးသီးဖွဲ့ စည်းပြီး လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
လာမယ့် ကယန်းအမျိုးသားနေ့ဟာ ၂၅ နှစ်မြောက် ငွေရတုအထိမ်းအမှတ် ငွေစင်ဂျူဗလီဖြစ်တဲ့အတွက် စည်ကားသိုက်မြိုက်စွာ ကျင်းပလိုပေမယ့် နိုင်ငံရေးနဲ့ ခေတ်ကာလအခြေအနေအရ အကောင်းဆုံးကျင်းပဖို့ရန်သာ ဆုံးဖြတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကယန်းမျိုးသားနေ့ကို ၂၀၀၁ ခုနှစ်မှာ စတင်ကျင်းပလာခဲ့တာဖြစ်ပါတယ်။ လာမယ့် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ကယန်းအမျိုးသားနေ့ကိုတော့ ၂၅ ကြိမ်မြောက်အဖြစ် ကယန်းဒေသတစ်နေရာမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။