ကန္တာရဝတီတိုင်း ( မ် )
ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကျရောက်မယ့် (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို တက်ရောက်ဖို့ ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း လွိုင်ကော်မြို့ကို ရောက်ရှိနေတယ်လို့ ဝန်ထမ်းအသိုင်းအဝန်းထံကနေ သိရှိရပါတယ်။
ကယားပြည်နယ်နေ့အထိမ်းအမှတ်အနေနဲ့ အာဏာမသိမ်းခင်ကလို ပြခန်းတွေနဲ့ စည်စည်ကားကား ပြသမှာမဟုတ်ဘဲ အုပ်ချုပ်ရေး နဲ့ စစ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ ဌာနဆိုင်ရာ ၊ အုပ်ချုပ်ရေးမှူးတွေနဲ့သာ အခမ်းအနားကို အကျဉ်းချုံး ပြုလုပ်သွားဖို့ စစ်ကောင်စီက စီစဉ်နေတယ်လို့ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“ပြခန်းတွေတောင် မပါတော့ဘူး။ ဖျော်ဖြေရေး အနေနဲ့ ဘယ်ကမှန်းမသိတဲ့ အဆိုတော်တွေ နဲ့ အဖြစ် သဘော ပေါ့ အပြင်လူတွေကိုတော့ ပေးမဝင်ဘူး။ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ပါမယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပါမယ်။ “လို့ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ လွိုင်ကော်မြို့ကို ဗိုလ်ချုပ်မှူးကြီးစိုးဝင်းရောက်ရှိနေတယ်လို့ သတင်းထွက်ပေါ်နေသလို မြို့တွင်းလုံခြုံရေးတင်းကြပ်တာလည်း ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်နက်ကြီးပစ်ခတ်သံတွေကိုလည်း မြို့တွင်းကနေ ကြားနေရတာကြောင့် တိုက်ပွဲဖြစ်ပွားမှာကိုလည်း မြို့ခံတွေက စိုးရိမ်မှုရှိနေကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကျင်းပပြုလုပ်နေစဉ်မှာ တော်လှန်ရေးတပ်ဖက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ဖြစ်စဉ်ရှိခဲ့ပြီး လူထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။ စစ်ကောင်စီက ကယားပြည်နယ်နေ့အခမ်းအနားကို မြို့တွင်း တိုက်ပွဲဖြစ်ပွားနေပေမယ့်လည်း မဖြစ်မနေ အစဉ်အလာမပြတ် ကျင်းပလေ့ရှိတာကြောင့် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှာကို စိုးရိမ်မှုရှိတယ်လို့ ဝန်ထမ်းနဲ့ ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောပါတယ်။

“တိုးတိုးတိတ်တိတ် လုပ်တာဆိုပေမဲ့ ဒရုန်းတွေ လာကြဲမှာတော့ စိုးရိမ်တယ်။ အခမ်းအနားကို မတက်ခိုင်းတော့လည်းမရတော့ ။ ဘာမှမဖြစ်ပါစေနဲ့ ပဲ ဆုတောင်းရတော့မှာပေါ့။” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့၂၀၂၄ ခုနှစ် လွိုင်ကော်မြို့တွင်းတစ်လေးလုံးစစ်ဆင်ရေးဆင်နွဲနေချိန်မှာလည်း (၇၂) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို ဌာနဆိုင်ရာအသီးသီးနဲ့ စစ်ကောင်စီက တိတ်တဆိတ် ကျင်းပပြုလုပ်ခဲ့ပါတယ်။
လက်ရှိ လွိုင်ကော်မြို့ပေါ် ရပ်ကွက်တချို့မှာ စစ်ဘေးတိမ်းရှောင်ကြတဲ့ ဒေသခံပြည်သူတွေ ပြန်လာနေထိုင်ကြတဲ့သူ များပြားနေတယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ လွိုင်ကော်မြို့တွင်းမှာ စစ်ကောင်စီဌာနဆိုင်ရာကနေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြပြီး ပြည်သူတွေကို ပြန်လာနေထိုင်ဖို့ ပြောဆိုမှုတွေရှိနေပေမယ့် မြို့အနီးအနားမှာ တိုက်ပွဲအချိန်မရွေး ဖြစ်ပွားနိုင်တာကြောင့် လုံခြုံရေးသတိရှိကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း အသိပေးမှုတွေ ရှိပါတယ်။