ငြိမ်းချမ်းရေးဖြစ်စဉ်တွင် နိုင်ငံရေးအင်အားစုများ ယုံကြည်မှုတည်ဆောက်ရန်လိုဟု ဆွီဒင်သံရုံးမှ သံမှူးကြီးပြောကြား

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်အပါအဝင် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးသည် နိုင်ငံရေးအင်အားစုများအကြား ယုံကြည်မှု တည်ဆောက်ရန် လိုအပ်နေသည်ဟု ရန်ကုန်မြို့၊ ဆွီဒင်သံရုံးမှ သံမှူးကြီး Mr. Johan Hallenborg ကန္တာရဝတီတိုင်း(မ်)သို့ အကြံပြုပြောကြားသွားပါသည်။

“ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ရှိရင် တနိုင်ငံလုံးတည်းဆောက်နေတုန်းပဲ။ အချင်းချင်းယုံကြည်မှုမရှိကြပါဘူး။ အဲဒါက ရှေ့တိုးဖို့ကို တော်တော်လေးနောက်နှေးစေတယ်” ဟုရန်ကုန်မြို့၊  ဆွီဒင်သံရုံးမှ သံမှူးကြီး Mr. Johan Hallenborgက ပြောပါသည်။

ရန်ကုန်မြို့၊ ဆွီဒင်သံရုံးမှ သံမှူးကြီး Mr. Johan Hallenborg ကို ကန္တာရဝတီတိုင်း(မ်)မှ လွိုင်ကော်မြို့ Hotel Empire တွင် တွေ့ဆုံ မေးမြန်းနေစဉ် (ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်))

ဆွီဒင်သံရုံးမှ သံမှူးကြီး Mr. Johan Hallenborg သည် ဩဂုတ်လ ၈ ရက်နေ့ တွင် ကယားပြည်နယ်သို့ ရောက်ရှိစဉ် ် ပြောဆိုသွားခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များသည် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုနည်းပါးနေကြခြင်း၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် အစိုးရများကလည်း ယုံကြည်မှုအားနည်းနေကြခြင်းတို့ ကြောင့်ငြိမ်းချမ်းရေးသည် ရှေ့ဆက်ကြရန် ခက်ခဲနေခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုသွားပါသည်။

မြန်မာတနိုင်ငံလုံးတွင် မတူညီသည့် တိုင်းရင်းသားမျိုးစုံနေထိုင်ကြသည့်အတွက် ကယားပြည်နယ်တွင်လည်း လူမျိုးပေါင်းစုံရှိနေသည် ထိုမတူကွဲပြာမှုများကို ပဋိပက္ခမဖြစ်စေရန် ဖြေရှင်းနိုင်မည့် နည်းလမ်းကောင်းများဖြစ်ပေါ်စေရန် အုပ်စုတိုင်း၏ အသံကိုနားထောင်ရန် လိုအပ်သည်ဟု ဆိုပါသည်။

“အချင်းချင်းနားလည်ကြဖို့လွတ်လွတ်လပ်လပ်ပြောဆိုကြဖို့ အမြင်မတူရင်လည်း လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ပြုကြရလိမ့်မယ်။အဲဒါမှ ပဋိပက္ခကိုဖြေရှင်းလို့ရမယ်။” ဟု Mr. Johan Hallenborg ဆက်လက်ပြောကြားသွားသည်။

ရန်ကုန်မြို့၊ ဆွီဒင်သံရုံးမှ သံမှူးကြီး Mr. Johan Hallenborgသည် ကယားပြည်နယ်သို့ ရောက်ရှိစဉ် ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအဖွဲ့များနှင့် တခြားသော အရပ်ဖက်အဖွဲ့အစည်းများကိုလည်း တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။

ငြိမ်းချမ်းရေးမရှိသည့်အတွက် တောင်သူများသည် ဆိုးကျိုးအများဆုံးခံစားနေကြရသည့်အတွက် တောင်သူအရေးနှင့် ငြိမ်းချမ်းရေးအတွက် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့်လည်း ဆက်လက်ပါဝင်နိုင်ခွင့် ရရှိရန်လည်း အထောက်အပံ့များလိုအပ်နေသည်ဟု ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ တူရယ်က ပြောပါသည်။

“ဒီအချိန်မှာ ငြိမ်းချမ်းရေးကို အလိုလားအတောက်တဆုံးက တောင်သူတွေပါ။ တောင်သူတွေမှာ ငြိမ်းချမ်းဖို့အရေးက ဘာပဲဖြစ်ဖြစ် ဆက်လက်ပူးပေါင်းနိုင်ဖို့လိုပါတယ်။” ဟု တူရယ်က ပြောပါသည်။

ယခုကယားပြည်နယ်သို့ လာရောက်ရခြင်းမှာ ၎င်းတို့ပံ့ပိုးကူညီပေးနေသည့်အဖွဲ့အစည်းများ တွေ့ဆုံနိုင်ရန်နှင့် ကယားပြည်နယ်အခြေအနေကို သိရှိစေရန်ရောက်ရှိလာရခြင်းဖြစ်သည်ဟုဆိုပါသည်။

ကယားပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်ဥက္ကဌတို့ကို ပထမဆုံးအကြိမ် လာရောက်တွေ့ဆုံခြင်းဖြစ်သည်ဟုလည်းသိရသည်။

ဆွီဒင်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံအတွင်းတွင် တခြားသော နိုင်ငံတကာလူမှုကူညီရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ငြိမ်းချမ်းရေးကဏ္ဍများ၊ ကျန်းမာရေးကဏ္ဍများ၊ လူ့အခွင့်အရေးကဏ္ဍများ၊ မီဒီယာကဏ္ဍများကို ပံ့ပိုး ပေးနေသည်။ 

Comments

comments

Next Post

အန္တရာယ်ဇုံအဖြစ်သတ်မှတ်ထားသည့် မော်ချီးဒေသတွင် မြေပြိုမှုဖြစ်ပွား

Sat Aug 10 , 2019
ကန္တာရဝတီတိုင်း(မ်) ယခုတစ်ပတ်အတွင်း မိုးများဆက်တိုက်ရွာသွန်းနေမှုကြောင့် ဖားဆောင်းမြို့နယ် မော်ချီးဒေသရှိ အန္တရာယ်ဇုံအဖြစ် သတ်မှတ်ထားသည့်နေရာများတွင် မြေပြိုမှုများဆက်တိုက်ဖြစ်နေသည်ဟု မော်ချီးဒေသမှ ပါပွာကလူ ကရင်လူမှုဖွံ့ဖြိုးတိုးတက်ရေးအမျိုးသမီးအဖွဲ့ ဥက္ကဌ ဒေါ်မားဂရက်စိန်က ပြောပါသည်။ “အရင်ပြီးခဲ့တဲ့ အရင်ရက်ကတည်းက မြေတွေစပြိုနေတာ အခုချိန်အထိပဲ ဆက်တိုက်ကို ပြိုနေတာ။ အဲဒီပြိုတဲ့နေရာက ကျမတို့ အန္တရာယ်ဇုံလို့ သတ်မှတ်ထားတဲ့နေရာထဲက တစ်ခုပါပဲ။” ဟု ဒေါ်မားဂရက်စိန်က ပြောပါသည်။ ယခုမြေပြိုသည့်နေရာမှာ မော်ချီး ၁၃ ကုန်းရွာ၏မြောက်ဘက် ယူကော်ခိုရွာ၏ ခဲသတ္တုကျဉ်းလုပ်ငန်း KV 1 အထက်ဘက် အန္တရာယ်ဇုံတွင် ဖြစ်သည်ဟု ဆိုပါသည်။ ၎င်းနေရာသည် ၂၀၁၅ခုနှစ်တွင် မြေပြိုဖူးသည့်နေရာဖြစ်ပြီး လုပ်ကိုင်ခွင့် ခွင့်ပြုချက်မရသည့်နေရာဖြစ်သည်။ မြေပြိုမှုကြောင့် လက်ရှိတွင် ကျင်းပိုင်ရှင် ၄ ဦး၏ […]