spot_imgspot_imgspot_imgspot_img
Wednesday, January 15, 2025
spot_imgspot_imgspot_imgspot_img

မြို့နှင့် မိုင် ၈ဝ ဝေးသည့် သိုသီးဖို ကျေးရွာအုပ်စုအတွက် ဆေးပေးခန်းလိုအပ်နေ

Author

Date

Category

စူးမယ်

ဖရူဆိုမြို့နှင့် မိုင် ၈ဝ ဝေးသည့် သိုသီးဖိုကျေးရွာအုပ်စုတွင် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးပေခန်းလိုအပ်နေသည်ဟု သိုသီးဖိုရွာမှ ဥက္ကဌ ဦးမောင်ရှေ့က ပြောသည်။

သိုသီးဖို ကျေးရွာအုပ်စုတွင် ဆေးပေးခန်းမရှိသေးသည့်အတွက် တစ်လတစ်ကြိမ် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ၏ နယ်လှည့်ဆေးကုသနေသည့် အဖွဲ့ကိုသာ စောင့်ပြီး ဆေးကုနေရသည်ဟု ဆိုသည်။

ဦးမောင်ရှေ့က “ကျနော်တို့လိုအပ်တာက ဖျားနာလို့ရှိရင် လမ်းလျှောက်သွားရတာက တစ်ခု သွားလာလို့ ဝေးတာ တစ်ခု ကားစီးရင်လည်း ကားခမရှိတာ တစ်ခု အမျိုးမျိုးလိုပါတယ်။ သူတို့သွားနိုင်ရင် နည်းနည်းသက်သာမယ်။ မသွားနိုင်ရင် ဒီလိုပဲ နေတယ်။ ကံကောင်းလို့ရှိရင် နည်နည်း လူဖြစ်တယ်။ ကံမကောင်းလို့ရှိရင် သေရမယ် အဲလိုမျိုးဖြစ်တာပဲ။”ဟု ပြောသည်။

ဒေသခံများအနေနှင့် လူမှု အဖွဲ့အစည်းများမှ ကျေးရွာအခက်အခဲများကို လာရောက်မေးလာလျှင် ဆေးပေးခန်းလိုအပ်ကြောင်းတင်ပြကြသည်ဟု သိရသည်။

သိုသီးဖိုကျေးရွာမှ စောဟေဗလုက “ဒီရွာမှာ အရေးပေါ်ဖြစ်မယ်ဆိုရင် ကားလမ်းလည်းမရှိဘူးဆိုတော့ ထမ်းသွားရတယ်။ ထမ်းသွားပြီးတော့မှ ထီးဘာခေါမှာ သွားတယ်။ အခက်အခဲဖြစ်လို့ရှိရင် ထီးဘာခေါကို အရင်ဆုံးရောက်ရမယ်။ ပြီးမှ တဆင့် ဖရူဆိုကို မရရင် လွိုင်ကော်ကို ပို့တယ်။”ဟု ပြောသည်။

ရွာသားများအနေဖြင့် ပုံမှန်ဖျားနာပါက တစ်လလျှင် တစ်ကြိမ် လာရောက်ဆေးကုသပေးသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ကေအဲန်ပီပီအဖွဲ့မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ကို သာ စောင့်နေကြရသည်ဟု သိုသီးဖိုကျေးရွာအုပ်စု ဒိုးမူခေါကျေးရွာမှ ဥက္ကဌ ကျော်ဖိုးဟဲက ပြောသည်။

ကျော်ဖိုးဟဲ “ရှိစေချင်တယ်။ ဒါပေမယ့် အဆင်မပြေသေးဘူးလေ။ ဘယ်နေရာမှာ ဆောက်မလဲ မသိသေးဘူး။ ဒီ သိုသီးဖိုအုပ်စုခွင်မှာ ဆေးခန်းတစ်လုံး သူ(ကေအဲန်ပီပီ နယ်လှည့်အဖွဲ့)ဆောက်ပေးချင်တယ် ပြောတယ်လေး။ သိုသီးဖိုရွာမှာဆောက်မလား ဒါမှမဟုတ်ရင် ဒိုးမူခေါရွာမှာ ဆောက်မလား မသိသေးဘူးလေး။ တစ်အုပ်စု တစ်အုပ်စုမှာ ဆေးခန်း ပုံမှန်ရှိနေရမယ်လို့ ပြောတယ်။”ဟု ပြောသည်။

သိုသီးဖို ကျေးရွာ အုပ်စုတွင် ရွာပေါင်း ၈ ရွာရှိပြီး ကျေးရွာအုပ်စုအတွင်း ဆေးပေးခန်းရှိသည့်ရွာ တစ်ရွာမှ မရှိသောကြောင့် အရေးပေါ် ဖျားနာလျှင် တစ်နာရီ ခွဲခန့် လမ်းလျှောက်ရသည့် ကေကောမှ အစိုးရ ဆေးပေးခန်းနှင့် ထီးဘာခေါရွာမှ ကေအဲန်ပီပီ ဆေးပေးခန်းသို့ ခြေလျှင်လျှောက်ပြီး သွားကြရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဒေသန္တရနှင့် ပထဝီသွင်ပြင်အရ ဦးစားပေးသတ်မှတ်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဦးစားပေးသတ်မှတ်ခြင်း၊ မြို့နယ်အဆင့် လက်တွေ့စီမံကိန်းများ ရေးဆွဲခြင်း စနစ်များကို တည်ဆောက်ခြင်းကို အမြန်ဆုံးရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါကြောင်း ဒီဇင်ဘာလ ၁၅ ရက်နေ့ နေပြည်တော် Horizon Lake View Hotelတွင် အမျိုးသားကျန်းမာရေးစီမံကိန်း(၂၀၁၇-၂၀၂၁)အသိပေးဖြန့်ဝေခြင်း အခမ်းအနားမှ ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။

spot_img
spot_img
spot_img

Recent posts