နိုင်ထရိုဂျင်မိုးပျံပူဖေါင်း ပေါက်ကွဲ၍ လူ ၅ ဦး ဒဏ်ရာရရှိ

စိုင်းလင်းလင်းဦး
ကယားပြည်နယ် ဖရူဆိုမြို့နယ် မခေါရော်ရှေ့ကျေးရွာအုပ်စု ဒေါပေါ်ကလဲကျေးရွာရှိ ဘုရားကျောင်းဖွင့်ပွဲ အခမ်းအနားအတွက် ဖဲကြိုးဖြတ်လွင့်တင်ရန် အသုံးပြုမည့် နိုင်ထရိုဂျင် မိုးပျံပူဖေါင်း ပေါက်ကွဲခြင်းကြောင့် လူ ၅ ဦး မျက်နှာနှင့် လက်များ၌ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဗရာခါဘုရားကျောင်းဖွင့်ပွဲကျင်းပမည့် မတ်လ ၂၄ ရက်နေ့ မနက် ၉ နာရီခွဲအချိန်က မိုးပျံပူဖေါင်းများကို အလှပြင်ဆင်ရန်လုပ်ဆောင်နေစဉ်အတွင်း ပေါက်ကွဲကာ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ တို့မှ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ပူဖေါင်းများမှာ နေအပူရှိန်ကြောင့် ပေါက်ကွဲမှုဖြစ်ပွားရခြင်းဖြစ်ကြောင်း သုံးသပ်ထားပြီး ပေါက်ကွဲစဉ် မီးခိုးရောင်နှင့် အပြာနုရောင်ကဲ့သို့သော အရောင်များ ထွက်ပေါ်ခဲ့ကြောင်း မျက်မြင်သက်သေများက ဆိုကြသည်။
ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရာ စိုးရိမ်ရသော လူနာနှစ်ဦးက အတွင်းလူနာအဖြင့် ဒီးမော့ဆိုဆေးရုံနှင့် လွိုင်ကော်ပြည်သူ့ဆေးရုံသို့ အသီးသီးကုသမှုခံယူနေသည်။
ဖွင့်ပွဲတွင် အသုံးပြုရန် ပူဖေါင်းများကို လွိုင်ကော်မှ မှာယူခဲ့ပြီး ဖွင့်ပွဲကျင်းပမည့် နေရာသို့ ပလတ်စတစ်အိတ်ဖြင့်အုပ်ကာ ကားဖြင့်သယ်ဆောင်လာခဲ့ကြောင်း သိရသည်။ ထို့နောက် ပူဖေါင်းများကို နေရောင်ကျသော နေရာတွင် ထားရှိခဲ့ကြောင်း သိရသည်။
ပူဖေါင်းကို အလှပြင်ရန် အနီးကပ်ဆုံးရှိနေခဲ့သော ဒေါပေါ်ကလဲကျေးရွာနေ ဦးစောဆူမေးအို (၄၆)နှစ်၏ မျက်နှာနှင့် လက်ပြင်တွင် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ယင်းဒဏ်ရာများမှာ မီးလှောင်ဒဏ်ရာကဲ့သို့ ဖြစ်နေသည်ကို ကန္တာရဝတီတိုင်း(မ်)မှ တွေ့ရှိခဲ့သည်။
ပူဖေါင်း အလုံး ၅ဝ အတွက် ၅၅,၀၀ဝ ကျပ်ပေးဝယ်ခဲ့ကြောင်း“ပွဲကို လှလှပပလုပ်ပါမယ်ဆိုမှ မလှမပဖြစ်သွားပြီ။”ဟု ပေါက်ကွဲစဉ် မျက်မြင်တစ်ဦးဖြစ်သူ ဦးစောဆူမေး၏ ဇနီး ဒေါ်ရေဘက်ကာက ကန္တာရဝတီတိုင်း(မ်)ကို ပြောကြားသည်။
နိုင်ထရိုဂျင်းသုံး ပူဖေါင်းများ ပေါက်ကွဲမှုကို ယခင်က မကြားဖူးခဲ့သော်လည်း ပလတ်စတစ်အိတ်ဖြင့် အုပ်ထားသဖြင့် နေ၏ အပူချိန်ကြောင့် အပူလွန်ကဲကာ ပေါက်ကွဲပြီး မီးလှောင်ကျွမ်းသည့် ပုံစံမျိုးဖြစ်နိုင်ကြောင်း သုံးသပ်ထားကြသည်။
ပူဖေါင်းအတွင်း လေထက်ပေါ့ပါးသော နိုင်ထရိုဂျင်ဓါတ်ငွေ့များ ထည့်သွင်းထားပြီး ယင်းဓါတ်ငွေ့သည် ကိုယ်တိုင်းမီးလှောင်ပြီး မီးလှောင်မှုကိုလည်း အားပေးသည်ဟု သိရသည်။

Comments

comments

Next Post

မယ်စဲ့နယ်စပ်ကုန်သွယ်ရေး ထင်သလောက်ခရီးမပေါက်

Mon Apr 3 , 2017
ထျိုးမြာ ကယား(ကရင်နီ) ပြည်နယ်မယ်စဲ့မြို့နယ်ဘက်မှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းကို ဖွင့်လှစ်လိုက်တာဟာ ငါးလဝန်းကျင်ရှိပါပြီ။ ဒါပေမဲ့ ကြီးမားတဲ့ကုန်သွယ်မှုတွေ လုံလောက်တဲ့အခြေအနေမရှိသေးတာကို တွေ့ရပါတယ်။ ဒါဟာနှစ်ဘက်နားလည်မှုစာချွန်လွှာထိုးလိုက်ရုံနဲ့တော့ ရှင်းလင်းတိကျတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေရှိမနေသေးဘဲ နားလည်မှုအခြေခံ သို့မဟုတ် မြေစမ်းခရမ်းပျိုးအဆင့်နဲ့ သွားမလားဆိုတာမျိုး စဉ်းစားကြကောင်း စဉ်းစားလိမ့်မယ်။ အဆင်သင့်ဖြစ်မှုအဆင့်ကတော့ ခုနေအခါမှာ မတွေ့ရသေးဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တာဝန်ရှိသူတဦးက သုံးသပ်ပြောပြပါတယ်။ ဥပမာဆိုရင် ကုန်သွယ်မှုလမ်းကြောင်းလွယ်ကူအဆင်ပြေမှု၊ ကုန်ကျမှု၊ နှစ်ဘက်လုပ်ငန်းရှင်များရဲ့ အရေအတွက်နဲ့ ကုန်စည်ပစ္စည်းတောင်းဆိုမှု၊ လိုအပ်မှုပမာဏ၊ အမျိုးအစား၊ ဆိုလိုုတာက ဝယ်လိုအား၊ ရောင်းအားအပြင် ဖြည့်ဆည်းပေးမဲ့ ဈေးကွက်အနေအထား၊ နှစ်ဘက်နဲ့အသားကျမဲ့ ကုန်စည်များရဲ့ နှုန်းထားများနဲ့ အခွန်အကောက်နှုန်းထားတွေနဲ့ အခြားသော လိုအပ်မှုတွေလည်း ရှိနေနိုင်ပါသေးတယ်။ ဒါကြောင့် ကြီးမားတဲ့ ကုန်သွယ်မှုအဆင့်မဖြစ်နိုင်သေးဘူးလို့ KNPP […]