spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ၄ ဦးသေဆုံး

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့(ဖေဖော်ဝါရီလ ၁၆ရက်) ည ၈နာရီကျော်အချိန်မှာ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက် အနောက်ဖက်ခြမ်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးသေဆုံးခဲ့တယ်လို့ ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF) က သတင်းထုတ်ပြန်ပါတယ်။

“ဒေါဥခူအနောက်ပိုင်းအစပ်နားမှာ ကင်းချထားတဲ့ ကင်းဝပ်စခန်းကို ကျနော်တို့က ဒါကို စုံစမ်းနေတာ ၂ရက် ၃ရက်လောက်ရှိပြီ။ အဲ့ဒါ တိကျတဲ့အချိန်ရောက်မှ မနေ့က သူတို့ကို ၈နာရီခွဲလောက်မှ ဝင်ပစ်ခဲ့တာ။ ကြာချိန်ကတော့ တစ်နာရီလောက်ကိုကြာတယ်။ တော်တော်လေးကို တိုက်ပွဲက ပြင်းပြင်းထန်ထန်ဖြစ်သွားတာပေါ့။ ကျနော်တို့ သူတို့ကိုဝင်ပစ်တဲ့အနေအထားက ပေ ၁၀၀ လောက်ပဲဝေးတယ်ပေါ့နော။ တော်တော်လေးနီးတယ်။ သူတို့ကင်းပုန်းကိုဝင်ပစ်တော့။ သူတို့ စစ်ကောင်စီတပ်သားတွေ လဲကျပြီး သေဆုံးသွားတာလည်း ကျနော်တို့တွေ့တယ်။” လို့ ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီ ကင်းပုန်းတပ်ကို ကရင်နီ ဒီမိုကရက်တစ်တပ်ဦး(KDF)၊ GZ-21 ၊ Loikaw PDF မဟာမိတ်ညီနောင် မြို့ပြပျောက်ကျားအဖွဲ့က ပြောက်ကျားစနစ်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပူးပေါင်းအဖွဲ့က တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲက ၁ နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က အထိနာတဲ့အတွက် လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“မနေ့ကဆို ဖြစ်သွားတာ တိုက်ပွဲက တော်တော်လေးပြင်းထန်တယ်ပေါ့နော။ သူတို့ကလည်း အထိနာတော့ လက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်တယ်။ ၁၀ချက်မနည်းပစ်တယ်ပေါ့ မနေ့ကဆိုရင်။ ပြည်သူတွေကို ကျနော်တို့ဘာပြောချင်လဲဆိုရင်တော့ ပြည်သူလူထုအနေနဲ့ ကျနော်တို့ကာကွယ်ရေးတပ်ကနေ ထုတ်ပြန်တဲ့သတင်းတွေကို အချိန်နဲ့တစ်ပြေးညီ နားစွင့်ပေးပါ။ သတိထားရှောင်ကျဉ်သင့်တဲ့အရာတွေကို လေးလေးနက်နက် လိုက်ပါဆောင်ရွက်ပေးပါလို့ပဲ ကျနော်တို့ပြောချင်တယ်ပေါ့နော။ အဲ့ဒါလေးပဲ ပြည်သူလူထုကို အကူအညီတောင်းချင်တယ်ပေါ့နော။” လို့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

လွိုင်ကော်မြို့နယ်အတွင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ဘေးရှောင်ပြည်သူလည်း အများအပြားရှိခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

spot_img
spot_img