spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကန်ခုနှစ်ဆင့်အနီးတိုက်ပွဲဖြစ်ပွားခဲ့၊ စစ်ကောင်စီဘက်က တပ်အင်အားတွေထပ်ဖြည့်ထား

Author

Date

Category

ကန္တာရဝတီတိုင်(မ်)

ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းက တနီးလာလဲကျေးရွာ (ကန်ခုနှစ်ဆင့်အနီး) ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ကရင်နီဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားတာတွေရှိပြီး စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရမိတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယမန်နေ့ညမှာလည်း စစ်ကောင်စီအင်အားထပ်မံဖြည့်တင်းတဲ့ စစ်ကား ထပ်မံရောက်ရှိတာတွေ ရှိတယ်လို့ သိရပါတယ်။

“ မနေ့က ကိုးနာရီခွဲလောက်အထိတော့ အဲ့ဖက်က စစ်ကားတွေ ထပ်ဆင်းလာတယ်ပြောတယ်။ စစ်ကားတွေ လွိုင်ကော်ဖက်ကနေ ဆင်းလာတယ်ပြောတယ်။ ဘယ်တပ်ရင်းတွေလဲ မသိသေးဘူး။ ညက ဆင်းလာတယ်။ ကားက ၁၀စီးလောက်ရှိတယ်ပြောတာပဲ။ “ လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။

မတ်လ (၁၈)ရက်နေ့ မှာလည်း ဒီးမော့ဆိုမြို့နယ်၊ တနီးလားလဲကျေးရွာ (ကန်ခုနှစ်ဆင့်) အနီးမှာ ကရင်နီဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ ခမရ(၅၁၃) တို့ တစ်နေကုန်နီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KnMIC)က ဒီကနေ့ သတင်းထုတ်ပြန်တာ ရှိပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဖက် အနည်းဆုံး (၅)ဦးကျဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိပြီး ပူးပေါင်းတပ်ဖွဲ့ဖက် တစ်ဦး မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီးမော့ဆိုအခြေစိုက် စစ်ကောင်စီတပ် ကနေပြီး လက်နက်ကြီး ပစ်ခတ်တာတွေ လည်း ရှိပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၂ရက်နေ့မှာ စစ်ကောင်စီက ဒေါညေးခူကျေးရွာ နေအိမ်တချို့ မီးရှို့တာတွေ ရှိခဲ့ပါတယ်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ မတ်လ ၉ရက်နေ့ကစပြီး စစ်ကောင်စီက စစ်ကြောင်း ၃ကြောင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး ကရင်နီတပ်မတော်KA ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တို့ နဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဒေါတမကြီး၊ ဒေါဆိုဖျကျေးရွာ အနီးတစ်ဝိုက်တောင်ကုန်းတွေမှာ လှုပ်ရှားနေတာတွေရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts