spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

ကပ်ဘေးကြောင့် ပိတ်မိနေတဲ့ အသေးစားအမျိုးသမီး လုပ်ငန်းရှင်တွေရဲ့ဘဝ

Author

Date

Category

ခွန်းကလိုင်းဖရီး


အိမ်ထောင်စုစာရင်းထဲတော့ အိမ်ထောင်သည်အမျိုးသမီးအများစုရဲ့ အလုပ်အကိုင်နေရာမှာ မှီခိုအဖြစ်ပဲ ဖော်ပြထားတာတွေ မြင်တွေ့ဖူးကြမှာပါ။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ မိသားစု စားဝတ်နေရာအတွက် ရှာဖွေရုန်းကန်ရာမှာ အမျိုးသားတွေကြီးပဲတော့ မဟုတ်ပါဘူး။ အမျိုးသမီးတွေလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးပမ်းစွမ်းဆောင်နေကြရပါတယ်။


ဒီလိုအမျိုးသမီးတွေထဲမှာ ကယန်းဒေသက အိမ်ထောင်သည်အမျိုးသမီးတွေဟာလည်း မိသားစုစားဝတ်နေရေး အတွက် ရုန်းကန်လှုပ်ရှားသူတွေ အများအပြားရှိပါတယ်။


နေ့စားအလုပ်တွေမှာ ဝင်ရောက်လုပ်ကိုင်နေကြ သူတွေ ရှိသလို တပိုင်တနိုင် မွေးမြူရေးလုပ်ငန်းတွေနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် လုပ်ကိုင် နေကြသူတွေလည်း ရှိပါတယ်။
မိသားစုဝမ်းရေးအတွက် ရှာဖွေလှုပ်ရှားရာမှာ ခုလို ကပ်ရောဂါကာလမှာတော့ အတော်လေးကို အကျပ်အတည်း တွေ့စေပါတယ်။ ကိုဗစ်လို ကူးစက်ရောဂါကြောင့် အသွားအလာကန့်သန့်မှုတွေလည်း ရှိနေတော့ အလုပ်အကိုင် ရှားပါးမှုတွေ၊ အရောင်းအဝယ်လုပ်ငန်းဈေးကွက် အေးစက်လာတာတွေနဲ့ ဝင်ငွေရလမ်းတွေလည်း ထိခိုက်လာ ကြပါတယ်။


ရှမ်းပြည်နယ်တောင်ပိုင်း၊ အလယ်ကယန်းဒေသက ဆီးဘူးကျေးရွာမှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ စမူဒကလည်း သူများတွေနည်းတူ အခက်အခဲကြုံနေရပါတယ်။

အရက်ချက်ပြီး ဝက်မွေးမြူရေးလုပ်ကိုင်တဲ့ အမျိုးသမီး တစ်ဦးအား မြင်တွေ့ရစဥ်


“ဒီနှစ်ဆို လုံးလုံးကွာခြားသွားတယ်။ ကိုယ်က မချက်ထားလည်း မဟုတ်။ ချက်ထားလည်း ပျက်ကုန်တယ်။ မချက်တော့လည်း တခါတလေ သူများတယောက်တလေလာတော့လည်း အဆင်မပြေခါကျတော့ ကိုယ်က ချက်ထားတယ်၊ ရံထားတယ်။ သူများမလာဘူးဆိုလည်း စားပြစ်တာပဲများတယ်လေ ကလေးတွေ။ နောက်ပြီး စားမကုန်တာ သွန်ထုတ်၊ ပျက်တဲ့ဟာဆို သွန်ထုတ် အဲ့လိုမျိုးပဲ ရှိတာပေါ့။”

အလယ်ကယန်းဒေသက တချို့နေရာတွေမှာတော့ ကိုဗစ်လို ကပ်ရောဂါတစ်ခုပဲ ရင်ဆိုင်ကြုံနေကြရတာ မဟုတ်ပါဘူး။ ဝက်အနာကျတဲ့ ရောဂါလို ကပ်ဘေးဆိုးတွေကိုလည်း ကြုံနေကြရပြန်ပါတယ်။


အဆိုပါဒေသက ကားလမ်းမကြီးဘေးမှာရှိတဲ့ ကျေးရွာတွေထဲက ဝက်ခြံတွေမှာဆိုရင် ဝက်တွေမရှိတော့တဲ့ အခြေအနေထိ ဖြစ်နေပါတယ်။ အရင်လို ဝက်အော်သံတွေတောင် မကြားရတော့ဘူးလို့ ဒေသခံတွေက ပြောနေကြပါတယ်။

အမျိုးသမီးအများစုက ဝက်မွေးမြူရေးကို စုဗူးအဖြစ် သဘောထား လုပ်ကိုင်နေကြတာပါ။ စားသောက် ဆိုင်ဖွင့်ထားတဲ့ စမူဒဆိုရင်လည်း ဆိုင်က ထမင်း၊ ဟင်း အပိုအလျှံတွေကို ဝက်စာအဖြစ် ပြန်လည် အသုံးပြုပါတယ်။ ဒီလို လုပ်ငန်းကို စတင်လုပ်ကိုင်ဖို့အတွက် အရင်းအနှီးတွေကို အစိုးရက ထုတ်ချေးပေးတဲ့ ချေးငွေတွေနဲ့ မတည်နေကြရတာပါ။


“ငါတို့အနေနဲ့ဆိုတော့ ဝက်က ကိုယ့်မိသားစုမှာ တော်တော်လေး အသုံးပြုတာပေါ့နော်။ တခါတလေကျရင် ကိုယ်ကလိုအပ်တယ်၊ ပွဲလမ်းသဘင်တခုခုရှိလည်း ကိုယ်အဲ့မှာလည်း သုံးလိုရတယ်ကော။ ကိုယ်မလိုအပ်ဘူးဆို၊ အိမ်ထဲမှာ သုံးဖို့မလိုဘူးဆို ရောင်းဆိုလည်း အကြွေးတစ်ထောင့်တစ်နေရာမှာ ဆပ်လို့ရတာပေါ့။”


စမူဒအနေနဲ့ ခုလိုစားသောက်ဆိုင်ဖွင့်၊ ဝက်မွေးမြူတဲ့ လုပ်ငန်းလုပ်နိုင်ဖို့အတွက် အစိုးရနဲ့ ပုဂ္ဂိလအဖွဲ့ အစည်းတွေဆီက ချေးငွေ ၁၅ သိန်းလောက်အထိ ချေးယူထားပေမယ့် စားသောက်ဆိုင်က ထင်ထားသလို မရောင်းရတဲ့အပြင် မွေးထားတဲ့ ၃ သိန်းခန့်တန်ကြေးလောက်ရနိုင်တဲ့ အရွယ်ရှိ ဝက်နှစ်ကောင်ကလည်း သေ သွားပါတယ်။


ဒီလိုအမျိုးသမီးတွေက အချိန်တန်ရင် မွေးမြူထားတဲ့ ဝက်တွေကို ထုတ်ရောင်းပြီး ချေးငွေဆပ်ဖို့ မျှော်လင့်ထားကြပေမယ့် ဝက်တွေက အနာကျသေဆုံးသွားလို့ မျှော်လင့်ချက်တွေမဲ့နေကြပါတယ်။


အစိုးရဆီက ချေးငွေထုတ်ယူပြီး အရက်ချက်ဝက်မွေးတဲ့ လုပ်ငန်းကိုလုပ်ကိုင်တဲ့ အလယ်ကယန်းဒေသ ပြင်ဆောင်ကျေးရွာမှာ နေထိုင်တဲ့ စမူရောဇာက” မြစိမ်းရောင်ဟာလေ ၈ သိန်းတော့ ချေးထားတယ်။ နောက်အခုက ဘာနဲ့ ပြန်ဆပ်ရမလဲ မသိတော့ဘူး။ ဝက်မွေးမြူထားတာပေါ့နော်။ ဝက်လည်း သေကုန်ပြီ။ နှစ် တိုင်းဆို ဝက်မွေးမြူထားတာနဲ့ပဲ ပြန်ဆပ်ရတာ။ ဒီနှစ်ဆို ဘာမှ ပြန်ဆပ်စရာမရှိတော့ဘူး။” လို့ ဆိုပါတယ်။


ကိုဗစ်ကာလဖြစ်တာကြောင့် စမူရောဇာရဲ့ အရက်ချက်လုပ်ငန်းဟာလည်း အရောင်းပါးသလို ခုလို မွေးမြူထားတဲ့ ဝက် ၁၂ နှစ်ကောင်ဟာလည်း သေဆုံးသွားတဲ့အတွက် ချေးငွေပြန်ဆပ်နိုင်ဖို့ အခက်အခဲဖြစ်နေတာပါ။


“စိတ်တော့ အဲ့မျိုးမကောင်းဘူးပြောရမှာပေါ့။ အရင်ဆိုသေလည်း တစ်ကောင်၊ နှစ်ကောင်အဲ့မျိုးကျန်တယ်။ အခုက သေလည်း တစ်ကောင်မှ မကျန်တော့ဘူးလေ။ အိပ်လည်း အိပ်တောင်အိပ်မပျော်ဘူး။ အကြွေးပဲ စဉ်းစားနေတယ်။ အကြွေးဘာနဲ့ ပြန်ဆပ်ရမလဲ အဲ့ဒါပဲတွေးတယ်။”


ဒီနှစ်မှာဆို ရာသီဥတုအခြေအနေကြောင့် မစိုက်ပျိုးခဲ့ရတဲ့ လယ်တွေလည်း အများအပြားရှိသလို တချို့စိုက်ထားတဲ့ လယ်စပါးတွေကိုလည်း ကြွက်တွေက ဖျက်စီးပစ်နေလို့ စားဝတ်နေရေးအတွက်ပါ စိုးရိမ်နေရတယ်လို့ သူက ဆိုပါတယ်။


အလားတူ ဆီးဘူးကျေးရွာက ဒေါ်မာတလေးနာကလည်း မိသားစုစားဝတ်နေရေးနဲ့ သားသမီးလေးယောက်ရဲ့ ပညာသင်စားရိတ်အတွက် ရည်ရွယ်ပြီး အစိုးရရဲ့ မြစိမ်းရောင်စီမံကိန်းကနေ ချေးငွေ ၅ သိန်းချေးယူခဲ့ပြီးတော့ အရက်ချက်လုပ်ငန်းနဲ့ ဝက်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ပါတယ်။

“သားသမီးတွေလည်း ပညာရေးထောက်စရာအများကြီးရှိနေခါကျတော့ သူတို့အတွက်လည်း စဉ်းစားပေးတယ်။ အစိုးရငွေချေးထားတဲ့ဟာလည်း ဆပ်ပေးဖို့ စဉ်းစားထားတယ်။ ကလေးတွေကလည်း ပညာသင်ခါကျတော့ တအားကုန်နေတာကောနော်။ အဲ့လို နှစ်ခု စဉ်းစားထားလည်း တစ်ခုမှ ဖြစ်မလာတော့ဘူးပေါ့နော်။”


အခုလို မွေးမြူထားတဲ့ ဝက် ၅ ကောင်စလုံး သေဆုံးသွားတဲ့အတွက် အရက်ချက်တဲ့ လုပ်ငန်းကို ရပ်နားထားလိုက်တယ်လို့ ဆိုပါတယ်။


“စားဝတ်နေရေးအတွက် အခက်အခဲရှိတာပေါ့။ အရေးအကြီးဆုံးက အဲ့ဒါတွေပဲပေါ့နော်။ ကလေးပညာ ရေးခါကျတော့ ခဏလေးနားလို့ရတယ်။ စားဝတ်နေရေးခါကျတော့ ခဏလေးနားလို့မှ မရတာကော။ ရှာနေရတာပဲကို။ အရင်လိုလည်း မစားနိုင်တော့ဘူးပေါ့။ ရှိတာလေးနဲ့ပဲ။ ကြက်ဥ နှစ်လုံးလောက် ရှိလို့ရှိရင် လူခြောက်ယောက်မျှအောင်တော့စားကြတယ်။ အဲ့တစ်ခုပဲပေါ့နော်။”
ပြင်ဆောင်ကျေးရွာက စမူအုန်းကလည်း အရက်ချက်၊ ဝက်မွေးမြူတဲ့ လုပ်ငန်းအတွက် အစိုးရဆီက ချေးငွေ ၈ သိန်းချေယူခဲ့ပါတယ်။


ဝက်အနာကျရောဂါကူးစက်နေပြီလို့ ကြားကြားချင်း မွေးမြူထားတဲ့ ဝက် ၈ ကောင်ကို ရောင်းထုတ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း တစ်ကောင်နှစ်ကောင်လာက်ပဲ အောက်ဈေးနဲ့ ရောင်းလိုက်ရသလို ကိုယ့်ဘာသာကိုယ် ထုစားလိုက်ရတာနဲ့ ရောဂါကြောင့် သေဆုံးသွားတဲ့ ဝက်တွေလည်းရှိတယ်လို့ ဆိုပါတယ်။


“အခုက ဝက်က အကုန်လုံးသေခါကျတော့ အဲ့ဒီချေးငွေကို ဘယ်လို ဆပ်ရမလဲလို့ စဉ်းစားတိုင်းဆိုလို့ ရှိရင်တော့ နည်းလမ်းကတော့ ရှာပါတယ်။ ဒါပေမယ့် ဒီဘက်က အလုပ်အကိုင်အခွင့်အလမ်းက မရှိဘူးလေ။ အဲ့ဒီတော့ တခြားဒေသကို ကိုယ်က အလုပ်ထွက်လုပ်မယ်ဆိုလို့ရှိရင်လည်း ကိုယ်က မိန်းကလေးဆိုတော့ အိုးပစ်အိမ်ပစ်၊ သားသမီးချန်ထားပြီးတော့ သွားအလုပ်ရှာလို့လည်း အဆင်မပြေဘူးကော။”

ဝက်တွေလည်း သေတဲ့အပြင် ကိုဗစ်အကန့်အသတ်တွေကြောင့် ဆန်ဈေးတွေ ထိုးတက်သွားသလို ဝယ်ယူရတာလည်း အခက်အခဲဖြစ်တဲ့အတွက် အရက်ချက်လုပ်ငန်းကလည်း အဆင်မပြေဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့်လည်း ချေးငွေတွေ ပြန်ဆပ်ဖို့ ဘယ်လို နည်းလမ်းရှာရမလဲတောင် မသိတော့တဲ့ အခြေအနေတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။


သူမအနေနဲ့ လက်ရှိမှာ သားသမီးနှစ်ယောက်သာရှိသေးပေမယ့် ဒီလိုအခက်အခဲကြောင့် ကလေးတောင် ဆက်ယူဖို့ မစဉ်းစားရဲတော့ဘူးလို့ ဆိုပါတယ်။ ရေရှည်ဒီလို ဆက်ဖြစ်နေရင် အိမ်ထောင်ရေးကိစ္စတွေမှာပါ သက်ရောက်မှု ရှိလာနိုင်တယ်လို့လည်း ၎င်းက ပြောပါတယ်။


အစိုးရရဲ့ ချေးငွေတွေကို ချေးယူထားကြတဲ့ ဒီလိုအသေးစားလုပ်ငန်းရှင်အမျိုးသမီးတွေက လာမယ့် ၂၀၂၁ ခုနှစ် မတ်လလောက်မှာ ချေးငွေတွေကို ပြန်ဆပ်ရတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာ အစိုးရက အတိုးနှုန်းတချို့ လျော့ချပေးထားတာ ရှိပေမယ့် ကပ်ဘေးကြောင့် အခက်အခဲတွေ ကြုံတွေ့နေရလို့ ချေးငွေတွေ ပြန်ဆပ်နိုင်ဖို့ အမျိုးသမီးတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြရပါတယ်။

spot_img
spot_img

Recent posts