spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးတစ်ပါးရရှိရန် ကယန်းအမျိုးသားနေ့တွင် တောင်းဆို

Author

Date

Category

ကန္တာရဝတီတိုင်းမ်

၂၀၂ဝရွေးကောက်ပွဲတွင် ကယားပြည်နယ်အတွက် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးတစ်ပါး ရရှိနိုင်ရန် (၁၉)ကြိမ်မြောက် ကယန်းအမျိုးသားနေ့၌ ကယန်းအမျိုးသား ညီညွှတ်ရေးဦးဆောင်ကော်မတီ ဥက္ကဌမှ အပိတ်မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားလိုက်သည်။

“အထူးတင်ပြလိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၁၆၁(ဂ)အရ ကျွန်တော်တို့ လက်ရှိကယန်းလူမျိုးများရဲ့ ဥပဒေဟာ ကယားပြည်နယ်မှာ နိုင်ငံတော်ရှိ လူဦးရေစုစုပေါင်းရဲ့ဝ.၁ ရာခိုင်နှုန်းထက် များစွာကျော်လွန်နေပြီဖြစ်ပါသည်။ ဒါကြောင့် ၂၀၂ဝခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီ ကယန်းတိုင်းရင်းသားလူမျိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ရရှိရေးအတွက် လိုအပ်သလိုဆောင်ရွက်ပေးနိုင်ပါရန်၊ ကယန်းလူထုရဲ့ကိုယ်စား ဒီနေရာကနေ အလေးအနက် တိုက်တွန်းနိုးဆော်အပ်ပါတယ်” ဟု ကယန်းအမျိုးသား ညီညွှတ်ရေးဦးဆောင်ကော်မတီ ဥက္ကဌ ခွန်းရှမွေအေးလာက အပိတ်အမှာစကားတွင်  ထည့်သွင်းပြောကြားခဲ့ပါသည်။

လက်ရှိ ကယားပြည်နယ်ရှိ ကယန်းတိုင်းရင်းသားများသည် နိုင်ငံတော်ရှိ လူဦးရေ၏ ဝ.၁ရာခိုင်နှုန်းထက်ပင် ကျော်လွန်နေပြီဖြစ်သောကြောင့် လာမည့် ၂၀၂ဝခုနှစ်တွင် တိုင်းရင်းသားရေးရာဝန်ကြီးတစ်ပါး ရရှိနိုင်ရန် တင်ပြခဲ့ခြင်းဖြစ်သည်။

လက်ရှိ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို မိန့်ခွန်းပြောကြားရာမှာလည်း ၎င်းသည် ကယန်းတိုင်းရင်းသားတစ်ဦးဖြစ်သောကြောင့် ကယန်းတိုင်းရင်းသားများကို ချစ်ကြောင်း၊ ၎င်းတာဝန်ယူသည့် ကာလတွင် စွမ်းသမျှ ကြိုးပမ်းပေးမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ကယန်းတိုင်းရင်းသားဖြစ်တဲ့ ကျွန်တော်ကလည်း ကျွန်တော့်တို့ ကယန်းတိုင်းရင်းသားတွေကို ချစ်ပါတယ်။ ထို့နည်းတူ ကျွန်တော်တို့ ကယန်းတိုင်းရင်းသားတွေအားလုံးကို ကျွန်တော်လေးလေးစားစား ကိုယ့်ရဲ့စာပေယဉ်ကျေးမှု၊ ကိုယ့်ရဲ့ ကယန်းအမျိုးသားရဲ့ ဇာတိသွေး၊ ဇာတိမာန်တွေတက်ကြွဖို့၊ နည်းမှန်လမ်းမှန်နဲ့ တိုးတက်ဖွံ့ဖြိုးဖို့အတွက် ပိုမိုစည်းရုံးအောင်မြင်နိုင်ဖို့အတွက် ကျွန်တော်ဒီတာဝန်ယူရတဲ့အချိန်မှာ ကျွန်တော်တတ်စွမ်းသလောက် ကျွန်တော်အမြဲကြိုးပမ်းပါတယ်။”ဟု ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောကြားခဲ့သည်။

ဆက်လက်ပြီး ခေတ်စနစ်အမျိုးမျိုးကို ဖြတ်သန်းရာတွင် အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်ကြောင်းနှင့် စကာင်္ပူနိုင်ငံကဲ့သို့ ဖြစ်လိုပါက တိုင်းရင်းသားများအားလုံး ညီညွှတ်ရန်လိုကြောင်း ဆက်လက်ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ခေတ်စနစ်အမျိုးမျိုးကို ဖြတ်သန်းတဲ့အခါမှာ ကျွန်တေ်ာတို့ အားနည်းချက် အားသာချက်တွေကို ချိန်ထိုးစေချင်ပါတယ်။ အခု ကျွန်တော်တို့ ကယားပြည်နယ်ကြီးကို စကာင်္ပူလို တည်ဆောက်ချင်တာလား။ ဟုတ်ပြီ စကာင်္ပူလိုနိုင်ငံလို ကျွန်တေ်ာတို့ တည်ဆောက်ချင်တယ်ဆိုရင်  ကျွန်တေ်ာတို့အားလုံးညီညွှတ်ဖို့လိုတယ်။ ကျွန်တော်ကတော့ တတ်နိုင်သလောက် တည်ဆဲမူဝါဒ၊ လုပ်ပိုင်ခွင့်မူဘောင်တွေထဲကနေ ကျွန်တော်ကြိုးပမ်းနေတယ်။”ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့ပါသည်။

ယခင်ကခေတ်ကာလ အခြေအနေအမျိုးမျိုးကြောင့် ကယန်းအမျိုးသားညီလာခံဟု ခေါင်းစဉ်တပ်၍ မရသောကြောင့် ကယန်းစာပေယဉ်ကျေးမှုကော်မတီ ဖွဲ့စည်းရေးဆိုင်ရာ လူထုအစည်းအဝေးဟုသာ ခေါင်းစဉ်တပ်ပြီး လုပ်ဆောင်နေခဲ့ရကြောင်း ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ လွတ်တော်ဥက္ကဌနှင့် ကိုယ်စားလှယ်များ၊  ပြည်နယ်/တိုင်းဒေသ အသီးသီးမှ တိုင်းရင်းသားဝန်ကြီးများ၊ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး နှင့် ကယန်းတိုင်းရင်းသားများ စုံလင်စွာတက်ရောက်ခဲ့ ကြပါသည်။

ကယန်းလူမျိုးများ၏ပထမအကြိမ် ကယန်းအမျိုးသားနေ့ကို ၂၀၀၁ခုနှစ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လတိန်ကျေးရွာတွင် စတင်ကျင်းပခဲ့ကြပြီး ကယန်းဒေသရှိ ကျေးရွာများ၌ နှစ်စဉ်နှစ်တိုင်း ဆက်လက် ကျင်းပနိုင်ခဲ့သည်။

ယခင်နှစ် ၁၈ကြိမ်မြောက်အမျိုးသားနေ့အခမ်းအနားကို မိုးဗြဲမြို့တွင်ကျင်းပခဲ့ပြီး ယခုနှစ် ၁၉ကြိမ်မြောက် ကယန်းအမျိုးသားနေ့အခမ်းအနားကို ဒီးမော့ဆိုမြို့နယ်၊ လွီးကထိကျေးရွာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။

ဆက်လက်ပြီး ၂ဝကြိမ်မြောက် ကယန်းအမျိုးသားနေ့ကို ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

spot_img
spot_img

Recent posts