ကယန်းနှစ်သစ်ကူးနေ့အခမ်းအနားတွေကို အကျဉ်းချုံးကျင်းပ

0
467

ခွန်းကလိုင်းဖရီး

ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ၂၇၆၀ နှစ်ပြည့် ကယန်းနှစ်သစ်ကူးနေ့ကို ကယန်းဒေသတွင်း နေရာအသီးသီးမှာ နှစ်သစ်ကြိုဆိုတဲ့ အခမ်းအနားတွေကို အကျဉ်းချုံးကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ကိုဗစ်ကာလဖြစ်တာကြောင့်လည်း ကယန်းနှစ်သစ်ကူးနေ့ကျင်းပရာမှာ လူဦးရေအကန့်အသတ်နဲ့ပါဝင်ဖို့ စီစဉ်လုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။

အစဉ်အလာမပျက်စေဖို့အတွက်တော့ ပြုလုပ်ခဲ့တယ်လို့ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ထူလွီးဘီလာကျေးရွာမှာ ကယန်းနှစ်သစ်ကူး နေ့ကျင်းပဖို့ စီစဉ်ခဲ့သူ စမူလူစီးယာက ပြောပါတယ်။

“ ကျမတို့ ဒီဇုံ (၃၁) က ၁၅ ရွာရှိတာပေါ့နော်။ ၁၅ ရွာထဲမှာ ကျမတို့ ၂၀၁၆ ကတည်းက စခဲ့တယ်။ အကပြိုင်ပွဲကို နှစ်တိုင်းကျင်းပနိုင်ခဲ့တယ်။ ဒါပေမယ့် ဒီနှစ်ကျမတို့ အကပြိုင်ပွဲကို မလုပ်နိုင်ဘူးပေါ့နော်။ ဒါပေမယ့် ကျမတို့ ဒီရိုးရာအစဉ်အလာဖြစ်တဲ့ ဆန်ပြုတ်ပြိုင်ပွဲကိုတော့ မဖြစ်မနေပေါ့နော် ကျင်းပဖို့ဆိုပြီးမှ လူဦးရေ ကန့်သတ်လိုက် တာပေါ့နော်။ ၃ ဦးပဲ ပါဝင်ယှဉ်ပြိုင်ပေးဖို့ ကန့်သတ်ထားလိုက်တာပေါ့နော်။”

နေရာအသီးသီးမှာ ကျင်းပခဲ့တဲ့ ကယန်းနှစ်သစ်ကူးနေ့မှာ ဘော်လုံးပြိုင်ပွဲ၊ ကယန်းရိုးရာဆန်ပြုတ်ချက်ပြိုင်ပွဲ၊ စပါးထောင်းပြိုင်ပွဲ၊ သက်ငယ်ပျစ်ပြိုင်ပွဲ စတာတွေကို ပြုလုပ်ခဲ့ကြသလို အွန်လိုင်းက ပေးပို့တဲ့ ကျေးရွာအလိုက် ရိုးရာအကပြိုင်ပွဲတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

နှစ်သစ်ကြိုဆိုတဲ့ အခမ်းအနားအစီအစဉ်မှာတော့ ကယန်းအမျိုးအသားအလံအလေးပြုတာတွေ၊ ကယန်းဘုံ အကကို ဝိုင်းဝန်းကကြတာတွေ၊ ကယန်းအဖွဲ့အစည်းအသီးသီက ပေးပို့လာတဲ့ သဝဏ်လွှာတွေကို ဖတ်ကြား တာတွေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကို အနည်းကျဉ်းပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပုံမှန်နှစ်တွေမှာ ကယန်းနှစ်သစ်ကူးနေ့ကို ကျင်းပနိုင်ဖို့အတွက် ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီက ဦးဆောင်ပြုလုပ်လေ့ရှိပေမယ့် ဒီနှစ်တော့ ကိုဗစ်အခြေအနေအရ ၎င်းတို့က ဦးဆောင်တဲ့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။

ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီ အတွင်းရေးမှူး (၂) ခွန်းလွီးစီက “ကျနော်တို့ ဦးဆောင်ပြီး၊ စာပေကနေဦးဆောင်ပြီး လုပ်တာတော့မရှိဘူး။ သူ့ဒေသနဲ့သူ၊ သူ့ရွာနဲ့သူ နိုင်သလောက်ပဲ တနိုင်တပိုင်ပဲ လုပ်သွားကြတာတော့ရှိတယ်။”လို့ ဆိုပါတယ်။

ကယန်းလူမျိုးတွေဟာ မြန်မာနိုင်ငံအတွင်းသို့ ပထမဦးဆုံးဝင်ရောက်လာတဲ့ ပျူ၊ သက်၊ ကမ်းယံ လူမျိုး ၃ မျိုးထဲက ကမ်းယံအနွယ်ဝင် လူမျိုးတစ်မျိုးဖြစ်တယ်လို့ ခံယူထားကြပါတယ်။

ကမ်းယံလူမျိုးတွေ မြန်မာနိုင်ငံအတွင်းသို့ အကုန်အစင်ဝင်ရောက်လာတဲ့ ဘီစီ ၇၃၉ ကို ကယန်းခုနှစ်ရဲ့ အစဖြင့် စတင်ရေတွက်မှတ်သားတာကြောင့် အခုဆိုရင် ကယန်းပြက္ခဒိန်နှစ်က ၂၇၆၀ ခုနှစ်ပြည့်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ မြန်မာပြက္ခဒိန်လ နတ်တော်လဆန်း (၁) ရက်နေ့ကို ကယန်းနှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ထားပါတယ်။

ကယန်းနှစ်သစ်ကူးနေ့ဟာ ကယန်းလူမျိုးတွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်သလို ကယန်းသမိုင်းတွေကို ပြန်လည်ဖော်ထုတ်တဲ့ နေ့လည်း ဖြစ်တယ်လို့ ကယန်းလူငယ် ခွန်းအာပိုလိုက ဆိုပါတယ်။

“ကယန်းနှစ်သစ်ကူးနေ့ဟာ နှစ်ထူးနှစ်မြတ်အားလုံးထဲမှာမှ အရေးကြီးဆုံးနေ့တစ်နေ့လည်းဖြစ်တာပေါ့နော်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ဒီကယန်းယဉ်ကျေးမှုတွေ၊ နောက်တစ်ခုက ကျနော်တို့ သမိုင်းအစဉ်အလာတွေ၊ အဓိကက ကျနော်တို့ ရိုးရာယဉ်ကျေးမှုတွေ ပြန်လည်ဖော်ဆောင်နိုင်ဖို့က ဒီနေ့တစ်နေ့မှာလည်း အများကြီး အကျိုးရှိတာပေါ့နော်။”

ကယန်းတိုင်းရင်းသားတွေဟာ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ နေပြည်တော်ကောင်စီ နယ်မြေတွေမှာ တစ်စုတစ်စုတည်း နေထိုင်ကြပြီးတော့ လူဦးရေ ၃ သိန်းခန့် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။