spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်အတွင်း အထက်တန်းကျောင်းတွေ ၁၈ ကျောင်းသာဖွင့်လှစ်နိုင်သေး

Author

Date

Category

စိုးထိုက်အောင်၊ အန်ထောနီ

အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကိုရိုနာဗိုင်းရပ်(စ်)ကာကွယ်တားဆီးရေးလုပ်ငန်းတွေ သတ်မှတ်ထားတဲ့ A အဆင့် ရှိနေပြီဖြစ်သော်လည်း ကယားပြည်နယ်အတွင်းရှိ အထက်တန်းကျောင်းတွေ ၁၈ ကျောင်းသာဖွင့်လှစ်နိုင်ပါသေးတယ်။

ကျန်ရှိနေသေးတဲ့ကျောင်းတွေက ဒုတိယအကြိမ်စစ်ဆေးမှုမှာ A အဆင့်ရရှိပေမဲ့လည်း ဖွင့်ခွင့်တော့မရသေးဘူးလို့ ကယားပြည်နယ် ပြည်နယ်ပညာရေးမှူး ဦးလူစီယားနိုက ပြောပါတယ်။

၎င်းက “ ကျနော်တို့ပြန်စစ်ပြီးသားရှိပါတယ်အကုန်လုံးတော့ A အဆင့်တော့ပြန်ရပြီ သို့သော် ဒုတိယအကြိမ်ပြန်စစ်တဲ့အခါကျတော့ဖွင့်ခွင့်တော့မရသေးဘူးပေါ့နော်။” လို့ ပြောပါတယ်။

ကယားပြည်နယ်က အထက်တန်းကျောင်းတွေနှင့် အထက်တန်းကျောင်းခွဲ စုစုပေါင်း(၅၆)ကျောင်း ရှိတဲ့အထဲက ၁၈ ကျောင်းသာ ဖွင့်လှစ်နိုင်သေးတာဖြစ်ပါတယ်။

ပထမအကြိမ်ကျောင်းတွေမှာ Covid-19 ရောဂါ ကာကွယ်တားဆီးရေး စီမံဆောင်ရွက်မှုကို စစ်ဆေးစဉ်အချိန်က သတ်မှတ်ထားတဲ့ အဆင့်မရသေးဘဲ B အဆင့်သာရှိနေသေးတာဖြစ်ပါတယ်။

ယခုလိုအပ်ချက်တွေကို ထပ်မံဖြည့်ဆည်းထားပြီဖြစ်ရာ ဇူလိုင်လ ၂၀ ရက်နေ့မှာတော့ အဆင့် (A) ရရှိပြီးကြောင်း သို့သော်လည်း ဇူလိုင်လ ၂၁ ရက်နေ့မှာတော ကျောင်းဖွင့်နေ့ရက်မှာတော့ ကျောင်းဖွင့်လှစ်ခွင့်မရကြသေးတာဖြစ်ပါတယ်။

ဖရူဆိုမြို့နယ်ပညာရေးမှူး ဦးလှဝင်းက “ ဘယ်အပိုင်းတွေလည်းဆိုတော့ ကျတော်တို့အများအားဖြင့်တော့ ဆေးဖျန်းတဲ့အပိုင်းပေါ့ ဥပမာ-ပိုးသတ်ဆေးအပိုင်းကြတော့ ကျနော်တို့ ဆရာ/မတွေနဲ့အကြောင်းနဲ့သိပ်မရင်းနှီးတော့ အဲ့ဒါတွေသိပ်မလုပ်ထားဖြစ်တာပေါ့။ ပိုးသတ်ဆေးအပိုင်းတွေ မပြည့်စုံတာ(ဂ)အပိုင်းမှာပေါ့ အဲ့ဒါတွေလောက်ပဲ Bအဆင့်ပေါ့။ စီစဉ်တော့စီစဉ်ထားတယ် မလုပ်ရသေးတာပဲ အဲ့လိုမျိုး ကနဦးစစ်ဆေးချက်မှာပေါ့ အခုကတော့လိုအပ်တာတွေအကုန်လုံးကျနော်တို့ ကျောင်းအုပ်ကြီးတွေကဖြည့်ဆည်းထားတော့ ၂၀ရက်နေ့မှာသွားစစ်ဆေးတဲ့အခါမှာ ပြည့်ပြည်စုံစုံရှိပါပြီ။” လို့ ပြောပါတယ်။

ကျောင်းတွေမှာ Covid -19 ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး အစီအစဉ်ဆောင်ရွက်မှု အနေအထားဆန်းစစ်ခြင်းတွေကို A/ B/ C အဆင့်သတ်မှတ်ထားပြီး A အဆင့်ကို ရမှသာ ကျောင်းပြန်ဖွင့်ခွင့်ရှိမှာ ဖြစ်ပါတယ်။

သတ်မှတ်ချက်အဆင့်ကိုတော့ ကျောင်းတွေမှာ Covid-19 ရောဂါ ကာကွယ်တားဆီးရေး စီမံဆောင်ရွက်မှု၊ စာသင်ကျောင်းတွေမှာ Covid-19 ရောဂါသံသယလက္ခဏာရှိသူ/ ဖျားနာသူ၊ Covid-19 ရာဂါပိုးရှိသူတွေ့ရှိပါက ဆောင်ရွက်ထားရှိမှု၊ ပိုးသတ်သန့်စင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ထားရှိမှု၊ ရေ ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တကိုယ်ရေသန့်ရှင်းရေး ဆောင်ရွက်ထားမှု ဆိုတဲ့ ခေါင်းစဉ်ကြီး(၄)ခုနဲ့ အမှတ်ပေး စစ်ဆေးခဲ့ကြတာဖြစ်ပါတယ်။

Covid-19 ကာကွယ်တားဆီးရေးအစီအစဉ်ဆောင်ရွက်မှုကို စစ်ဆေးတဲ့အခါ ကျောင်းတွေက Covid-19 ကာကွယ်တားဆီးရေးမှာ ပါဝင်ရမည့် အချက်တစ်ချက်က အဆင့် B ဖြစ်မယ်ဆိုရင် ခြုံငုံသုံးသပ်ချက်မှာ ကျောင်းတစ်ခုလုံးက B ဖြစ်သွားတာဖြစ်တယ်။

ဖရူဆိုမြို့နယ် ထီးပေါ်ဆို အ.ထ.က(ခွဲ)ကျောင်းအုပ်ကြီး ဒေါ်ဒိုမေးနီကာဆန်းက “ ကျမတို့အဆင့် B ကတော့လောလောဆယ် PPE ဝတ်စုံတွေ အဲ့ဒါပါပဲ အဲ့တစ်ခုပါပဲ အခုက ပြည့်စုံသွားပါပြီ။”လို့ ပြောပါတယ်။

အခုလို ကိုရိုနာဗိုင်းရပ်(စ်)ကာကွယ်ရေးလုပ်ငန်းတွေအတွက် ကျောင်းတွေမှာ သီးသန့်ဘတ်ဂျက်ချထားပေးတာမရှိပဲ ကျောင်းကိုနှစ်စဉ် ချပေးထားတဲ့ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေထဲကနေ မျှသုံးနေကြရတာဖြစ်ပါတယ်။

“ကျန်တဲ့ပစ္စည်းကတော့ အားလုံး စုံပါတယ် ကျမတို့အကယ်လို့ဖြည့်ဆည်းပေးမယ်ဆိုရင်တော့ အဲ့ဒီ ပိုးသတ်ဆေးလိုဟာမျိုး အလုံအလောက်ကလေးပေါ့နော် ကျမတို့မှာရှိတဲ့ ဒီ (SIF) ရန်ပုံငွေနဲ့ပတ်သတ်ပြီးတော့ ဒီဥစ္စာကိုပဲ လုပ်ငန်းသုံးမှာ သုံးရတယ်ဆိုတဲ့အတွက်လေ အဲဒါလေးမှာတော့ ငွေကြေးနည်းနည်း အားနည်းသွားပြီဆိုတဲ့အတွက် ပိုးသတ်ဆေးလိုဟာမျိုး၊ PPE ဝတ်စုံလိုဟာမျိုး အရံလေးဖြည့်ဆည်းပေးနိုင်ရင်တော့ကောင်းတာပေါ့နော်။”

လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ရေရှားတဲ့ ကျောင်းတွေမှာတော့ ရေရရှိဖို့ တကိုယ်ရေသန့်ရှင်းရေးအတွက် အခက်အခဲတွေ ရှိနေကြပါတယ်။

အခုလို ကိုရိုနာဗိုင်းရပ်(စ်)ကာကွယ်နေကြရတဲ့အချိန် ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ချိန်မှာ Covid-19 ရောဂါ ကာကွယ်တားဆီးရေး အစီအစဉ်ဆောင်ရွက်မှု အနေအထားဆန်းစစ်ခြင်းတွေကို သက်ဆိုင်ရာအခြေခံပညာရေးဦးစီးဌာနရှိ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းစစ်ဆေးရေးအဖွဲ့တွေ၊ မြို့နယ်ထွေအုပ်၊ ရပ်ကျေးထွေအုပ်၊ မြို့နယ်ကျန်းမာရေး၊ ကျောင်းကော်မတီအဖွဲ့တွေက ကျောင်းတွေမှာ Covid-19 ရောဂါ ကာကွယ်တားဆီးရေးစီမံဆောင်ရွက်မှုတွေကိုပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ရက်နေ့ကနေ ၂၀ရက်နေ့အထိကွင်းဆင်းစစ်ဆေးခဲ့ကြတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts