spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်အပါအဝင် အခြားဒေသများတွင် အကူအညီများတိုက်ရိုက်သွားရောက်ပေးခွင့်ပြုရန် လုံခြုံရေးတပ်ဖွဲ့များအား တောင်းဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ ကယားပြည်နယ်နှင့် အခြားဒေသများတွင် လျင်မြန်စွာဆိုးရွားလာသည့် လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေ အနေများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့ကြီးကစိုးရိမ်လျက်ရှိကြောင်း ယမန်နေ့ (ဇွန်လ ၈ရက်)ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

လုံခြုံရေးတပ်ဖွဲ့များက အရပ်သားများနေထိုင်ရာနေရာများသို့ ခွဲခြားမှုမရှိဘဲသိမ်းကြုံး တိုက်ခိုက်နေခြင်း များအပါအဝင် ကယားပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားလျှက်ရှိသော အကြမ်းဖက်မှုများကြောင့် ခန့်မှန်းခြေအားဖြင့် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်စသည့် လူဦးရေ ၁၀၀,၀၀၀ ခန့် သည် ပြည်တွင်းတွင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည်။

အိုးအိမ်စွန့်ခွာရသူအများစုမှာ ကယားပြည်နယ်နှင့် ယင်းနှင့်ထိစပ်ရာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဘေးကင်းလုံခြုံရာနယ်ခံများနှင့် သစ်တောများထဲတွင် ခိုလှုံနေထိုင်လျက်ရှိကြပါသည်။ ဤအရေးကိစ္စသည် မြန်မာနိုင်ငံ၏ အခြားဒေသများတွင် တွေ့မြင်ရပြီး ဖြစ်သကဲ့သို့ အိုးအိမ်စွန့်ခွာရသူများကို နယ်စပ်ဖြတ်ကျော်ထွက်ပြေးခိုလှုံရသည့် အခြေအနေသို့ တွန်းပို့နိုင်ကြောင်း ဖော်ပြထားသည်။

ပဋိပက္ခတွင် ပါဝင်ပတ်သက်သူအားလုံးအနေဖြင့် အရပ်သားများနှင့် အရပ်သားများနှင့်သက်ဆိုင်သော အခြေခံအဆောက်အဦများ၊ အထူးသဖြင့် ဆေးကုသရာနေရာများနှင့် ဆေးဝန်ထမ်းများ အစရှိသည့် အကာအကွယ်ပေးရမည့်အရာများကို အကာအကွယ်ပေးရန်အတွက် လိုအပ်သော အစီအမံနှင့် ကြိုတင်ကာကွယ်မှုများကို အရေးတကြီး လုပ်ဆောင်ရန်နှင့် တိုက်ခိုက်သူနှင့်အရပ်သားများအကြား ပစ်မှတ်ခွဲခြားခြင်း၊ လိုအပ်မှသာ ပစ်ခတ်ခြင်း၊ အင်အားအလွန်အကျွံအသုံးမပြုခြင်းနှင့် အရပ်သားများကို ကာကွယ်စောင့်ရှောက်ခြင်း အစရှိသည့် အခြေခံမူများကို လိုက်နာရန် ကုလသမဂ္ဂက ထပ်လောင်းတောင်းဆို တိုက်တွန်းထားသည်။

ဖြစ်ပွားနေသော တိုက်ပွဲများကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေးကြရသူများနှင့် တိုက်ပွဲဒဏ်ခံဒေသများတွင် ကျန်ရှိနေသူများသည် စားနပ်ရိက္ခာ၊ ရေ၊ နေစရာ၊ လောင်စာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးပေါ်လိုအပ်လျက်ရှိကြပါသည်။

ဒေသခံများသည် ကူညီတုန့်ပြန်မှုများကို ချက်ချင်းလက်ငင်း လုပ်ဆောင်နိုင်ကြသော်လည်း လိုအပ်ချက်အားလုံး အထူးသဖြင့် ဝေးလံသောနေရာတွင် ရောက်ရှိနေသူများထံသို့ ရောက်ရှိရန် လိုအပ်နေဆဲဖြစ်သည်။

ဒေသခံများ၏ ကူညီဆောင်ရွက်မှုများကို ပံ့ပိုးဖြည့်ဆည်းပေးရန် ကုလသမဂ္ဂနှင့် ယင်း၏မိတ်ဖက် အဖွဲ့အစည်းများတွင် စားနပ်ရိက္ခာ၊ အိုးအိမ်ဆိုင်ရာပစ္စည်းများနှင့် အခြားအခြေခံ ကယ်ဆယ်ရေးပစ္စည်းများအပါအဝင် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ အဆင်သင့်ရှိနေပါသည်။

ဆက်လက်ပေါ်ပေါက်နေသည့် လုံခြုံရေး အခြေအနေ၊ လုံခြုံရေးတပ်ဖွဲ့များက ချမှတ်ထားသည့် အသွားအလာကန့်သတ်ချက်များနှင့် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်မှုမရှိခြင်းများကြောင့် ဤအကူအညီများကိုပေးဝေရန် ကြန့်ကြာလျက် ရှိကြောင်း ထုတ်ပြန်ထားသည်။

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနှင့် သွားရောက်ကူညီသူများကို ဘေးကင်းစွာသွားလာခွင့်ပြုရန် နှင့် ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများအား ကယားပြည်နယ်အပါအဝင် နိုင်ငံအတွင်းရှိ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးတကြီး လိုအပ်နေသူများအားလုံးထံ အကူအညီများတိုက်ရိုက်သွားရောက်ပေးခွင့်ပြုရန် လုံခြုံရေးတပ်ဖွဲ့များအား ကုလသမဂ္ဂအဖွဲ့က တောင်းဆိုလိုက်သည်။

spot_img
spot_img

Recent posts