spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ဥက္ကဌ ဦးထွန်းအေးဟန် နှင့် တွေ့ဆုံခြင်း

Author

Date

Category

စိုးထိုက်အောင်

ကယားပြည်နယ် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ ဦးထွန်းအေးဟန်

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)ပါတီဟာ ကယားပြည်နယ်အတွင်းမှာရှိတဲ့ မယ်ဆန္ဒနယ်အားလုံးမှာလည်း ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိနေပါတယ်။

၎င်းပါတီက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ဥက္ကဌ ဖြစ်ပြီးတော့ ၂၀၁၉ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာစတင်တည်ထောင်ခဲ့တဲ့ပါတီဖြစ်ပါတယ်။ ကယားပြည်နယ်မှာတော့ ၂၀၂၀၊ ဇွန်လ ၁ရက်နေ့မှာ ပါတီဝင် ၁၇ဦးနဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ကယားပြည်နယ်ရဲ့ မယ်ဆန္ဒနယ် (၃၄)နေရာလုံးကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ကယားပြည်နယ်မှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို စတင်တည်ထောင်ရတဲ့ရည်ရွယ်ချက်နဲ့ ပါတီရဲ့ ကတိကဝတ်တွေကို ကယားပြည်နယ် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ ဦးထွန်းအေးဟန်နဲ့ တွေ့စုံမေးမြန်းထားပါတယ်။

မေး။ ။ဆရာတို့ရဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ကယားပြည်နယ်မှာစပြီး တည်ထောင်ရတဲ့ရည်ရွယ်ချက်ကို ပြောပြပေးပါ။

ဖြေ။ ။ကျနော်တို့ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ကယားပြည်နယ်မှာ ဘာဖြစ်လို့ကျနော်တို့ဖွဲ့စည်းပြီးတော့ ကျနော်တို့တာဝန်ယူရတာလည်း ဆိုတဲ့ခါကျတော့ အဓိကအချက်က ကျနော်တို့က နိုင်ငံရေးမူဝါဒအပေါ်မှာ ကျနော်တို့အခြေခံစဉ်းစားပါတယ်ပေါ့နော်။ ကျန်တဲ့အချက်တွေဆိုတဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆိုတာတော့ ဘယ်သူမဆိုလုပ်နိုင်တယ်ပေါ့နော်။ ကျနော်တို့ရဲ့နိုင်ငံရေးယုံကြည်ချက်က ကျနော်တို့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုက ကျနော်တို့ရဲ့နိုင်ငံရေးရည်ရွယ်ချက်ဖြစ်ပါတယ်။ ကျနော်တို့ယုံကြည်ချက်ဖြစ်ပါတယ်။ အဲ့ဒါကလည်းပဲ ဒီပါတီမှာ နိုင်ငံရေးရပ်တည်ချက်၊ နိုင်ငံရေးမူဝါဒတွေတူတဲ့အတွက် ကျနော်တို့က ဒီပါတီကို ကယားပြည်နယ်မှာသယ်ဆောင်လာပြီးတော့ ပြည်နယ်မှာ ရွေးကောက်ပွဲဝင်ဖို့အဆင့်အထိ ကျနော်တို့ကြိုးစားတာဖြစ်ပါတယ်ပေါ့။

မေး။ ။ ဆရာတို့ပါတီရဲ့ မူဝါဒတွေကို ရှင်းပြပေးပါ။

ဖြေ။ ။ကျနော်တို့ကတော့ အဓိက ကတော့ ကျနော်တို့ပါတီရဲ့မူဝါဒတွေကတော့ ကျနော်တို့မှာကဏ္ဍပေါင်းစုံရှိပါတယ်ပေါ့နော်။ ဒါပေမယ့် ဒီကဏ္ဍပေါင်းစုံကတော့ ဘယ်ပါတီမှာမဆို ကဏ္ဍပေါင်းစုံက ပါတယ်ပေါ့နော်။ ပါသင့်ပါထိုက်တဲ့ ပါတီရဲ့မူဝါဒတွေပါတယ်။ ဒါတွေကျနော်စိတ်မဝင်စားဘူး။ ကျနော် အဓိကစိတ်ဝင်စားတာက ကျနော်တို့ကယားပြည်နယ် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွေအပေါ်မှာ ကျနော်တို့ပါတီအနေနဲ့ ဘယ်လိုပူးပေါင်းပါဝင်လို့ရမလဲ နံပတ်(၁)ပေါ့နော်၊ နံပတ်(၂)ကတော့ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးတွေ နှစ်ပေါင်း (၇၀)လောက် ကျနော်တို့ရဲ့ လက်နက်ကိုင်တော်လှန်ရေးတွေရဲ့ အဓိကအချက်ဟာ ကျနော်တို့ယုံကြည်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးဆိုတာကို ယုံကြည်တဲ့အတွက် ကျနော်တို့က အဓိက ဒါကို ကျနော်တို့ကအလေးပေးပြီးတော့ပဲ ကျနော်တို့ စိတ်ဝင်စားပါတယ်ပေါ့နော်။ ကျန်တဲ့အချက်အလက်တွေဆိုတာကတော့ ဘယ်ပါတီမှာပဲဖြစ်ဖြစ် ဒီဟာတွေက အကုန်ရှိပါတယ်ပေါ့နော်။ ပြည်သူတွေရဲ့လိုအပ်ချက်တွေဖြည့်ဆည်းပေးမယ်၊ လုပ်ပေးမယ်ဆိုတာတွေကပေါ့နော်။ နောက်တစ်ချက်က ဘာလဲဆိုရင် ကျနော်တို့ လက်ရှိ ကယားပြည်နယ်မှာဖြစ်နေတဲ့ မြေယာပြသနာတွေပေါ့နော်။ အဲ့ဒီမြေယာပြသနာတွေရဲ့ အဓိကအချက်က ၂၀၁၂လယ်ယာမြေဥပဒေ၊ ၂၀၁၈မြေလွတ်မြေလပ်မြေရိုင်း ဥပဒေတွေဟာ ကျနော်တို့ ဌာနေတိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်း အဆင်အလာတွေနဲ့ မြေယာပိုင်ဆိုင်မှုတွေ၊ မြေယာစီမံခန့်ခွဲမှုတွေနဲ့ ကွဲလွဲနေတာတွေကို ကျနော်တို့ပြုပြင်ခြင်လို့ ကျနော်တို့က ဒီပါတီကို သယ်ဆောင်လာတာဖြစ်တယ်။ ပါတီရဲ့မူဝါဒမှာလည်း ပါတယ်ပေါ့နော်။ နောက်တစ်ခုက ကျနော်တို့ပြည်နယ်မှာ ရာသီ သီးနှံကိုပဲအခြေခံပြီးတော့အသက်မွေးဝမ်းကြောင်းပြုကြတဲ့လူတွေက ၆၅%ရှိတယ်။ အဲ့တော့ အဲ့ဒီရာသီ သီးနှံကိုအခြေခံပြီး အသက်မွေးဝမ်းကြောင်းပြုတဲ့တောင်သူတွေ ချမ်းသာနိုင်တဲ့နည်းလမ်းကို ကျနော်တို့စဉ်းစားတယ်ပေါ့နော်။ အဲ့တော့ကယားပြည်နယ်ရဲ့ စီးပွားရေးအခွင့်အလမ်းတွေကတော့ အများကြီးရှိပါတယ်ပေါ့။ ဥပမာ ခရီးသွားလုပ်ငန်းတွေ၊ ဟော်တယ်လုပ်ငန်းတွေရှိတယ်ပေါ့။ ကျနော်တို့ အခုနပြောတဲ့ ၆၅%ကို သက်ရောက်မှုရှိစေတဲ့ စီးပွားရေးလုပ်ငန်းဟာ သူတို့လုပ်နိုင်တဲ့ သူတို့တတ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းဖြစ်တယ်။ အဲ့တော့ကျနော်တို့က ဒီစိုက်ပျိုးရေးလုပ်ငန်းနဲ့ပတ်သတ်ပြီးတော့ ပြုပြင်ပြောင်းလဲဖို့လိုတယ်ဆိုတာကို ကျနော်တို့ ခံယူထားတယ်။

မေး။ ။ ဆရာတို့ပါတီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆိုတော့ အကယ်လို့ ဒီမှာအနိုင်ရရှိခဲ့မယ်ဆိုရင်ရော ဗဟိုထိန်းချုပ်မှုတွေရေ ရှိလာနိုင်လား၊ ဗဟို နဲ့တိုင်းရင်းသားတွေရဲ့ အရေးကို ရွေးချယ်ရမယ်ရင် ဘယ်လိုလုပ်မှာလဲ။

ဖြေ။ ။ ပြည်ထောင်စုက စုဖွဲ့တဲ့နိုင်ငံရေးပါတီတွေမှာ ဗဟိုချုပ်ကိုင်မှုတွေများတယ် ဆိုတဲ့ အယူအဆတွေလည်းရှိနေပါတယ်ပေါ့နော်။ ဒါပေမယ့် ကျနော်တို့က ယုံကြည်မှုတည်ဆောက်ကြည့်တယ်။ ကျနော်တို့ ယုံကြည်မှု မတည်ဆောက်ပဲနဲ့ ကျနော်တို့တွေကရှေ့ကိုမရောက်နိုင်ဘူးဆိုတာ ကျနော် လက်ခံထားတယ်။ ကျနော်တို့ယုံကြည်မှုတည်ဆောက်ကြည့်ပြီးတော့ ပြည်ထောင်စုကပါတီဖြစ်ပေမယ့် ကျနော်တို့ကယားပြည်နယ်အတွက် လုပ်နိုင်ကိုင်နိုင်တဲ့အနေအထားတစ်ခုကို လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကျနော်တို့က ဒီပါတီကိုဦးဆောင်တာဖြစ်တယ်။ အဲ့ဒီမှာ ပထမဆုံးကျနော်တို့ရဲ့ယုံကြည်မှုတည်ဆောက်လိုက်တာက ဘာအားသာချက်ဖြစ်လာတာလဲဆိုတော့ ကျနော်တို့ပါတီက အခု ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ပြိုင်မယ့် ၃၄ဦးလုံးကို ဗဟိုက လုံးဝမရွေးပါဘူး။ ကျနော်တို့ရဲ့မြို့နယ်အလိုက် ကျနော်တို့ရဲ့ တိုင်းရင်းသားဒေသတွေအလိုက် ပြည်သူတွေထောက်ခံတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပထမအဆင့်စုဖွဲ့ပါတယ်။ မြို့နယ်အဆင့်မှာစုဖွဲ့ပါတယ်။ အဲ့ဒီကနေမှ ကျနော်တို့ရဲ့ ပြည်နယ်ကို တင်ပြတယ်။ ပါတီဌာနချုပ်ကနေပြီးပြီးတော့ ဘယ်သူ့ကိုရွေးမယ်၊ ဘယ်သူ့ကို မရွေးဘူးဆိုတဲ့ ဗဟိုချုပ်ကိုင်မှုကို ပထမအဆင့်အနေနဲ့ ကျနော်ယုံကြည်မှုတည်ဆောက်လိုက်တာက ကျနော်တို့ရဲ့ သာဓက ပါပဲ။ ကျနော်တို့ပါတီဌာနချုပ်ကိုတင်ပြတယ်။ ပါတီဌာနချုပ်က ဒီတိုင်းအတည်ပြုပေးထားတာဖြစ်ပါတယ်။ ကျန်တဲ့အချက်အလက်တွေကိုလဲ ကျနော်တို့ အဲ့လိုလုပ်နိုင်မယ်လို့ ကျနော် ယုံကြည်မှုကို တည်ဆောက်ထားပါတယ်။

မေး။ ။ ကယားပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ့် ပါတီရဲ့ ကိုယ်စားလှယ်လောင်း(၃၄)ယောက်ကိုရော ဘယ်လို သတ်မှတ်ပြီးရွေးချယ်ခဲ့တာလဲ။

ဖြေ။ ။ အဓိက ကတော့ (၂)ပိုင်းစဉ်းစားပါတယ်။ နံပတ်(၁)က ပါတီအောင်နိုင်ရေး ပါတီအောင်နိုင်ရေးကို ကျနော်တို့ စဉ်းစားတဲ့အချိန်မှာ အစိုးရရဲ့ အရည်အချင်းကန့်သတ်ချက်တွေနဲ့ ကျနော်တို့ ကစဉ်းစားလို့မရဘူးဆိုတဲ့အချက်ကို ကျနော်ရဲ့အတွေ့အကြုံအရ ကျနော်နားလည်ပါတယ်ပေါ့နော်။ နားလည်ထားတဲ့အတွက် ကျနော် ပါတီအောင်နိုင်ရေးကို ကျနော်တို့စစဉ်းစားတဲ့အချိန်မှာ အခုနပြောတဲ့ သူ့ဒေသတွေရဲ့လက်ခံနိုင်တဲ့လူတွေကိုပဲ ကျနော်တို့စုဖွဲ့တယ် အဲ့တာကတော့ကျနော်တို့ရဲ့ စံနှုန်းပါပဲ အရည်အချင်းကန့်သတ်ချက်ဆိုတာ ကျန်တဲ့ကန့်သတ်ချက်တွေ မရှိဘူး။ တကယ်လို့နိုင်လာရင်တော့ အစိုးရအဖွဲ့ကို ကျနော်တို့ ဆက်စဉ်းစားပါတယ်ပေါ့။ အဲ့တော့ကနော်ကတော့ (၂)ပိုင်းစဉ်းစားထားပါတယ်ပေါ့။

မေး။ ။ Covid ကာလဖြစ်တဲ့အတွက် ဆရာတို့ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဘယ်လိုမဲဆွယ်စည်းရုံသွားမာလဲ။

ဖြေ။ ။ အဲ့တော့ ကျနော်တို့က Covid ကာလ ကန့်သတ်ချက်ကာလအတွင်းမှာ ဖြစ်နေတဲ့အတွက် ကျနော်တို့ကတော့ ဒီကျနော်တို့ရဲ့လက်ကမ်းစာဆောင်တွေကို ကျေးရွာတွေအရောက် အိမ်တိုင်းကိုပဲ ကျနော်တို့က သွားပြီးတော့ ပေးတယ်၊ ဝေတယ်ဆိုတဲ့စနစ်ကိုပဲ ကျနော်တို့ ကျင့်သုံးပါတယ်။ ကျန်တဲ့လူထုနဲ့တွေ့စုံတဲ့အစည်းအဝေးတွေ၊ ဘာတွေလည်း ကျနော်တို့ မလုပ်နိုင်ပါဘူးပေါ့နော်။ အဲ့တော့ ကျနော်တို့ရဲ့အဓိက Campaign ကတော့ ကျနော်တို့က Door To Door ကိုပဲကျနော်တို့သွားပါတယ်ပေါ့။

မေး။ ။ တစ်ခြားရော ဆရာဘာတွေပြောပြချင်လဲ။

ဖြေ။ ။ အဓိက ကတော့ ကျနော်ပြောချင်တဲ့သဘောကတော့ ပါတီ ကိစ္စဆိုတာထက် ကျနော်တို့တွေက လားရာတော့မတူဘူး။ ဒါပေမယ့် ကျနော်တို့တွေက စုံမှတ်တူပါတယ်။ အိပ်မက်တူတယ်။ နိုင်ငံရေးစကားနဲ့ပြောမယ်ဆို ကျနော်တို့ရဲ့ နိုင်ငံရေးအိပ်မက်တွေတူပါတယ်။ ကျနော်တို့ကလည်း ကယားပြည်နယ်ကောင်းအောင်လုပ်ချင်တာ ကယားပြည်နယ်ကို ကောင်းသည်ထက်ကောင်းကောင်လုပ်ချင်တာ။ ၂၀၁၀ အစိုးရကိုလည်း ကျနော်တို့မဝေဖန်ပါဘူး သူတို့လည်းကောင်းတာလုပ်ခဲ့ပါတယ်။ ၂၀၁၅ အစိုးရကိုလည်း ကျနော်တို့မဝေဖန်ပါဘူး သူတို့လည်း ကောင်းတာလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီထက်ကောင်းအောင်လုပ်ဖို့တော့ လိုတယ်ဆိုတဲ့ အတွေးအခေါ်ပေါ်မှာရပ်ပြီးတော့ ကျနော်က ဒီပါတီမှာ ဦးဆောင်တာဖြစ်တယ်။ နောက်တစ်ချက်ကတော့ အရည်အချင်းရှိတဲ့လူတွေကိုနေရာပေးတဲ့ယဉ်ကျေးမှုထွန်းကားချင်တယ်။ အဲ့တော့ကျနော်တို့ရွေးချယ်ထားတဲ့လူတွေအားလုံးက ကျနော်ထက်ကြီးတဲ့လူတွေ ၁/၂ယောက်ပဲပါတယ်။ ကျန်တဲ့လူတွေက ကျနော်ထက်ငယ်တဲ့လူတွေနဲ့ပဲ ကျနော်တို့စုဖွဲ့ထားတယ်။ အဲ့ဒါက ဘာကိုပြောချင်တာလည်းဆိုတော့ ကျနော်တို့အရည်အချင်းရှိတဲ့လူငယ်တွေနဲ့ ကျနော်တို့ရဲ့နိုင်ငံရေး၊ ကယားပြည်နယ်ရဲ့နိုင်ငံရေးကို ဒီအခင်းအကျင်းထဲမာပါလာအောင်လုပ်ချင်တယ်ဆိုတဲ့ အတွေးအခေါ်အယူအဆနဲ့ ကျနော်လုပ်တာဖြစ်ပါတယ်ပေါ့။ ကျနော်တို့ရဲ့ရွေးကောက်ပွဲစနစ်ကိုက ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲစနစ်။ အဲ့ခါကျတော့ ပါတီတစ်ခုထဲကနေပဲ ရွေးကောက်ပွဲဝင်ချင်လို့မရဘူးပေါ့နော်။ ကိုယ့်ပါတီပဲကောင်းတယ်လို့ပြောရင် ဒါမှားတယ်။ ကျနော်တို့ကယားပြည်နယ်မှ ရွေးကောက်ပွဲဝင်ဖို့မှတ်ပုံတင်ထားတဲ့ ပါတီအားလုံးက တရားမျှတတဲ့ယှဉ်ပြိုင်မှုကိုတော့ ကိုယ်စားလှယ်လောင်းတွေရော၊ နိုင်ငံရေးပါတီတွေအားလုံးကရော လက်ခံဖို့လိုတယ်ဆိုတာကိုလည်း ကျနော်တို့ ကျနော်တို့ကတော့ တင်ပြချင်ပါတယ်ပေါ့နော်။ ဒါမှလည်းပဲ ကျနော်တို့တွေဟာ ကျနော်တို့လိုချင်တဲ့ ကောင်းတဲ့အရွေ့ကိုသွားမှာဖြစ်တယ်ပေါ့နော် ။ အဲ့တော့ အစွဲတရားတွေအပေါ်မှာ၊ အစွန်းတရားတွေအပေါ်မှာအခြေခံပြီးတော့ ပြောတယ်ဆိုတယ် ဆိုတဲ့ဟာတွေအားလုံးက အမှန်တရား၊ အရှိတရားကို မရနိုင်ဘူးဆိုတာ ကျနော်ပြောချင်ပါတယ်။

spot_img
spot_img

Recent posts