spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေ ၂၀၂၀ ရွေးကောက်ပွဲအတွက် အဆိုပြုလွှာအားလုံးပြန်တင်ကြ

Author

Date

Category

စိုးထိုက်အောင်

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မဲနိုင်ပြီးတော့ ကိုယ်စားလှယ်တွေဖြစ်ခဲ့ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်တွေအားလုံး ၊ ကယားပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် အဆိုပြုလွှာတွေ ပြန်တင်ထားကြတယ် လို့ NLD ပါတီ ကယားပြည်နယ် ဥက္ကဌ ဦးသောင်းဌေးက ပြောပါတယ်။

“သူတို့အကုန်တင်ကြတာပဲလေး၊ အကုန်တင်ကြတော့ ငါတို့က ဗဟိုကို အဲ့ဒီဟာ လက်ဆင့်ကမ်းပေးလိုက်တာလေး။” လို့ ဦးသောင်းဌေးက ပြောပါတယ်။

Photo- NLD Central Online Media Team (Facebook)

၂၀၂၀မှာ ရွေးကောက်ပွဲဝင်ပြိုင်ဖို့အတွက် အဆိုပြုလွှာ တင်ထားပြီဖြစ်တဲ့ ရှားတောမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် NLD ပါတီဝင် ဒေါ်ဝင့်ဝါထွန်းက ပါတီရဲ့တာဝန်ပေးချက်နဲ့ ရှားတောဒေသရဲ့လိုအပ်ချက်တွေ အရ နိုင်ငံရေးတာဝန်ကို ဆက်လက်ထမ်းဆောင်ချင်ပါတယ်လို့ပြောပါတယ်။

၎င်းက“ ကျမတို့ပါတီ အနေနဲ့ကတော့လေ ကျမတို့ကိုယ်စားလှယ်လောင်းတွေကို အမည်စာရင်းမထုတ်ပြန်သေးဘူးပေါ့နော်။ အဲ့တော့ ပါတီရဲ့တာဝန်ပေးချက်နဲ့ ဒေသရဲ့လိုအပ်ချက်အရ ကျမရဲ့နိုင်ငံရေး ခံယူချက်အရဆိုလို့ရှိရင်တော့ ကျမ ဆက်ပြီးတော့မှ နိုင်ငံရေးတာဝန်ကို ထမ်းဆောင်ချင်ပါသေးတယ်။” ပြောပါတယ်။

ကိုယ်စားလှယ်လောင်း ဝင်ပြိုင်ဖို့ အဆိုပြုလွှာတင်ပြီးသော်လည်း NLD ပါတီ ဗဟိုကော်မတီက ရွေးချယ်ပေးမှာ ဖြစ်တဲ့ အတွက် ကိုယ်စားလှယ်လောင်းအနေဖြင့် ဝင်ပြိုင်ခွင့်ရှိမရှိ မသေချာသေးဘူးလို့ ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ဦးပဲ့ဒူ ကပြောပါတယ်။

“ ၂၀၂၀မှာ ဝင်ပြိုင်ဖို့တော့ရှိပါတယ်။ သို့သော်လည်းပဲ ပြိုင်ဖို့ဆိုတဲ့အထဲမှာ ကျနော် တို့မှာက ကိုယ်စားလှယ်လောင်းတွေရွေးချယ်တဲ့ နေရာမှာ ကျတော်တို့ ပြိုင်ချင်တိုင်းပြိုင်လို့မရဘူးလေး။ ဗဟိုကော်မတီကနေပြီးတော့မှ သူတို့ကရွေးချယ်ပေးမှာပေါ့။ ကိုယ်ကပါမလား၊ မပါဘူးလားဆိုတာ မသိနိုင်ဘူးပေါ့နော်။ ပြီးတော့ အခုရွေးမယ်ဆိုရင်လည်း လောလောဆယ်ကတော့ တင်ထားတယ်ပေါ့နော်။ ကိုယ်စားလှယ်လောင်းအဆိုပြုလွှာတင်ထားတာကတော့ ပြည်သူ့လွှတ်တော်မှာပဲ တင်ထားတယ်။” ပြောပါတယ်။

လက်ရှိ ကယားပြည်နယ်အမျိုးသားဒီမိုဂရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတွေ မထုတ်ပြန်သေးခင်မှာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြန့်နှံ့နေတဲ့ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီဝင် ကိုယ်စားလှယ်လောင်းတွေရဲ့ စာရင်းတွေက မဟုတ်မမှန်သတင်းဖြစ်တယ်လို့ ကယားပြည်နယ် NLD ပါတီ ဥက္ကဌ ဦးသောင်းဌေးက အခုလို ပြောပါတယ်။

“ အခု တို့ ဒီ Facebook ပေါ်မှာ ပြန့်နေတဲ့ ဒီ NLD ကကိုယ်စားလှယ်လောင်းများ ဆိုတဲ့ကိစ္စဟာ သူတို့ကသတင်းများမှာလျှောက်ပြီးတော့ တင်တာ။ အဲ့ဒီခါကျတော့ တလွဲတွေလည်း အများကြီးပါတာပေါ့။ အဲ့ဒီပေါ်မှာမှ တစ်ခါထဲ Comment တွေက အမျိုးမျိုးလျှောက်ပေးသေးတယ်။ တကယ်တော့အဲ့ဒီစာရင်းတွေ ငါတို့က တရားဝင်ထုတ်ပြန်တာ မဟုတ်တဲ့ အတွက် အဲ့ဒီပေါ်က အမှားတွေသည် အဲ့ဒီ facebook ပေါ်တင်တဲ့ လူရဲ့အမှားဘဲပေါ့ သူပဲ ဆိုင်တယ်၊ သူတာဝန်ယူရမယ် အဲ့ဒီမှားတာတွေ။ ဆရာတို့ကတာဝန်ယူစရာအကြောင်းမရှိဘူး။ နောက်ဆရာတို့က ဒီကိုယ်စားလှယ်လောင်းတွေ အတည်ပြုတယ်ဆိုတာ ဆရာတို့က နှစ်ဆင့်ပဲ ပြီးသေးတာ။ မြို့နယ်ကစီစစ်တယ်၊ ပြည်နယ်က စီစစ်တယ်၊ နောက်ပြီးရင် ဗဟို အဖွဲ့ကစီစစ်အုံးမယ်။ နောက်ဆုံး အဆုံးအဖြတ်က ဗဟို အလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ပေးမှာ။”

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကယားပြည်နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် (၃၄) နေရာမှာ NLD ပါတီဝင်က ၂၆ ဦး၊ တစ်သီးပုဂ္ဂလ ၁ ဦး နဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၆ဦး တို့က မဲနိုင်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်လာ ခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကယားပြည်နယ်အတွင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်(၇) နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၂)နေရာ၊ ပြည်နယ်လွှတ်တော်(၁၄) နေရာနှင့် ဗမာတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၁နေရာ စုစုပေါင်း ၃၄ နေရာရှိပါတယ်။

spot_img
spot_img

Recent posts