spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကယားမှထွက်သည့်ကော်ဖီ တိုးချဲ့စိုက်ပျိုးရန် ကုမ္ပဏီများဘက်မှ တောင်းဆို

Author

Date

Category

နော်ဒွေးအယ်ခူ

ကယားပြည်နယ်မှ ထွက်ရှိသည့် ကော်ဖီများကို အိမ်နီးချင်းနိုင်ငံများသို့ ရောင်းချနေပြီဖြစ်သည့်အတွက် ကော်ဖီစိုက်ပျိုးတောင်သူများ တိုးချဲ့စိုက်ပျိုးရန် လိုအပ်နေပြီဖြစ်သည်ဟု ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီ ထုုတ်လုုပ်သည့် အောင်နေလင်းထွန်းကုမ္ပဏီကို တည်ထောင်သူ ဦးငွေထွန်းက ပြောပါသည်။

ဦးငွေထွန်းက “ကျနော်တို့အတွက်က ဈေးကွက်ဆိုတာ အထွေအထူးရှာစရာမလိုတော့ပဲနဲ့ ဈေးကွက်က ကျနော်တို့ဆီကို လိုက်လာတဲ့အခြေအနေဖြစ်ပါပြီ။ ကျနော်တို့သည် ပိုပြီးမှ တိုးချဲ့စိုက်ပျိုးဖို့ပဲ ကျနော်တို့ လိုအပ်ပါတယ်။ ကျနော်တို့စိုက်ပျိုးမှုကို တိုးချဲ့မယ်၊ ထုတ်လုပ်မှုကို တိုးချဲ့မယ်ဆိုရင် ဈေးကွက်က ကျနော်တို့ဆီမှာ အရန်အသင့်ရှိပါတယ်။” ဟု ပြောပါသည်။

ပြည်နယ်ဝန်ကြီးချုပ်မှ သက်ဆိုင်ရာကုမ္ပဏီများ ထုတ်လုပ်သည့် ကော်ဖီထုတ်ကုန်များကို လိုက်လံကြည့်ရှုနေစဉ် (ဓါတ်ပုံ – နော်ဒွေးအယ်ခူ)

ကော်ဖီစိုက်ပျိုးမှု အကောင်အထည်ဖော်ရန် ပြီးခဲ့သည့် စက်တင်ဘာလ ရ ရက်နေ့ ပြည်နယ်ခန်းမတွင် ပြည်နယ်အတွင်းရှိ ကော်ဖိစိုက်တောင်သူများနှင့် အောင်နေလင်းထွန်းကုမ္ပဏီမှ တာဝန်ရှိသူတို့ သဘောတူ စာချုပ်လက်မှတ်ထိုးပွဲ အခန်းအနားပြုလုပ်စဉ် ပြောကြားသွားခြင်းဖြစ်သည်။

“ပြည့်ဝတဲ့အရည်အသွေးတွေကိုထုတ်လုပ်နိုင်မယ်ဆိုရင် ဈေးကွက်ပြောစရာကိုမရှိဘူး။ ပြည့်ဝတဲ့ဈေးကွက် ကောင်းမွန်တဲ့အရည်အသွေးတွေ ထုတ်လုပ်နိုင်မယ်ဆိုရင် ဈေးကွက်က အော်တို သူ့သူ ဒွန်တွဲပါလာပြီးသားဖြစ်ပါတယ်။”ဟု အခန်းအနားတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောသွားပါသည်။

ကော်ဖီပင်များကို ဖရူဆိုမြို့နယ် ဟိုယာဒေသတွင် ဧက ၂၀၊ လွိုင်လင်လေးမြို့တွင် ၁ဝ ဧက၊ ရှားတောမြို့နယ်တွင် ၁ဝ ဧက စိုုက်ပျိုးထားပြီး တိုးချဲ့စိုက်ပျိုးရန် ပျိုးပင်ကြိုတင်မှာယူသူများလည်းရှိသည့်အတွက် ခန့်မှန်းဧက ၄၀ဝ ကျော်ရှိပြီဖြစ်သည်ဟု သိရသည်။

ကော်ဖီပင်သည် အေးသည့်ရာသီဥတုကိုကြိုက်သည့်အတွက် ကုန်းမြင့်ဒေသတွင် စိုက်ပျိုးသင့်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်လင်းက အခန်းအနားတွင် အကြံပြု ပြောဆိုသွားခဲ့သည်။

ဒီမော့ဆိုမြို့နယ်အတွင်းရှိ ဒေါဘျာကူးဒေါသဲရွာတွင်လည်း ၂၀၁၅ ခုနှစ်မှစပြီး တောင်သူ ၈ ဦးက ကော်ဖီပျိုးပင် ၆၀ဝ ခန့်ဖြင့် လုပ်ငန်းစတင်ခဲ့ပြီး လက်ရှိအချိန်တွင် ကော်ဖီစိုက်ပျိုးသူဦးရေ များလာသလို တစ်နိုင်တစ်ပိုင် ပျိုးဖောက်၊ စိုက်ပျိုးရောင်းချလာတာကြောင့် ကော်ဖီပင် ၅,၀၀ဝ ခန်ရှိလာသည်ဟု ကော်ဖီစိုက်ပျိုးသူတစ်ဦးဖြစ်သည့် ဒေါ်လီးမြာ ကပြောပါသည်။

ကော်ဖိစိုက်ပျိုးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရန် အသိပညာ တိုးတက်လာစေရန်၊ အော်ဂဲနစ်စိုက်ပျိုးရေးနှင့် သစ်တောထိန်းသိမ်းရေး ပိုမိုကျယ်ပြန့်လာစေရန်၊ အမျိုးသမီးနှင့် လူငယ်များ စိုက်ပျိုးရေးနှင့် ဝင်ငွေတိုးစေရန်၊အဖွဲ့လိုက် အတူတကွ ပူးပေါင်းဆောင်ရွက်တတ်စေရန် စသည့်ရည်ရွယ်ချက်များနှင့်စတင်ခဲ့သည်ဟု ဒေါ်လီးမြာက ဆက်ပြောသွားပါသည်။

၎င်းတောင်သူများ၏ ထုတ်ကုန်များမှာ ၂၀၁၅ ခုနှစ်တွင် ကော်ဖီပိဿာချိန် ၃၀၀၊ ၂၀၁၆ ခုနှစ်တွင် ပိဿာချိန် ၃၀၀၊ ၂၀၁ရ ခုနှစ်မှာ ပိဿာချိန် ၆၀၀၊ ၂၀၁၈ ခုနှစ်တွင် ပိဿာချိန် ၇၂ဝ ရရှိခဲ့ကြောင်း တောင်သူကိုယ်တိုင် ကော်ဖီကုန်ချောထုတ်လုပ်ပြီး လက်လီလက်ကား ရောင်းချနေကြောင်းသိရသည်။

လက်ရှိတွင် ကယားပြည်နယ်မှ ထွက်ရှိသည့်ကော်ဖီများကို စင်္ကာပူနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ဟောင်ကောင်တို့တွင် စတင်ပြီးတော့ ရောင်းချနေပြီဖြစ်သည်ဟု အခန်းအနားတွင် ဦးငွေထွန်းက ပြောကြားသွားပါသည်။ ၎င်းကုမ္ပဏီမှ ကော်ဖီပျိုးပင်များ၊ စိုက်ပျိုးရေးနည်းပညာများ၊ သွင်းအားစုများနှင့် လုပ်အားခများကို ထောက်ပံ့ပေးခဲ့သည်။

အခမ်းအနား ဒုတိယပိုင်းအစီအစဉ်တွင် ကော်ဖီစိုက်ပျိုးနည်းစနစ်ကောင်းများ အော်ဂဲနစ်စိုက်ပျိုးရေးနည်းစနစ်အကြောင်းကို ကော်ဖီပညာရှင်များက ဟောပြောခဲ့ပါသည်။

spot_img
spot_img

Recent posts