spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်အစိုးရ ပြောင်းလဲချိန် တန်ပါပြီလော

Author

Date

Category

စိုင်းလင်းလင်းဦး

ပြည်နယ်အတွင်း ယခင်အစိုးရလက်ထက်ကတည်းက ဖြေရှင်းစရာ မပြီးပျက်သေးသော စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များတွင် ထင်သလောက် ပေါက်မြောက်အောင်မြင်နိုင်အောင် စွမ်းဆောင်ရာတွင် အားနည်းလျှက်ရှိနေပြီး ထိုကိစ္စရပ်များအတွက် အချိန်ပေးဖြေရှင်းရန် လုပ်ဆောင် မှုများ လျော့နည်းလျှက်ရှိဟု နိုင်ငံရေးလေ့လာသူများက တွင်တွင်ကျယ်ကျယ် ပြောဆိုလာကြသည်။

အရေးတကြီးကိုင်တွယ် ဖြေရှင်းစရာကိစ္စများစွာရှိနေသော်လည်း တခါတရံ၌ ယခင်အစိုးရ လက်ထက်ကဲ့သို့ပင် အခမ်းအနား တက်ရောက်ချီးမြှင့် ဖဲကြိုးဖြတ်ခြင်းနှင့် မိန့်ခွန်းဖတ်ကြားခြင်း၊ ညစာစာပွဲများနှင့် ဖွင့်ပွဲအခမ်းအနား များကို အရေးတယူ တက်ရောက်နေသည့် တာဝန်ယူချိန် တစ်နှစ်ပြည့်ရန် ကာလ အနည်းငယ်သာလိုသော အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်အပေါ် လူအများက ဝေဖန်လာနေကြပြီ ဖြစ်သည်။

ပြောင်လဲချိန်တန်ပြီဟု ဆိုသော ကြွေးကြော်သံနှင့်အတူ ကယားပြည်နယ်ကို ဦးဆောင်နေသည့် ပြည်နယ်အစိုးရ၏ စီးပွားရေးကဏ္ဍပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ အားမရသေးကြောင်း လွိုင်ကော်စက်မှုရပ်ကွက်ရှိ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်နယ်အစိုးရ၏ ထိရောက်သော ပံ့ပိုးကူညီမှုနှင့် စီမံပေးနိုင်မှုများကို ရေရေရာရာမတွေ့မြင်ရသေးကြောင်း ဒေသခံများ အကျိုးရှိစေမည့် စီးပွားရေး ရင်းနှီးမြှပ်နှံမှုများနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို အားပေးဖိတ်ခေါ်ရန် စီမံခန့်ခွဲမှုများနှင့် ပံ့ပိုးမှုများ မရှိကြောင်း ဦးခင်အောင်မြင့်က ဆိုသည်။

ယခင်က ခေတ်အဆက်ဆက်ကတည်းက အကောင်အထည်ဖေါ်ထားခဲ့သော လွိုင်ကော် စက်မှု(ဇုန်) ကို ပြန်လည်အသက်သွင်းရန်သော်လည်းကောင်း၊ ကုန်ချောများ ထုတ်လုပ်အဆင့်မြှင့်တင်ပေးနိုင်မည့် စက်မှုလုပ်ငန်းများသော်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်မှုအနည်းဆုံးဖြစ်သော စီးပွားရေးရင်းနှီးမြှပ်နှံမှုများ အားကောင်းလာစေရန် အစပျိုးလုပ်ဆောင်ခြင်းပင် မရှိဟု ပြည်နယ်အစိုးရ ထံ ၎င်းကမျှော်လင့်ထားသည့်ကို မချိတင်ကဲပြောသည်။

“ဒါတွေက ဝန်ကြီးချုပ်တွေ ဝန်ကြီးတွေ လုပ်ရမည့်အလုပ်။ ငါတို့မှာရှိတဲ့ ဝန်ကြီး၊ ဝန်ကြီးချုပ်တွေက အခုမှ တစ်နှစ်ပဲရှိသေးတယ်။ ဘယ်သူမှ မကျွမ်းကျင်ကြသေးဘူ။ ဒါပေမယ့် ကျွမ်းကျင်တဲ့လူတွေက ဌာနဆိုင်ရာကလူတွေ သူ့အဆင့်ဆင့်နဲ့သူရှိတယ်။ လိုအပ်တဲ့ ညွှန်ကြားမှုတွေ ပေးရင် facility တွေပေးရင် လိုချင်တဲ့ ရည်မှန်းချက်တွေ ရနိုင်မယ်လို့ ငါတို့ယုံကြည်တယ်လေး။” ဦးခင်အောင်မြင့်က အကြံပြုသည်။

၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ အနိုင်ရပြီးနောက် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅ဝ ကျော်အတွင်း အရပ်သားစစ်စစ် အစိုးရအာဏာ ရရှိခဲ့သည်။

ထိုနှင့်အတူ ရွေးကောက်ပွဲကာလရောက်လာရန် သုံးလလောက်အလို၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွင်းသို့ ပါတီအဖွဲ့ဝင်တစ်ဦးအဖြစ် ဝင်ရောက်ပြီး မယ်စဲ့မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ဦးအယ်လ်ဖောင်းရှိုက ကယားပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာသည်။

လွိုင်ကော်မြို့နယ် ရှမ်းရွာဇာတိဖြစ်ပြီး ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်းတိုင်း) ကျောင်းမှ မယ်စဲ့မြို့နယ် လက်ထောက်မြို့နယ် ပညာရေးမှူးတစ်ဦး ဖြစ်ခဲ့သူက အုပ်ချုပ်မှုဆိုင်ရာ အတွေ့အကြုံများရှိခဲ့ပြီး စီမံခန့်ခွဲရေးရာကိစ္စရပ်များ ကိုင်တွယ်နိုင်လိမ့်မည်ဟု နိုင်ငံရေးလေ့လာသူများ သုံးသပ်ခဲ့ကြသည်။

ဝန်ကြီးချုပ်နေရာရွေးချယ်ရေးနှင့် ပတ်သက်၍ ယင်းမတိုင်ခင် ကရင်နီအမျိုးသားညီလာခံအတွင်း ဆွေးနွေးခဲ့ကာ ဌာနေတိုင်းရင်းသားကိုသာ ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ရန် ဒေါ်အောင်ဆန်းစုုကြည်ထံ တောင်းဆိုခဲ့ကြသည်။ သို့နှင့် ကယန်း/ရှမ်း တိုင်းရင်းသားဖြစ်သူ ဦးအယ်လ်ဖေါင်းရှိုက ကယားပြည်နယ်ဝန်ကြီး ချုပ်ဖြစ်လာခဲ့သည်။

ကယား(ကရင်နီ)ပြည်နယ် ဇာတိသားတစ်ဦးဖြစ်သကဲ့သို့ ဌာနေတိုင်းရင်းသား လူမျိုးစုသွေးပါသော သူတစ်ဦးဖြစ်သည်နှင့် အညီ ဦးအယ်လ်ဖေါင်းရှိုကို ကြိုဆို ထောက်ခံသူများပြားခဲ့သည်။

ကယားပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် မြေယာပြဿနာ၊ အကြီးစားရင်းနှီမြှပ်နှံမှုဖြစ်သော ရေအားလျှပ်စစ်စီမံကိန်းပြဿနာ၊ မူးယစ်ဆေးဝါးပြဿနာ၊ မော်ချီသတ္တုတွင်းပြဿနာ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်ရှိ ဒုက္ခသည်များ နေရာပြန်လည်ချထားရေးနှင့် အခြားမြောက်များစွာသော ပြဿနာများအတွက် အများဆန္ဒကို အလေးထားပြီး ပြတ်ပြတ်သားသားကိုင်တွယ်မည့် ခေါင်းဆောင်ကောင်းတစ်ယောက် အမှန်တကယ်ပင်လိုအပ်နေခဲ့သည်။

အစိုးရသစ်လက်ထက် လက်လွှဲယူလိုက်သည်နှင့် ထိုပြဿနာပေါင်းများစွာက စောင့်ကြိုနေပြီး ကယားပြည်နယ်အတွင်း စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဝန်ကြီးချုပ်ဦးအယ်လ်ဖေါင်းရှို ဦးဆောင်သော အစိုးရအဖွဲ့က အတော်အသင့်ပြေလည်အောင် ဖြေရှင်းနိုင်လိမ့်မည်ဟု ပြည်နယ်သား များက ယူဆခဲ့ကြသည်။

အစိုးရသစ်စတင်တာဝန်ယူလာသည့် တစ်ပြိုင်နက် ၂၀၁၅ ခုနှစ်အတွင်း မြေပြိုမှုကြောင့် မော်ချီးမြေပြိုအန္တရာယ်ဇုန်အတွင်း ဒေသခံများ၏ နေထိုင်သူများ ပြောင်းရွေ့ရေး မပြောင်ရွေ့ရေးက အစိုးရအဖွဲ့၏ စွမ်းဆောင်ရည်ကို စိန်ခေါ်ခဲ့သည်။ ပညာသင်နှစ်စတင်တော့မည့်အချိန်အထိ ချီတုံချတုံ ဖြစ်နေပြီး ဖြေရှင်းပေးရန် ကြန့်ကြာနေခဲ့သည်။

နောက်ဆက်တွဲ၌ အဆိုပါဇုန်အတွင်း နေထိုင်ခွင့်ပြုခဲ့သော်လည်း ပညာရေးနှင့် သက်ဆိုင်သောကိစ္စများကိုမူ တိကျသောဆုံးဖြတ်ချက်ကို မချနိုင်ပဲ ရှိနေခဲ့သည်။

အထူးသဖြင့် ဒေသအတွင်း လက်တလောကြုံတွေ့နေရသော လူငယ်များ မူးယစ်ဆေးဝါး တနေ့ထက်တနေ့ သုံးစွဲမှုမြှင့်တက်လာခြင်း၊ ဘိန်းစိုက်တောင်သူအရေး၊ စီးပွားရေးအခွင့်အလမ်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများနှင့် တောင်သူများအရှုံးပေါ်နေသော သီးနှံဈေးနှုန်းကို ကူညီဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု တောင်သူများက မျှော်မှန်းထားခဲ့ကြသည်။

သို့သော် မျှော်မှန်းထားသလောက် ထိရောက်အောင် ဆောင်ရွက်နိုင်မှု အားနည်းခြင်းက အစိုးရသစ်၏ စီမံခန့်ခွဲစွမ်းဆောင်နိုင်မှု အရည်အချင်းကို မေးခွန်းထုတ်လာစရာဖြစ်စေတော့သည်။

“စိန်ခေါ်မှုတွေကို ကျနော်ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ အဲ့ဒီ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ ကျနော်လုပ်ဆောင်နေပါတယ်။ အားရတာကတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ခါတိုင်းထက် ထင်သာမြင်သာ လုပ်နိုင်တယ်လို့ ယုံကြည်ပါတယ်။”ဟု ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိုက အခမ်းအနားတစ်ခု၌ မီဒီယာကို ဖြေကြားသည်။

တခါတရံအရေးကြီသော ဆုံးဖြတ်ချက်များကို လုပ်ထုံးလုပ်နည်းနှင့် အညီဆောင်ရွက်ရခြင်းနှင့် အချို့ကိစ္စရပ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်နေလျှက်ရှိသည်ဟု ဝန်ကြီးချုပ်က ၎င်း၏ အစိုးရအဖွဲ့၏ အနေအထားကို ရှင်းပြသည်။

ဖွံ့ဖြိုးရေးအပိုင်းတွင် ၎င်းအနေနှင့် ပိုမိုလုပ်ဆောင်ခဲ့သည်ကို ကျေနပ်နေပြီး ဒေသဖွံ့ဖြိုးရေးနှင့် စပ်ဆိုင်သော စီမံကိန်းအများစုများမှာ ယခင်ပထမအကြိမ်လွှတ်တော်သက်တမ်းကတည်းက ရေးဆွဲထားသော စီမံကိန်းများဖြစ်နေသည်။

ဒုတိယ စိန်ခေါ်မှုတစ်ခုအဖြစ် ဘောလခဲမြို့နယ် စောလုံကျေးရွာအုပ်စု ဟော်ခမ်းကျေးရွာအနီးတွင် နမ့်ပွန်ချောင်းမြစ်ပေါ် ရေအားလျှပ်စစ်စီမံကိန်းဆောင်ရွက်ရန် လာရောက်စမ်းသပ်တိုင်းတာနေမှုကို ဒေသခံများက ကန့်ကွက်ကြခြင်းဖြစ်သည်။

“မပွင့်မလင်းကိစ္စတွေအများကြီးရှိတယ်ပေါ့။ ဥပမာ အကြီးစားစီမံကိန်းဟာလိုမျိုး သူရဲ့ ကောင်းကျိုး ဆိုးကျိုး နှစ်ခုစလုံးကို ဒွန်တွဲပြီးတော့ ချပြရမယ့်ဟာကို ကောင်းတဲ့ဖက်ကနေပဲ ချပြတာမျိုးရှိတယ်။”ဟု ယခင်အစိုးရဟောင်းသာမက ယခုအစိုးရသစ်ကပါ ပွင့်လင်းမြင်သာမှုရှိအောင် သတင်း အချက်အလက်များ ထုတ်ပြန်ပေးနိုင်မှု အားနည်းခြင်းအပေါ် ကရင်နီပြည်နယ် တောင်သူလယ် သမားသမဂ္ဂ၏ သတင်းပြန်ကြားရေး ကိုအန်ထော်နီတူရယ်က ပြောသည်။

လျာထားသောစီမံကိန်းအချက်အလက်များ ပွင့်လင်းမြင်သာမှုမရှိခြင်းသာမက လာရောက် စမ်းသပ်တိုင်းတာခြင်း အသိပေးအကြောင်းကြားခြင်းများ မရှိသောကြောင့် လူအများ ဒေါသထွက်ခဲ့ကြသည်။

ယခင်ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ယင်းစီမံကိန်းကို အကောင် အထည်ဖေါ်ရန်လျာထားပြီးသားဖြစ်သော်လည်း အစိုးရသစ်အကူးအပြောင်းကာလစပ်ကြား စီမံကိန်းနှင့် ပတ်သက်၍ ဆက်လက်လုပ်ဆောင်နေမှုအပေါ် ပြည်သူများက မယုံသင်္ကာဖြစ်ခဲ့ကြသည်။

သို့နှင့် ကန့်ကွက်ဆန္ဒပြခြင်းများဖြစ်ပေါ်ခဲ့ကာ အစိုးရအနေဖြင့် အချိန်မီ အသိပေးခြင်းနှင့် ပညာပေးခြင်းများ နှောက်နှေးနေခဲ့ရခြင်းဖြစ်ကာ ဒေသခံများနှင့် သဘာဝပတ်ဝန်ကျင်းအရေး တက်ကြွလှုပ်ရှားသူများကမူ အစိုးရ၏ ပွင့်လင်းမြင်သာမှုအပေါ် အလေးထား တောင်းဆိုခဲ့ကြသည်။

ထိုလာရောက်စမ်းသပ်တိုင်းတာမှုများကို တာဝန်ရှိသူများမှ ခေတ္တရပ်ဆိုင်းစေခဲ့သည်။

စီမံကိန်းအများစုမှ ယခင်အစိုးရလက်ထက်ကတည်းက စီစဉ်ဆောင်ရွက်ရန် လျာထားခြင်းဖြစ်ကာ မိမိတို့ အစိုးရလက်ထက်တွင် ဖြစ်နိုင်သမျှ ပွင့်လင်းမြင်သာမှုရှိအောင် ကြိုးပမ်းနေပြီဟု ဇန်နာဝါရီလ ၂ဝ ရက်နေ့က လွိုင်ကော်မြို့ပြ စီမံကိန်းတွင် လူထုနှင့် လာရောက်တွေ့ဆုံစဉ်တွင် လူထုအပေါ် အစိုးရ၏ နောင်လုပ်ဆောင်မည့်အပေါ် ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူက ရှင်းပြခဲ့သည်။

“အရင်တုန်းက စီမံကိန်းတွေကို လူထုကို မချပြဘူး။ အစိုးရက ကောင်းမယ်ဆိုပြီး ကိုယ့်အစီအစဉ်နဲ့ကို လုပ်လိုက်တယ် ဟုတ်တယ်နော်။ နောက်မှ problem (ပြဿနာ)တွေ community အီးရှုးတွေ public အီးရှုးတွေ ဖြစ်လာတယ်။ အဲလိုမဖြစ်အောင် ကျနော်အရင်လာချပြတာ။

လုပ်ငန်းရှင်တွေ အများကြီးရှိသေးတယ်။ ကျနော်က သူတို့ဆီက သဘောထားတွေ အမြင်တွေကိုသိရပြီ။ အဲ့ဒီအခါတော့မှ cabinet (အစိုးရဝန်ကြီးများအဖွဲ့)တွေ ပြန်ထိုင်ရမယ်။” ဟု ဝန်ကြီး ဦးခင်မောင်ဖြူက ဖြေရှင်းပြောကြားသွားခဲ့သည်။

သိသာထင်ရှားစေသော ပြဿနာ အချက်များအနက် လူမှုရေးနှင့် မြေယာပြဿနာများ ရောထွေးပွေလီရှုပ်ထွေးနေသော လွိုင်ကော်မြို့ မြကလပ်တောင်နှင့် ရွှေလက်ဝါးတောင်ပတ်ဝန်းကျင်အနီးအနားရှိ သာသနာမြေအတွင်း နေအိမ်များ ကျူးကျော်ဆောက်လုပ်ထားသည့် ကျူးပြဿနာ အရေးပင်ဖြစ်သည်။

ခေတ်အဆက်ဆက်ကတည်း နယ်နမိတ်တိကျစွာ ပိုင်းခြားထားသော အမှတ်သင်္ကေတများ မထင်ရှားခြင်း၊ ဥပဒေနှင့် တိတိကျကျကိုင်တွယ်ဖြေရှင်းခဲ့ခြင်းမရှိမှုနှင့် လူအချို့က အလွဲသုံးစား လုပ်ထားသော ယင်းသာသနာမြေပြဿနာက အစိုးရသစ်အပေါ် ခေါင်းကြီးစေခဲ့ပြန်သည်။

“ကယားပြည်နယ်အစိုးရအဖွဲ့ဝင်တွေ လူသစ်တွေလေ ဆိုတော့ လုပ်ရကိုင်ရတာ အဆင်မပြေတာလည်း ရှိနိုင်တယ်။ လူထုရဲ့ လိုလားချက်တွေကလည်း အရမ်းများတယ်ဆိုတာတော့ သိပါတယ်။ ဒါပေမယ့် အားရလားဆိုတော့ အားမရသေးပါဘူး။ ဒါပွင့်ပွင့်လင်းလင်းပြောတာ ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်မှုတွေ တစ်နှစ်ဆိုတဲ့ အတိုင်းအတာဝန်းကျင် အဲ့မှာ လုပ်နိုင်မှုအတိုင်းအတာက ဒီထက်မက ပိုလုပ်နိုင်တယ်လို့ မျှော်လင့်ထားတယ်ပေါ့နော်။”ဟု ရှားတောမဲဆန္ဒနယ်၏ အမျိုးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုးက ကယားပြည်နယ်အစိုးရ၏ အနေအထားကို သုံးသပ်သည်။

လွှတ်တော်ကိုယ်စားလှယ်အချို့ကလည်း ပြည်နယ်အစိုးရက ထိရောက်ပြတ်သားသည့် ဆုံးဖြတ်ချက် မချမှတ်နိုင်ခြင်းကြောင့် ပြည်နယ်အစိုးရ၏ လုုပ်ပိုင်ခွင့်အာဏာများ ပိုမိုလျော့နည်းလာပြီး ဗဟိုချုပ်ကိုင်မှု ပိုမိုဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း ဆိုကြသည်။

ထို့အပြင် အခြားဒေသ ဖွံ့ဖြိုးရေးကိစ္စများနှင့် မြေယာသိမ်းဆည်းမှုကို ဥပဒေကြောင့်အရ ယှဉ်ပြိုင်ရာတွင် မြေပိုင်ရှင်များက နစ်နာနေသော မြေယာပြဿနာများကို လွှတ်တော်ကိုယ်စားလှယ်များက ကွင်းဆင်းစစ်ဆေးပြီး အချိန်ကာလကြာမြင့်သည့်အထိ အစိုးရတာဝန်ရှိသူများက အရေးယူ ဖြေရှင်းဆောင်ရွက်နိုင်ခြင်း မရှိသည့်အခါ လွှတ်တော်ကိုယ်စားလှယ်အပေါ် မဲဆန္ဒရှင်များက အမြင်သဘောထားများ ပြောင်းလဲ လာနိုင်ကြောင်း ဆိုကြသည်။

အစိုးရသစ်အနေနှင့် ယခင်က အသားမကျခဲ့သော အုပ်ချုပ်ရေးအနေအထားနှင့် ရှုပ်ထွေးလျှက်ကျန်ရှိနေဆဲဖြစ်သော ပြဿနာအရပ်ရပ်ကို ကိုင်တွယ်ရာတွင် အခက်အခဲပေါင်းမြှောက်များစွာရင်ဆိုင်နေလျှက်ရှိကာ ပြည်သူများ၏ လိုလာချက်များကို ပြည့်စုံအောင် ဖြည့်ဆည်းပေးရာတွင် လွယ်ကူသော အလုပ်မဟုတ်ကြောင်း ဖရူဆိုမဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမူက ၎င်း၏အမြင်ကိုပြောသည်။

“လုပ်ရကိုင်ရတာလဲ အခက်အခဲလည်းရှိနေတယ်ပေါ့။ ဒါပေမယ့် တဖြည်းဖြည်းနဲ့သွားရမှာပေါ့နော်။ ဥုံဖွဆိုပြီးတော့ လုပ်လို့မှ မရတဲ့ကိစ္စကို။” ဟု ဒေါ်ရှားမူက ဖြေသိမ့်သည်။

ထို့အပြင် လွိုင်ကော်အကျဉ်းထောင်အတွင်း ထိန်းသိမ်းထားသည့်အကျဉ်းသားများအနက် မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သောအမှုဖြင့် ပြစ်ဒဏ်ကျခံနေသူများ အများဆုံးဖြစ်နေပြီး မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ဒီးမော့ဆိုမြို့နယ်အတွင်း ဘိန်းစိုက်ခင်းများကို အစားထိုးပြောင်းလဲမည့် ပြုပြင်ပြောင်းလဲရေး စီမံချက်သော်လည်းကောင်း မူဝါဒသော်လည်းကောင်း အာရုံစိုက်လုပ်ဆောင်နေမှု မရှိသေးခြင်း ဖြစ်သည်။

ဘိန်းစိုက်ခင်းအချို့ကိုသာ ယခင်ခေတ်အဆက်ဆက်ကတည်းက ကျင့်သုံးနေကြပုံစံဖြစ်သော အာဏာပိုင်များက အပေါ်ယံသာဟန်ပြဖျက်ဆီးနေဆဲဖြစ်ကာ ကုစားမည့်နည်းလမ်းကို မကျင့်သုံးနိုင်သေးခြင်း ဖြစ်သည်။

သို့သော် အစိုးရအနေနှင့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးကို အားထည့်လုပ်ဆောင်နေပြီး ကုန်းတွင်းပိတ်ကယားပြည်နယ်အနေဖြင့် မယ်စဲ့မြို့ရှိနယ်စပ်ကုန်သွယ်ရေးစခန်းကို အခမ်းအနားဖြင့် ထပ်မံဖွင့်လှစ်ခဲ့ကာ ထိုမှတဆင့် အခြားစီးပွားရေးရာကိစ္စရပ်များကို တပါတည်းဖေါ်ဆောင်ရန် စီစဉ်နေကြောင်း ကယားပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က အစိုးရအဖွဲ့၏ ရည်မှန်းချက်ကို ရှင်းပြသည်။

“နယ်စပ်ကုန်သွယ်ရေးမှာ ထိုင်းကုန်သည်တွေနဲ့ အပြန်အလှန်ကူးလူးဆက်သွယ်ဖို့လည်း ရည်ရွယ်သလို ထိုင်းဖက်ကနေ လွိုင်ကော်မြို့ကို လာလည်ချင်တဲ့ tourists ပဲဖြစ်ဖြစ် လူထုအခြေပြုခရီးသွားလုပ်ငန်း community basis tourists ပဲဖြစ်ဖြစ် အဓိကကတော့ eco-tourists လုပ်ချင်လို့ပေါ့။” ဟု ဝန်ကြီးဦးမော်မော်က ပြောသည်။

အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းတို့၏ ဆက်ဆံရေးကို အရပ်ဖက်အဖွဲ့အစည်းအကြားတွင် အပြုသဘောနှင့် ဆက်နွယ်သော ပူပေါင်းဆောင်ရွက်နိုင်မှုမရှိနိုင်သေးသည်ကိုလည်း လူထုအခြေပြုအဖွဲ့အစည်းအကြား ဝေဖန်စရာများဖြင့် ပြောစမှတ်ပြုလာကြပြန်သည်။

ယခင်အစိုးရလက်ထက်ကဲ့သို့ အစိုးရမဟုတ်သော အဖွဲ့အစည်းများအပေါ် တင်းကြပ်မှုများမရှိတော့သော်လည်း အသိအမှတ်ပြုသော ပူပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်ဖလှယ်ခြင်းကိုမူ များများပြုလုပ်ရန် မျှော်လင့်နေကြသည်။

“အမတို့ရဲ့ အမျိုးသမီးအသံညီလာခံတုန်းကတော့ အစိုးရလည်းလာတယ်။ လွှတ်တော်လည်းလာတက်တယ်ဆိုပေမယ့်လည်း အဖွင့်အမှာစကားပြောပြီးတော့မှပဲ ပြန်သွားတယ်။ အမျိုးတွေရဲ့ အသံကို နားမထောင်သွားဘူးပေါ့နော်။ အစိုးရကလည်း အဲ့ဒီလိုလေးတွေတော့ရှိတယ်။ ဘာပဲဖြစ်ဖြစ်လာတက်တယ်ဆိုတော့ ဒါကလည်း ကြိုလည်းကြိုဆိုတယ်။ ကောင်းတယ်ပေါ့နော်။ အရင်အစိုးရထက်စာရင် ဒီအစိုးရက ပူးပေါင်းတယ်လို့ပဲ ပြောလို့ရမလားပေါ့နော်။ သို့သော်လည်း ပူးပေါင်းတဲ့အခါမှာ ဆိုရင်လည်းပဲ အဖွင့်အမှာစကားပြောသွားပြီးတော့ ပြန်သွားတယ်ဆိုတာထက် လူထု အမျိုးသမီးတွေရဲ့ အသံတွေကို နားထောင်သွားရင်တော့ ပိုပြီးပြည့်စုံတာပေါ့နော်။” ဟု ကရင်နီအမျိုးသမီးအစည်းအရုံ၏ အထွေထွေအတွင်းရေးမှူး ဒေါ်မီးမီးက သူ့၏ အတွေ့အကြုံကို ပြောပြသည်။

ပြည်နယ်သားအများစု၏ စိတ်ဆန္ဒအတွင်း အစိုးရ၏ ထူးချွန်ပြောင်မြောက်သော လုပ်ကိုင်ဆောင်ရွက်ခြင်းစွမ်းရည်နှင့် ပြည်နယ်၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် ယခင်လမ်းဟောင်းအတိုင်း လုံးချာလည်နေခြင်းထက် သမာရိုးကျအနေအထားကိုဖေါက်ထွင်းကာ မတူခြားနားသော အုပ်ချုပ်စီမံမှုပုံစံကိုသာ မျှော်လင့်တကြီးကြီး တမ်းတနေကြဆဲဖြစ်သည်။

spot_img
spot_img

Recent posts