spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်နေ့ဈေးဆိုင်ခန်းများ ယခင်နှစ်ကထက် ဈေးပိုကြီး

Author

Date

Category

စိုင်းလင်းလင်းဦး

၆၅ နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်၌ ဈေးရောင်းချရန်အတွက် နေရာချပေးထားသော ဆိုင်ခန်းနေရာများ ယခင်နှစ်ကထက် ဈေးပိုကြီးနေသည်ဟု သိရသည်။

ပစ္စည်းအမျိုးမျိုးရောင်းချရန်၊ စားသောက်ကုန်များရောင်းချရန်၊ ပျော်ပွဲရွင်ပွဲပြုလုပ်ရန်နေရာများနှင့် အိမ်သာနေရာများအတွက် နေရာဖြစ်သည်။

ပျံကျဈေးတန်းတွင် ယခင်နှစ်က ကျပ်နှစ်သိန်းသာရှိခဲ့သော်လည်း ယခုနှစ်တွင် သုံသိန်းကျော်ဝယ်ယူနေရကြောင်း ရေမုန့်ရောင်းရန် ပျံကျဈေးတန်းတွင်ယူထားသော ကိုထွန်းလင်းအောင်က ပြောသည်။

“တဆင့်ပြီးတဆင့် သုံးဆင့်လောက်ဖြစ်သွားတော့ ဈေးတက်သွားတယ်။ ပြီးတော့ ဆိုင်ခန်းလည်း ကိုယ်လိုချင်တဲ့နေရာမရဘူး။ ကိုယ်လည်း ကလေးငယ်နဲ့ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ်ယူရမှာပဲလေ။ ကျနောတို့ နှစ်သိန်း နှစ်သိန်းခွဲလောက်ဆို မဆိုးဘူး။” ကိုထွန်းလင်းအောင်က ပြောကြားသည်။

ထို့အပြင် ပျော်ပွဲရွင်ပွဲတန်းများတွင် ၁ဝ ပေအခန်းကို ယခင်နှစ်က သုံးသိန်းကျပ်သာ ဝယ်ယူခဲ့ရသော်လည်း ယခုနှစ်မှာ ငါးသိန်ကျပ် အထိပေးဝယ်ခဲ့ရသဖြင့် ရရှိလာသော အမြတ်နှင့် လာရောက်နေထိုင်ရောင်းချချိန်တွင် မိမိတို့ ကုန်ကျမည့်စရိတ်အား ထည့်သွင်းတွက်ချက်ပါက အရှုံးပင်ပေါ်နိုင်ကြောင်း ပူပေါင်းပစ်ကစားနည်းအတွက် တောင်ကြီးမြို့မှ လာရောက်လုပ်ကိုင်သော ဒေါ်သီက ဇန်နဝါရီလ ၆ ရက်နေ့က ပြောသည်။

ပျော်ပွဲရွင်ပွဲတန်း၊ ပျံကျတန်း၊ အိမ်သာနှင့် သစ်သီးဆိုင်တန်းများအတွက် လုပ်ငန်းလုပ်ကိုင်ခွင့်ကို ကျပ်သိန်း ၁၇ဝ ကျော်ဖြင့်သာ အစိုးရမှ သတ်မှတ်ပေးထားသည်ဟု သိရသည်။

လုပ်ငန်းလုပ်ကိုင်ခွင့်ရှိသူနှင့် အစိုးရအကြား စာချုပ်တွင် မိမိဆိုင်ခန်းများအား ပြန်လည်ရောင်းချမည်ဆိုပါက သဘောတူထားသော ဈေးနှုန်း၏ ၁ဝ ရာခိုင်နှုန်းအထိသာ အမြတ်ယူရမည်ဟု ပွဲဆိုင်ခန်းနှင့် ပတ်သတ်၍ ကော်မတီအဖွဲ့ဝင် ကယားပြည်နယ်ရသုံးမှန်းခြေဦးစီးဌာန ပြည်နယ်ညွန်ကြားရေးမှူး ဦးရဲနိုင်အောင်က ဇန်နဝါရီလ ၆ ရက်နေ့တွင် ကန္တာရဝတီတိုင်း(မ်)သို့ ပြောဆိုထားသည်။

ဥပမာအနေဖြင့် သိန်း ၁၀ဝ ဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်ရထားမည်ဆိုပါက အမြတ်၏ ၁ဝ ရာခို်င်နှုန်းအဖြင့် သိန်း ၁၁ဝ ထက်မကျော်လွန်ဘဲ ရောင်းချခွင့်ရရှိမည်ဖြစ်သည်။

“ဈေးကြီးတယ်ဆိုတဲ့အနေအထားမှာ ဥပမာ သူတို့က ပွဲစားလက်ထဲကသွားဝယ်လို့လာ တချို့က တဆင့်ပြန်ရောင်းတာ ဥပမာ ကိုယ်က တစ်သိန်းနဲ့ ဝယ်ထားတယ် နောက်လူနဲ့ကျတော့ တစ်သိန်းခွဲနဲ့ပြန်ရောင်းနိုင်တယ်။” ဦးရဲနိုင်အောင်က ပြောကြားသည်။

ယခုမြေပြင်တွင် ဈေးဆိုင်ရောင်းချနေလျက်ရှိသည့် ဈေးနှုန်းအရ ဝယ်ယူသူများအချို့ပေးသွင်းထားသော ငွေမှာ ကျပ်သိန်း ၅၀ဝ ကျော်အထိ ရှိနေပြီဖြစ်သည်။

ဈေးဆိုင်ခန်းများ ဈေးကြီးသည့်အတွက် ဝယ်ယူသူများက စုပေါင်းလက်မှတ်ထိုးပြီး ကယားပြည်နယ်လွှတ်တော်ဥက္ကဌထံသို့ ဇန်နဝါရီ ၈ ရက်နေ့ တင်ပြထားကြသည်ဟု သိရသည်။

ယခင်နှစ်၂၀၁၅ ဇန်နဝါရီလအတွင်းက ကျင်းပခဲ့သော ၆၄ နှစ်မြောက် ကယားပြည်နယ်နေ့ပွဲတော်တွင် ဆိုင်ခန်းဈေးနှုန်းကြီးမြင့်ခြင်း၊ စားသောက်ကုန်များဈေးကြီးခြင်းများကြောင့် လူအများဝေဖန်လျှက်ရှိသည်သာမက ပွဲတော်အပြီး ငွေစာရင်းရှင်းတမ်းနှင့် ပိုလျှံငွေများ ထုတ်ပြန်ရှင်းလင်းခြင်းမရှိခဲ့သောကြောင့် ဝေဖန်မှုများရှိခဲ့သည်။

spot_img
spot_img

Recent posts