spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီတပ်မတော်နဲ့ သူတို့ရဲ့လုပ်ငန်းခွင် တစေ့တစောင်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

သူ့နာမည်က ဆီမိုးနယ်၊ အသက် က ၃၈ နှစ်။ လက်ထက်ကိုင်ထားတဲ့ M3 သေနတ်ကို အဝတ်စ တစ်ခုနဲ့ သုတ်နေပါတယ်။

ဆီမိုးနယ်

အားကစားဘောင်းဘီတို နဲ့ စွပ်ကျယ် အကျီအဖြူရောင်ဝင်ဆင်ထားတဲ့သူက ကရင်နီ တပ်မတော်က တပ်သားတဦးပဲဖြစ်ပါတယ်။ အခု အစိုးရ နဲ့ အပစ်ခတ်ရပ်စဲ ရေးယူထားတဲ့ကာလ အတွင်းမှာ တိုက်ပွဲ တွေမရှိတော့တဲ့အတွက် သေနတ်တွေကို အရင်လို တရက်တခါမတိုက်ရတော့ပဲ ၊ တပတ်တခါလောက်ပဲ တိုက်ချွတ်ဆေးကြရတာပါ။

သူဟာ အရင်က မြန်မာ့တပ်မတော်မှာလည်း စစ်မှုထမ်းဖူးသူတယောက်ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်တွင်း မနေချင်တော့တာကြောင့် ထွက်ပြေးခဲ့ပြီ အခုတော့ ကရင်နီတပ်မတော်မှာ တပ်သားဖြစ်နေပါပြီ။ စစ်တိုက်တယ်ဆိုတာ နိုင်ငံနဲ့ လူမျိုးကို ကာကွယ်ရတဲ့ စစ်သားတယောက်ရဲ့ တာဝန်ဆိုပေမဲ့ စစ်ပွဲနဲ့ပါတ်သက် ပြီး သူကတော့ မလိုလားပါဘူး။

“အကုန်လုံးကပြောမယ်ဆိုအေးအေးဆေးဆေးလုပ်ကိုင်စားသောက်ချင်တာပဲလေ။ သူတို့လည်းဒီအဖွဲ့ တွေကိုဟိုးဖက်သူပုန်တွေ၊ ဟိုးဖက်ရန်သူတွေ သွားပစ်မယ်ဆိုပြီးလည်းသူတို့ စိတ်မကူးပါဘူး။ ဒါအရင်ကသူတို့ ကြုံဖူးသလိုပေါ့။” ဆီမိုးနယ်ကပြောပါတယ်။ 

တိုက်ပွဲတွေမရှိတဲ့ ကာလဖြစ်နေတာကြောင့် ဆီမိုးနယ်တယောက် သူ့ဒေသဖြစ်တဲ့ ဒေါရောက်ခူ ကျေးရွာဖက်တခွင်မှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ နဲ့ စည်းကမ်းထိန်းသိမ်းရေးပိုင်းတွေမှာ ပါဝင်ကူညီနေပါတယ်။ KNPP ဖက်က ဒေါရောက်ခူမြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ အကူအဖြစ် ပါဝင်လုပ်ကိုင်နေပြီး မူးယစ်ဆေးဝါး တားဆီးနိမ်နင်းရေးနဲ့၊ သစ် ထုတ်လုပ်မှုတွေကို ကန့်သန့် ဖို့ အတွက် ပါဝင်ဆောင်ရွက်နေတာပါ။

အသားညိုညို နဲ့ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ဆီမိုးနယ်တယောက် အခုထိ သန်သန်မာမာ အားကောင်းမောင်းသန် တဲ့ သူတယောက်ပါ။ တကိုယ်တည်းလူပျိုးကြီးလည်းဖြစ်ပါတယ်။
ခုထိ အိမ်ထောင်မပြုရသေးတဲ့ အကြောင်းကလည်း စစ်သားဖြစ်နေတဲ့အတွက် ဇနီးသည်ဖြစ်လာမယ့် အမျိုးသမီးအတွက် သူ ရှေ့တန်းရောက်နေတဲ့ အချိန်မှာ စိတ်မပူစေချင်တာကြောင့်လို့လည်းဆိုပါတယ်။

“တကယ်လို့ ကျနော်လည်း အိမ်ထောင်ပြုမယ် ၊ မိသားစုနဲ့ နေမယ်ဆိုလည်း သူတို့ နောက်မှာ နေခဲ့ရင် သူတို့အတွက်လည်း အဆင်မပြေဘူးလေ။” ဆီးမိုးနယ်ကပြောပါတယ်။

ဆီမိုးနယ်လိုပဲ နောက်ထပ် လူပျိုကြီးတဦးရှိပါတယ်။ သူကတော့ ကိုးအီပဲဖြစ်ပါတယ်။ သူကလည်း စစ်သားဖြစ်နေတာကြောင့် ခုထိ အိမ်ထောင်မပြုဖြစ်သေးဘူးလို့ ပြောပါတယ်။

“သိတဲ့ အတိုင်းပဲလေ။ ကျနော်တို့က ရည်းစားတွေဘာတွေထားနေရင် အခြေအနေမကောင်းတော့တဲ့ တနေ့နေ့ ကျရင် သူ့ကိုပါ လာမဲ နေရင် ဘယ်လိုလုပ်မလဲ။” ကိုးအီကပြောပါတယ်။ 

ကရင်နီတပ်မတော်မှာ စစ်မှုထမ်းနေတာ ၁၉ နှစ်ရှိနေပါပြီ။ ကယောလူမျိုးတယောက်ပါ။ ကိုးအီ တို့ ငယ်ငယ်တုန်းက ကယောဒေသဖက်မှာ ပေါ်တာတွေဆွဲတာ၊ သူပုန်အဖြစ်နဲ့ အစွပ်စွဲဖမ်းဆီးတာတွေကြောင့် အသက် ၁၈ နှစ်လောက်မှာ ကရင်နီ ရဲဘော် အဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့တာပါ။

ကိုးအီ

လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာတော့ ကရင်နီရဲဘော်ဖြစ်တဲ့ သူ့အနေနဲ့ ငြိမ်းချမ်းရေးကို အယုံအကြည်မရှိသေးဘူးလို့ဆိုပါတယ်။

အကြောင်းကတော့ ကရင်နီအမျိုးသားတိုးတက်ရေပါတီ KNPP နဲ့ အစိုးရတို့ အပစ်ခတ်ရပ်စဲရေးယူထားတဲ့ကာလ အတွင်း တပ်မတော်ဖက်က ခြိမ်းခြောက်တာတွေ၊ ရန်စတာတွေရှိနေတယ်လို့ဆိုပါတယ်။

ဥပမာအားဖြင့်တော့ ပြီးခဲ့တဲ့ ၂၀၁ရ ဒီဇင်ဘာလ ၂ဝ ရက်နေ့က ကရင်နီရဲဘော် ၃ဦးနဲ့ အရပ်သား ၁ဦးသတ်ခံရတဲ့ကိစ္စနဲ့၊ ပြီးခဲ့တဲ့ ၁ဝ လပိုင်း ဖားဆောင်းမြို့ နန်းကစ်ကျေးရွာမှာ တပ်မတော်က အကြောင်းမကြားပဲ ကရင်နီရဲဘော်တွေရှိနေတဲ့ နေရာကို ဝင်ရောက်ပြီး တိုက်ပွဲဖြစ်ခဲ့တဲ့ ကိစ္စတွေကို ရည်ညွန်းပြီးသူကပြောပါတယ်။

“ငြိမ်းချမ်းရေး ၊ ငြိမ်းချမ်းရေးလို့ ပြောနေကြပေမဲ့ ငြိမ်းချမ်းရေးရဲ့ အနှစ်သာရ ကိုမသိကြဘူး။ ငြိမ်းချမ်းရေးက မပစ်ကြဘူး၊ မခတ်ကြတာကိုပဲ ငြိမ်းချမ်းရေးလို့ ထင်နေကြတယ်။ ဒါပေမဲ့ ကျနော်တို့ လက်ထဲမှာ ငြိမ်းချမ်းရေးက အပြည့်အဝမရသေးဘူး။ ငြိမ်းချမ်းရေးလို့ ပြောနေကြပေမဲ့ အများအားဖြင့်တော့ ခြမ်းခြောက်တာတွေ၊ အခြေအနေ တင်းမာပြီး ပြန်တိုက်တော့မယ့် အနေအထားမျိုးတွေခနခနဖြစ်နေတယ်။” လို့ကိုးအီကပြောပါတယ်။ 

ဘာပဲဖြစ်ဖြစ် လတ်တလော အကောင်ထည်ဖော်နေကြတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ရဲ့ ရလဒ်တခုကတော့ ကိုးအီတို့လို ကရင်နီတပ်မတော် တပ်သားတွေက အရပ်ဝတ်တွေနဲ့ ပြည်နယ်တွင်း နေရာအနှံသွားလာခွင့်ရနေပါပြီ။

ဒါပေမဲ့လည်း အကန့်အသန့်တွေရှိနေပါသေးတယ်။ KNPP က ဒီနေ့အထိ မတရားအသင်း အနေနဲ့ ပဲ ရှိနေသေးတာကြောင့် ဒေသဖွံ့ဖြိုးရေး တွေလုပ်ဆောင်တဲ့နေရာမှာ တားဆီးခံနေရတာတွေရှိနေပါသေးတယ်။ ဥပမာအနေနဲ့ပြောရင်တော့ ပါးလောင်းစိုက်ပျိုးရေးကျောင်းနဲ့ ဆယ်တောရို ဘော်ဒါဆောင်တွေဖွင့်တဲ့အခါ အစိုးရဖက်ကနေ မလုပ်ဆောင်ဖို့ အကြောင်းကြား ကန့်ကွက်တာတွေရှိနေပါတယ်။

ကိုးအီတို့ နဲ့ အတူတူ ပဲ လွိုင်နန်းဖ မြို့နယ် ရုံးမှာတာဝန်ကျနေတဲ့ ဖားမဲ့မထိုကတော့ လွိုင်နန်းဖ မြို့နယ် ရဲ့ ဒုမြို့နယ်မှူးပါ။ သူကတော့ စစ်သားလုပ်လာတာ ၁၉ နှစ်ရှိပါပြီ။ အပစ်ခတ်ရပ်စဲရေးယူတဲ့ ၂၀၁၂ မှာပဲ အိမ်ထောင်ပြုလိုက်ပြီးတော့ အခုဆို သူ့မှာ ကလေး ၂ယောက်ရှိနေပါပြီ။

“နေ့တိုင်းကောင်းကောင်းမွန်မွန်နေချင်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ရှုပ်ရှုပ်ယှက်ယှက် မနေချင်တော့ဘူးပေါ့။ သားသမီးရဲ့ အဓိကပညာရေးဖက်ကိုဦးစားပေးချင်လို့ ပေါ့။ ဥပမာအခြေအနေရှုပ်ရှုပ်ယှက်ယှက် ဖြစ်လာရင် တော်တော်လေးထိခိုက်သွားမှာ။”

ငြိမ်းချမ်းရေး အမှန်တကယ်ရသွားတဲ့ အချိန် ကျရင် သူ့မှာ အကောင်ထည်ဖော်ဖို့ အိမ်မက်တခုရှိပါတယ်။ မိသားစုနဲ့ ပြန်ပြီးတော့ စီးပွားဖြစ် အပင်တွေစိုက်ပြီး အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်ချင်တာပါ။

ဖားမဲ့မထို

“ကျနော် အဓိကဘာလုပ်မလဲဆိုစီးပွားရေးဖက်ကပြောမယ်ဆိုအပင်တွေ စိုက်မယ်ပေါ့နောဖာလာတို့ ဘာတို့၊ အမျိုးမျိုးပေါ့။ သီးနှံတွေ တခုခုပေါ့။ ဥပမာစီးပွားဖြစ် ရနိုင်တဲ့ အသီးအနှံတွေပဲလုပ်မှာပေါ့။ ဖာလာတို့ စတဲ့ဟာတွေပဲလုပ်မှာပေါ့။” လို့ ဖားမဲ့ မထိုကပြောပါတယ်။ 

ခုလောလောဆယ်ကတော့ သူ့ အထက်လူကြီးတွေညွန်ကြားတဲ့အတိုင်းပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တထောင့်တနေရာကနေ ပါဝင်ပံ့ပိုးနေရဦးမှာဖြစ်ပါတယ်။

ဆီမိုးနယ်၊ ကိုးအီနဲ့ ဖားမဲ့မထို တို့လို စစ်သားတွေကတော့ ငြိမ်းချမ်းရေးမရသေးသ၍၊ သူတို့လိုချင်တဲ့ တန်းတူအခွင့်အရေး နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဖက်ဒရယ်ပြည်နယ်မဖြစ်သေးသ၍တော့ စစ်သားတွေရဲ့ တာဝန်ကို ဆက်လက်ထမ်းဆောင်နေကြရဦးမှာပါ။

spot_img
spot_img

Recent posts