spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီလူငယ်များအား အမှုရုပ်သိမ်းပေးရန် သဘောတူညီထားသော်လည်း လူငယ်များ အမှုရင်ဆိုင်နေရဆဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်ဆန္ဒပြမှုများနှင့် ပတ်သက်၍ တရားစွဲဆိုခံရသည့် လူငယ်များ၏ အမှုများအားလုံးကို ရုပ်သိမ်းပေးရန် ပြည်နယ်အစိုးရနှင့် သဘောတူညီချက် ရရှိထားသော်လည်း ယနေ့တွင် ဒုတိယအကြိမ် ရုံးချိန်းသွားရောက်ရင်ဆိုင်ခဲ့ကြရသည်ဟု တရားစွဲဆိုခံရသူ ကိုကျော်ထင်အောင်က ပြောသည်။

“ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညှိနှိုင်းသဘောတူညီချက်အရ ကြေးရုပ်တုကိစ္စနှင့် ပတ်သက်သော အမှုများအားလုံးကို ရုပ်သိမ်းမယ်ဆိုပြီးတော့မှ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးကိုယ်တိုင် လက်မှတ်ရေးထိုးပြီးတော့မှ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ တရားသူကြီးကနေပြီးတော့မှ ကျတော်တို့ကို ရုံးချိန်းခေါ်ယူတဲ့ အချိန်ထိ တရားသူကြီးဆီကို အမှုရုပ်သိမ်းကြောင်း မရောက်ရှိပါဘူး။” ဟု ၎င်းက ပြောသည်။ 

ရုံးချိန်းကိုလည်း ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့သည်ဟု ဆိုပါသည်။ 
လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံတွင် ထားရှိသည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုအား ကန့်ကွက် ဆန္ဒပြကြသည့် လူငယ်များကို ပြည်နယ်အစိုးရမှ ကရင်နီလူငယ် ၅၅ ဦးကို ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုထားသည်။ 

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လူထုအင်အား ငါးထောင်ကျော် ကန့်ကွက်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပြီး အစိုးရနှင့် လူငယ်များက တွေ့ဆုံညှိနှိုင်းခဲ့ပြီး တရားစွဲထားသည့် လူငယ်များအား အမှုရုပ်သိမ်းရန် သဘောတူညီချက်များရရှိလာခဲ့သည်။ 

“ ပြည်နယ်အစိုးရသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ သဘောတူညီချက်ကို များစွာချိုးဖောက်နေသလို လုံးဝသူတို့နဲ့ မသက်ဆိုင်တဲ့ ပုံစံမျိုးကိုလည်း ဝန်ကြီးချုပ်က ပြောဆိုလာတာကို တွေ့ရတယ်။ အမှုရုပ်သိမ်းဖို့တောင်မှ အစိုးရမှာ တာဝန်မရှိတော့သလိုနဲ့ ညှိနှိုင်းရေးကော်မတီကပဲ လုပ်ရမှာ ဖြစ်သလို ဒီတရားလို ပြုလုပ်တဲ့သူတွေကပဲ လုပ်ရမယ်။ သူတို့အစိုးရက ခေါင်းရှောင်တဲ့ စကားလုံးမျိုးတွေကို သုံးနေတာ တွေ့ရတယ်ပေါ့။” ဟု ကိုကျော်ထင်အောင်က ဆက်ပြောသည်။ 

ဆန္ဒပြသူ လူငယ်များအားလုံး တရားစွဲဆိုထားသည့် အမှုများအား ရုပ်သိမ်းရန်နှင့် ရှေ့ဆက်ဆန္ဒပြမှုများကို ရပ်ဆိုင်းထားရန်ဆိုသည့်အချက်ကို ထည့်သွင်းသဘောတူညီခဲ့ကြသော်လည်း အစိုးရ၏ သဘောတူညီမှုစာချုပ် ကတိကဝတ်သည် စာရွက်ပေါ်မှာသာ ရှိနေကြောင်း လူငယ်များက ဝေဖန်ပြောဆိုကြသည်။ 

ကရင်နီလူငယ်များက ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် လုပ်ဆောင်မည့် ဆန္ဒထုတ်ဖော်ပွဲ၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တရားရုံးကို လိုက်ပါပို့ဆောင်ပြီး ဆန္ဒထုတ်ဖော်မည့် အစီအစဉ်များကို ဖျက်သိမ်းပေးလိုက်သော်လည်း ယနေ့တွင် ရုံးတွင်းစစ်ဆေးနေချိန်အထိ အမှု ရုပ်သိမ်းစာ မရောက်လာသေးကြောင်း ကိုကျော်ထင်အောင်က ပြောသည်။ 

၎င်းကိစ္စရပ်နှင့် ပတ်သက်၍ လွိုင်ကော်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက အမှုရုပ်သိမ်းရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကန္တာရဝတီတိုင်း(မ်)၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

spot_img
spot_img

Recent posts