spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ဒု-ဥက္ကဌ ခူးဦးရယ်နှင့်အင်တာဗျူး

Author

Date

Category

“အညိုးနဲ့ အမုန်းနဲ့ သာ တူညီမျှ အသိအမှတ်မပြုဘဲ ဆက်လက်ဆွေးနွေးနေရင်လည်း အဖြေထွက်လာမှာတော့ မဟုတ်ပါဘူး။ ဒါကို သတိချပ်ဖို့ လိုုပါမယ်။” ခူးဦးရယ်အင်တာဗျူး
ထျိုးမြာ
မတ်လ ၁ ရက်နေ့မှာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုုကြည်တုို့တွေ့ဆုုံမှာ ဖြစ်ပါတယ်။ အဲ့ဒီတွေ့ဆုုံပွဲကနေ ဘာရလာဒ်တွေ မျှော်လင့်ထားလဲ ဘာတွေဆွေးနွေးတင်ပြလဲမပါအဝင် နိုုင်ငံလုုံးဆိုုင်ရာ အပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထုိုးဖိုု့ ကြန့်ကြာနေတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး UNFC အထွေထွေ အတွင်းရေးမှူးတဖြစ်လဲ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) မှာ ဒု-ဥက္ကဌ ဖြစ်သူ ခူးဦးရယ်နဲ့ တွေ့ဆုုံမေးမြန်းထားပါတယ်။

မေး။ ။ မတ်လ (၁) ရက်နေ့လောက်မှာ UNFC နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြမယ့်အပေါ်မှာ ရလဒ်တစ်စုံတစ်ရာထွက်နိုင်မလား။ ဘယ်လိုတွေ့ဆုံမှုမျိုးဖြစ်မလဲ။
ဖြေ။ ။ UNFC က ငြိမ်းချမ်းရေးဖြစ်စဉ်ဆက်လက်ဖော်ဆောင်နို်င်ရေးမှာ NCA လက်မှတ်ရေးထိုးမှု ပိုမိုခိုင်မာအောင်လို့ အဆိုပြုဆွေးနွေဆဲဖြစ်တဲ့ အချက် (၈)ချက်နဲ့ပတ်သက်ပြီး ခုချိန်အထိ ရှေ့မတိုး၊နောက်မဆုတ် အခြေ အနေနဲ့ဘဲ တန့်နေတာကြောင့် မူပိုင်းဆိုင်ရာ ကိစ္စအချို့တွေမှာ ဖြတ်ရလွယ်အောင်လို့ အသေးစိတ်ရှင်း လင်းမှုတွေ လုပ်နိုင်ဖို့ ကျနော်တို့ ရည်ရွယ်ပါတယ်။ NCA ကို မူလကတည်းက အတူတကွ ပါဝင်ရေးဆွဲ ဆွေးနွေးမှုရှိခဲ့တယ်ဆိုပေမယ့် အားလုံးအကြေအလည်ညှိနှိုင်းမှု မပြီးပြတ်ခင်မှာ အတင်းလက်မှတ်ရေး ထိုးခိုင်းသလို ဖြစ်တဲ့အပေါ်မှာ အားလုံးပါဝင်လက်မှတ်ရေးထိုးမှုအဆင်မပြေခဲ့တာသာဖြစ်ပါတယ်။ လိုအပ်တဲ့ မူပိုင်းဆိုင်ရာ ကိစ္စတွေမှာ လမ်းညွှန်ပေးသွားနိုင်မယ်ဆိုရင် ဆွေးနွေးမှုမြန်ဆန်စေရေးအတွက် အဆင်ချောသွားနိုင် တယ်လို့ မျှော်လင့်ပါတယ်။

မေး။ ။ NCA ထိုးဖို့အတွက် ခိုင်မာတဲ့အာမခံဆိုုတာ ဘယ်လိုုအာမခံချက်မျိုးလဲ ။
ဖြေ။ ။ NCA ထိုးနိုင်ဖို့ကတော့ အဆိုပြုမှု (၈)ချက်ပြီးပြတ်မသွားသေးရင်တောင် ဘယ်လို ဆက်လက်ညှိနှိုင်း အဖြေရှာသွားမယ်ဆိုတဲ့ လမ်းကြောင်းအဆင့်တွေနဲ့ ဖြစ်စဉ် အဆင့်ဆင့်တွေမှာ တန်းတူရည်တူဆွေးနွေးဘက်အနေနဲ့ အသိအမှတ်ပြု သဘောတူ လက်ခံပါဝင်သွားနိုင်ဖို့နဲ့ အားလုံးပါဝင်ရေးဟာ မူလကတည်းက ကျနော်တို့ တစ်လျှောက်လုံး တင်ပြခဲ့ပြီး ပြဿနာအဝိုင်းအဝန်းမှာ ပါဝင်ပတ်သက်သူအားလုံးပါဝင်ပြီး အတူတကွအဖြေရှာမှ ပြဿနာတခုလုံးဖြေရှင်းရာ ရောက်တာဖြစ်တဲ့အတွက် အရေးကြီးတယ်လို့ ပြောတာဘဲ ဖြစ်တယ်။ ဒါပေမဲ့ ခုချိန်မှာ အားလုံးက တချိန်တည်းမှာ ပါဝင်နိုင်တဲ့ အခြေအနေ၊ အခင်းအကျင်းဖြစ်မလာသေးရင်တောင်မှ တစ်ချိန်ချိန်မှာ အားလုံးပါဝင်လာနိုင်တဲ့ အခင်းအကျင်းနဲ့ တွေ့ဆုံ ညှိနှိုင်းမှုတွေအတွက် အစိုးရဘက်က စဉ်ဆက်မပြတ်ဆောင်ရွက်နေပါတယ်ဆိုတာကို ကျနော်တို့က အစိုးရဆီကနေ တိကျခိုင်မာတဲ့ ကတိကဝတ်နဲ့ ရယူချင်ပါတယ်။

မေး။ ။ လက်ရှိအချိန်အထိ UNFC တောင်းဆိုုနေတဲ့ အာမခံချက်ရရှိဖိုု့နဲ့ နီးစပ်မှု တစုုံတရာရှိနေပြီလား။
ဖြေ။ ။ လူတွေက တချိန်လုံး ငြိမ်းချမ်းရေး ညီလာခံကျင်းပရေးနဲ့ ပါဝင်ရေးကိုဘဲ အပြောများနေကြတယ်။ တကယ်တမ်း ညီလာခံအခင်းအကျင်းနဲ့ ဆွေးနွေးအဖြေရှာမှုတွေ စနစ်တကျဖြစ်ဖို့ ကျော်ဖြတ်ရအုံးမဲ့ အဆင့်တွေရှိသေးတာကို လူတွေ သိမ့် မပြောကြပါဘူး။ NCA ပါ လမ်းပြမြေပုံအရ တနိုင်ငံလုံးအပစ်ရပ် လက်မှတ်ရေးထိုးရေးမှာတောင် အဖွဲ့ အားလုံးပါဝင် မရေးထိုးနိုင်သေးဘူး၊ နောက်တဆင့်က နိုင်ငံရေးဆွေးနွေးမှုအတွက် မူဘောင်ကို အပြီးပြတ်ရေးပြီး အတည်ပြုရအုံးမှာဖြစ်ပါတယ်။ ဒီမူဘောင်ပြဌာန်းချက်နဲ့အညီ ညီလာခံကို ကျင်းပရမှာ ဖြစ်ပါတယ်။ မူဘောင်လည်း ညှိနေတုန်း၊ ပြန်ရေးရအုံးမယ်၊ အတည်ပြုရအုံးမယ်။ ဒါကြောင့် မူဘောင်မပြီးသေးဘဲနဲ့ ညီလာခံ (၂)ကြိမ်တောင် ကျင်းပခဲ့ပြီးပြီ။ ဘာရလဒ်ကောင်းရလာသလဲ မေးရင် ဘယ်လိုဖြေကြမလည်း ဆိုတာသိချင်ပါတယ်။ လူတိုင်းက အဖြေအမျိုးမျိုးရှာကြံပြီး ဖြေကြတာလည်း တွေ့ပါတယ်။ ငွေကုန်လူပန်းဘဲ ဖြစ်ခဲ့ကြတယ်လို့ မြင်ပါတယ်။ မူဘောင်မပြီးသေးဘဲနဲ့လည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုတွေလည်း လုပ်နေကြတယ်။ ဒါဟာ NCA ပြန်ဌာန်းချက်အတိုင်း မဖြစ်ခဲ့ဘူးဆိုတာကို လူတိုင်းသိခွင့်ရှိဖို့ လိုပါတယ်။ UPDJC ကဘဲ အပေါ်ကနေ ဇွတ်တရွတ်ဆုံးဖြတ် လုပ်ဆောင်နေသလိုတော့ ဖြစ်ပါတယ်။

မေး။ ။ UNFC တောင်းဆိုထားတဲ့ အချက် ၈ ချက်အပေါ်မှာ စုဖွဲ့မှုနဲ့ ပတ်သက်ပြီး ဘယ်လောက် အတိုင်းအတာ အထိညှိလို့ရရင် NCA ထိုးမှာလဲ။
ဖြေ။ ။ အဆိုပြုမှု (၈)ချက်မှာ အဓိကညှိရအုန်းမဲ့ အချက်တွေ(၂)ချက်ရှိပြီး ကျန်အချက်အချို့ကိုုတော့ လက်တွေ့အကောင်အထည်ဖော်မှုမှာ၊ မြေပြင်လုပ်ငန်းခွင်မှာ တကယ်အကောင်အထည်ဖော်ဖို့ သဘောတူရမှာဖြစ်ပါတယ်။ ဥပမာ- အကြီးစားစီမံကိန်းလုပ်ငန်းတွေ အကောင်အထည်ဖော်ရင် ပွင့်လင်း မြင်သာမှု၊တာဝန်ယူ၊တာဝန်ခံမှုနဲ့ ညှိနှိုင်းတိုင်ပင်သဘောတူညီမှုတွေ လိုတယ်၊ နောက်ပြီး နိုင်ငံတကာ ကနေ လူမှုကူညီပံ့ပိုးမှုရယူရာမှာ တကယ်လိုအပ်တဲ့ လိုအပ်နေသူတွေဆီ အမှန်ရောက်ရှိဖို့ ဒေသ အတွင်းမှာ ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ညှိနှိုင်းသဘောတူညီမှုအပြင် ပူးပေါင်းဆောင်ရွက်မှုရှိဖို့ လို တယ်။ တချို့ကတော့ ဆက်သွားရအုံးမဲ့အဆင့်တွေမှာ ဆက်လက်ညှိနှိုင်းသွားဖို့ သဘောတူကြရမှာ ဖြစ်ပါတယ်။ ဒီကြားထဲ UNFC နဲ့အတူတကွ မပါဝင်နိုင်သေးတဲ့ အဖွဲ့တွေနဲ့ ဘယ်လိုဆက်ညှိနှိုင်း မလဲဆိုတဲ့ ကတိကဝတ်တွေကိုလည်း ကျနော်တို့ လိုချင်တာပါ။

မေး။ ။ UNFC အနေနဲ့ NCA မှာ လက်မှတ်ထိုးဖို့ အချိန်ကြန့်ကြာနေတဲ့အပေါ်မှာ ဆရာရဲ့အမြင်လေးကိုုသိပါရစေ။
ဖြေ။ ။ NCA လက်မှတ်ရေးထိုးဖို့ မကြန့်ကြာသင့်ဘူးလို့ပြောတာဟာ ဘယ်အချိန်မှာ မဖြစ်မနေ လက်မှတ် ရေးထိုးရမယ်လို့ ဘယ်သူကမှ အစကတည်းက ပြောမထားခဲ့ပါဘူး။ အားလုံးနားလည်ထားတာက ဆွေးနွေးမှုတွေအားလုံးသဘောတူလက်ခံနိုင်တဲ့ အချိန်မှာ လက်မှတ်ရေးထိုးဖို့ အသင့်ဖြစ်ရင် လက်မှတ်ရေးထိုးကြမယ်ဆိုတာကို မပြောလဲဘဲ လူတိုင်းနားလည်ထားတဲ့ ကိစ္စပါ။ အချိန်မရှိဘူး။ မြန်မြန် ရေးထိုးရမယ်ဆိုတာကို ခုုမှဘာကြောင့် ရေးကြီးခွင်ကျယ်ပြောကြသလည်းဆိုတာ နားမလည်ပါဘူး။ ဖြစ် သင့်တာ ဟိုုးပြဿနာစဖြစ်စဉ် ကနဦးကတည်းက အစိုးရလုပ်ခဲ့သူတွေနဲ့ သက်ဆိုင်သူတွေ လုပ်ခဲ့သင့်တာပေါ့။ ဟိုတုန်းကလည်း တွေ့ဆုံဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ အဆင်မပြေခဲ့လို့ မအောင်မြင်ခဲ့ဘူးဆိုတာလည်း လူတိုင်းသိပါတယ်။ ခုတခါမှာလည်းဘဲ အဆင်မပြေသေးရင်တော့ ဒီလိုဘဲ ကြန့်ကြာနေအုံးမှာဘဲဆိုတာ ရှင်းရှင်းလေးနားလည်လို့ ရပါတယ်။

မေး။ ။ လက်ရှိအခြေအနေမှာ ဒီ NCA မထုိုးနိုုင်သေးပဲကြန့်ကြာနေတာဟာ လက်မှတ်မထုိုးပဲတင်းခံနေတဲ့ တိုုင်းရင်းသားလက်နက်ကိုုင်အဖွဲ့တွေကြောင့်လိုု့ဆိုုတဲ့ ဝေဖန်မှုတွေ အပေါ်မှာရော ဆရာရဲ့အမြင်သိချင်ပါတယ်။
ဖြေ။ ။ ဒီအချိန်မှာ ကျနော်တို့အနေနဲ့ တယောက်ကိုတယောက် လက်ညိုးထိုးအပြစ်ပြောနေရုံနဲ့ အဖြေထွက်လာမှာ မဟုတ်ပါဘူး။ ရွေး ကောက်ပွဲမတိုင်ခင်ကလည်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဘဲ သေချာစေ့စပ်မှုမရှိသေးဘဲ အလျင်စလိုလက်မှတ်ရေးထိုးတာမျိုး မလုပ်သင့်ဘူးဆိုတာကိုလည်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရ ဖြစ်လာတဲ့အခါမှာတော့ မြန်မြန်ထိုးဖို့ မကြာခဏပြောလာပြန်တယ်။ ဖေဖော်ဝါရီ (၁၂)ရက် ပင်လုံမှာ လည်း ပြောခဲ့ပါသေးတယ်။ ရဲရဲတင်းတင်းနဲ့ ယုံယုံကြည်ကြည် လက်မှတ်ထိုးကြဖို့၊ ညီလာခံတက်ဖို့၊ ဆွေးနွေးမှုအဆင်မပြေလည်း အချိန်မရွေးပြန်လည်ထွက်ခွာသွားနိုင်တယ်လို့ ပြောပါတယ်။ ကျနော်တို့က အဲသလို အရဲစွန့်ပြီး ယုံကြည်စွာနဲ့ လက်မှတ်ရေးထိုးပီးမှတော့ ဆွေးနွေးမှုမှာ အဆင်မပြေလည်း ပြန် လည်ထွက်ခွာသွားဖို့ ရည်ရွယ်ချက်မရှိဘူး။ ဒါကြောင့် သဘောတူညီမှု ခိုင်မာမှ လက်မှတ်ရေးထိုးမယ်လို့ ပြောရတာ ဒီအခြေခံပါဘဲ။ ဒီတွေးခေါ်မှုဟာ ၁၉၉ဝ ကာလကျော်တုန်းက စစ်အစိုးရနဲ့ ဆွေးနွေး စဉ်က ပြောခဲ့တဲ့ စကားမျိုး၊ သမ္မတဟောင်းဦးသိန်းစိန်လက်ထက်က ပြောခဲ့တဲ့စကားမျိုးကို ပုံတူကူး ချပြောသလို ဖြစ်တယ်။ ကျနော်တို့က ဆောင်ရွက်ခဲ့မှုအဆင့်ဆင့်တိုင်းမှာ သေချာစေ့စပ်ပြီး ခိုင်မာဖို့ လိုတယ်ဆိုတာကို ဖြတ်သန်းလာရတဲ့ သင်ခန်းစာတွေနဲ့ ပြောနေတာဘဲ ဖြစ်ပါတယ်။ မယုံလို့ မဟုတ်သလို တမင်တကာဟန်ပြအကျိုးစီးပွားအတွက် ရည်ရွယ်ချက်ထားလုပ်နေတာမျိုးတွေဆိုရင် ကျနော်တို့က အစကတည်းက ဒီလိုတွေ့ဆုံမှုမလုပ်ခဲ့ပါဘူး။ အညိုးနဲ့ အမုန်းနဲ့ သာတူညီမျှအသိအမှတ်မပြုဘဲ ဆက်လက်ဆွေးနွေးနေယင်လည်း အဖြေထွက်လာမှာတော့ မဟုတ်ပါဘူး။ ဒါကို သတိချပ်ဖို့ လိုုပါမယ်။

မေး။ ။ NCA မထိုးရသေးတဲ့အဖွဲ့တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မြန်မြန်ပါလာအောင် အစိုးရအနေနဲ့ ဘာလုပ်ပေးသင့်လဲ။
ဖြေ။ ။ အားလုံးကနေ မြန်မြန်ဆန်ဆန် ပါဝင်လက်မှတ်ရေးထိုးစေချင်ရင်တော့ အားလုံးက စိတ်ကျေကျေ နပ်နပ်နဲ့ စိတ်အေးလက်အေး၊ သက်တောင့်သက်သာ လုံခြုံမှုရှိရှိ၊ တန်းတူရည်တူ တွေ့ဆုံဆွေးနွေးနိုင်တဲ့ အခင်းအကျင်းနဲ့ ပတ်ဝန်းကျင်ကို အစိုးရက ဖန်တီးပေးဖို့ လိုပါမယ်။

မေး။ ။ ကယား(ကရင်နီ)ပြည်နယ်အနေနဲ့ KNPP နဲ့ ပြည်နယ်အစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖိုု့ အခြေအနေ ဘယ်လိုရှိလဲ။ တွေ့ဆုံဆွေးနွေးဖိုု့ရောရှိပါသလား။
ဖြေ။ ။ ကေအဲန်ပီပီနဲ့ ပြည်နယ်အစိုးရအကြားမှာတော့ တရားဝင်တွေ့ဆုံမှုတွေရှိသလိုဘဲ မကြာခဏ လိုအပ်မှုအပေါ်မှာ အလွတ်သဘောတွေ့ဆုံမှုတွေ၊ လုပ်ငန်းဆက်စပ်ညှိနှိုင်းမှုတွေ ရှိပါတယ်။ ဒါပေမဲ့ အများအားဖြင့်တော့ KNPP ကနေ NCA မထိုးရသေးတဲ့အပေါ်မှာ အကြောင်းတရားတခုအနေနဲ့ ပြည် နယ်အစိုးရက ကျနော်တို့ကို ဆင်ဝှေ့ရန်ရှောင်လုပ်နေတာမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ နှစ်ဘက်ကြား မှာ နားလည်မှုတည်ဆောက်ပြီး သွားနေရသေးတဲ့အဆင့်ဘဲ ရှိပါသေးတယ်။ အရာရာတိုင်းတော့ အဆင်ပြေတယ်လို့ မပြောနိုင်သေးပါဘူး။ ပြည်နယ်အစိုးရကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပီး သိပ်ထဲထဲဝင်ဝင်ပါဝင်နေတာမျိုးတော့ မရှိတာကို တွေ့နေရသလိုရှိပါတယ်။

မေး။ ။ KNPP သာ NCA ထိုးလိုက်ရင် ဘယ်လိုပြသနာ စိန်ခေါ်မှုတွေရှိသေးလဲ။
ဖြေ။ ။ NCA ဟာ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့အတွက် ပထမခြေလှမ်း အဆင့်သာ ဖြစ်ပါတယ်။ လက်မှတ်ထိုးပြီးတာနဲ့ တန်းပြီး ငြိမ်းချမ်းသွားပြီ၊ ဖက်ဒရယ်ဖြစ်သွားပြီ ဆိုုတာမျိုး မဟုတ်ပါဘူး။ အခြေခံဥပဒေကိစ္စတွေမှာ ကဏ္ဍအများကြီး ညှိနှိုင်းသွားဖို့၊ မူတွေ သဘောတူချမှတ် သွားဖို့၊ အာဏာခွဲဝေမှုကိစ္စ၊ ကာကွယ်ရေး၊လုံခြုံရေး၊လူမှုရေး၊ပညာရေး၊ကျန်းမာရေးစတာတွေဟာ အချိန်အများကြီးယူပြီး အားလုံးပါဝင်ညှိနှိုင်းသွားဖို့ဆိုုတာ တိုတောင်းတဲ့ အချိန်အတွင်းမှာ ပြီးမြောက်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါတွေက ကျနော်တို့အနေနဲ့ ဆက်လက်ကျော်ဖြတ်ရအုန်းမည့် စိမ်ခေါ်မှုတွေလို့ ပြောလို့ ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေတခုလုံးနဲ့ ပတ်သက်နေတာပါ။

မေး။ ။ အစိုးရက လုပ်နေတဲ့ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် KNPP အနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လက်ရှိအစိုးရဟာ မူလကတည်းက ပါဝင်လာခဲ့တာ မဟုတ်တော့ အဆင့်တိုင်းမှာ ညှိနှိုင်းရတာ ပိုပြီး ခက်ခဲကြန့်ကြာနေသလိုတော့ မြင်တယ်။ အစိုးရဘက်က လိုအပ်မှုတွေ ကြီးမားနေတယ်လို့ ဆိုရမလားတော့ မသိပါဘူး။ အချိန်နဲ့ တပြေး ညီ လိုက်ပါဆောင်ရွက်ဖို့ အားနည်းနေတယ်လို့ မြင်ပါတယ်။

မေး။ ။ ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် စီးပွားရေး၊ လူမှုရေးတွေ တိုးတက်ပြောင်းလဲဖို့ အတွက် ဘယ်သူ့အပေါ်မှာ မူတည်လဲ။ အစိုးရအပေါ်လား၊ KNPP အပေါ်လား?
ဖြေ။ ။ ပြည်နယ်ရဲ့ဘက်စုံဖြစ်ပေါ်တိုးတက်မှုအတွက် လောလောဆယ်မှာ ၂၀၀၈ အခြေခံဥပဒေ ပြဌာန်း ချက်အရဆိုရင် KNPP အနေနဲ့ တရားဝင်အသိအမှတ်ပြုမခံရသေးတဲ့ တရားမဝင်အသင်း အဖွဲ့တခု အဆင့်မှာဘဲ ရှိပါသေးတယ်။ ဒါကြောင့် ပြည်နယ်အစိုးရမှာဘဲ တာဝန်ရှိပါတယ်။ KNPP ကတော့ ဥပဒေဘောင်အပြင်ဘက်ကနေ အစိုးရနဲ့ လိုအပ်မှုအပေါ်မှာ ပံ့ပိုးကူညီရအုံးမဲ့ အဆင့်မှာဘဲ ရှိပါတယ်။ ပြည်နယ်မဖွံ့ဖြိုးမတိုးတက်တာက အခြေခံဥပဒေက အာဏာခွဲဝေတာ၊ အုပ်ချုပ်ရေးစံနစ်နဲ့ အကောင်အထည်ဖော်တဲ့ စီမံကိန်းတွေအပေါ်မှာဘဲ မူတည်ပါတယ်။ အကောင်အထည်ဖော်သူတွေက လည်း စိတ်စေတနာအရင်းခံနဲ့ လူထုအကျိုးကို ဦးထိပ်ထားဆောင်ရွက်ပါမှ တိုးတက်မှာပါ။ တရားဝင် အဖွဲ့အစည်းတခုအနေနဲ့ ဖြစ်လာပြီး နိုင်ငံရေးပါတီတခုလို ပါဝင်ဆောင်ရွက်လာရတော့မယ်ဆိုယင် တော့ KNPP မှာလည်း တာဝန်ရှိပါတယ်။ အကူးအပြောင်းကာလမှာတော့ နားလည်မှုအောက်မှာဘဲ ဥပဒေက ခွင့်ပြုထားနိုင်တဲ့ အဆင့်မှာဘဲ ပူးပေါင်းဆောင်ရွက်နိုင်အုန်းမှာ ဖြစ်ပါတယ်။

မေး။ ။ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး NCA လက်မှတ် မထိုးရင် ၂၁ရာပင်လုံ ဒုတိယအကြိမ်အစည်းအဝေးက ဘယ်လိုအခြေအနေတွေ ဖြစ်လာနိုင်လဲ။
ဖြေ။ ။ (၂၁)ရာစုပင်လုံညီလာခံမှာ လက်နက်ကိုင်အဖွဲ့အားလုံးလက်မှတ်မရေးထိုးနိုင်သေးရင်တော့ ညီလာခံဟာ အခင်းအကျင်းသိပ်လှမှာတော့ မဟုတ်ဘူး။ ပြီးပြည့်စုံတဲ့ ဆွေးနွေးမှု၊ အဖြေရှာမှုနဲ့ ရလာဒ် ကောင်း ရလာဖို့တော့ မမြင်ပါဘူး။

မေး။ ။ တစ်ကယ်လို့ UNFC အဖွဲ့ဝင်တွေကို ၂၁ရာစုပင်လုံ ဒုတိယအကြိမ်မှာ NCA မထိုးနိုင်ခဲ့လို့ လေ့လာသူတွေအနေနဲ့ပဲ ဖိတ်ကြားခဲ့မယ်ဆိုရင် ဆရာတို့အနေနဲ့ တက်မလား။
ဖြေ။ ။ UNFC အနေနဲ့ ပြောခဲ့တာ များပါပြီ။ NCA မထိုးနိုင်သေးလို့ လေ့လာသူ၊ အထူးဖိတ်ကြားသူ စတာမျိုးတွေနဲ့ ညီလာခံကို တက်ရောက်ဖို့ ဖိတ်ကြားရင် တက်မှာမဟုတ်ဘူးဆိုတာကို ပြောခဲ့ပြီးဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ UNFC အဖွဲ့ဝင်တွေဟာလည်း ownership ဖြစ်သလို ဆွေးနွေး ဘက်တွေလည်း ဖြစ်ပါတယ်။

spot_img
spot_img

Recent posts