ကရင်နီပြည်ကို စစ်အင်အားဖြည့်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းကို ဝင်လာနေကြောင်း KNDF ထုတ်ပြန်

0
347

ကန္တာရဝတီတိုင်း(မ်)

အကြမ်းဖက်စစ်ကောင်စီတပ်မှ ခန့်မှန်းအင်အား ၄၀၀ ခန့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ဖက်မှ ရှမ်းပြည်နယ်တောင်ပိုင်း ဆီးဘူးကျေးရွာကို ဖြတ်ပြီး ကရင်နီ(ကယား)ပြည်နယ် ဒီမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းကို အင်အားအလုံးအရင်းဖြင့် ရောက်လာတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေးက ဒီကနေ့ ဇွန်လ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်နယ်ရှိ ပြည်သူလူထုများ၊ ပြည်သူ့ကာကွယ်ရေးတပ် နဲ့ တော်လှန်ရေးအဖွဲ့အစည်းများမှ သတိရှိကြရန်နဲ့ ပြည်သူလူထုလုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ကြဖို့ အတွက်လည်း နှိုးဆော်ထားပါတယ်။

ယမန်နေ့(ဇွန်လ ၈ရက်)နေ့ မွန်းလွှဲ ၂ နာရီဝန်းကျင်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNDF တို့ အပြန်အလှန်ပစ်ခစ်မှု ၂ နာရီကျော် ကြာမြှင့်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေစဉ် ဒီမော့ဆိုလမ်းခွမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ရပ်ကွက်အတွင်း လုံခြုံရေးယူနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က ဒီမော့ဆိုမြို့နယ် ထွီလီးဘီလာကျေးရွာအနီး တောင်ပေါ်မှာတပ်စွဲထားပြီး လူနေရပ်ကွက်ထဲကို လက်နက်ကြီး၊ စနိုက်ပါတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဒီမော့ဆိုမြို့တွင်းကို နေ့စဉ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် ရပ်ကွက်အချို့က လူနေအိမ်များ မီးလောင်းပျက်စီးသွားတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။