spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်နယ်မှာ စစ်ရှောင်ပြည်သူတွေအတွက် လုံခြုံတဲ့ စစ်မဲ့ဇုံ သတ်မှတ်ဖို့လိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေနဲ့ လက်နက်ကြီးတွေ ထိုးစစ်ဆင်ခံနေရတဲ့ ကရင်နီပြည်သူလူထုတွေရဲ့ ဘဝ လုံခြုံတဲ့ စစ်မဲ့ဇုံ Safe Zone သတ်မှတ်ဖို့ အရေးတကြီးလိုအပ်နေပြီဖြစ် တယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC) ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်ဆန်းမြင့် က ပြောပါတယ်။

“ဒီ safe zoneတွေက ဒီနိုင်ငံတစ်ခုရဲ့ ပြည်တွင်းစစ်အတွင်းမှာပေါ့နော။ ဒီ အကောင်အထည်ဖော်ဖို့ ကတော့ ခက်တယ်လို့ ပြောတယ်။ ဒီလိုပြောလို့ကတော့ ကျနော်တို့ မှာ မရပါဘူး။ ခက်ခဲတယ်ဆိုတာကိုပေါ့နော။ ကျနော်တို့ က လူသားတွေဖြစ်တယ်။ ဒါကြောင့်မလို့ လူသားတစ်ဦးချင်းစီတိုင်းရဲ့ အသက်ရှင်ပိုင်ခွင့်ကို တန်ဖိုးထားပြီးမှ နိုင်ငံတကာ အပါအဝင်ပေါ့နော။ ကျနော်တို့ ဝိုင်းဝန်းဆောင်ရွက်ကြဖို့တော့ လိုအပ်တယ်။ ”

ဒီကနေ့(ဇန်နဝါရီ ၁၇)ရက်နေ့ မနက်ပိုင်းမှာဆိုရင်လည်း ဖရူဆိုမြို့အနောက်ဖက်ခြမ်းက စစ်ရှောင်စခန်း နှစ်နေရာကို စစ်ကောင်စီကနေပြီး လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ် ၂ ဦးနဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။

ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ညနေ ၅ နာရီလောက်မှာလည်း ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့ဘက်မှာ စစ်ရှောင်တွေ အများစုလာရောက်နေထိုင်တဲ့နေရာကို စစ်ကောင်စီက ဗုံကျဲတိုက်ခိုက်ခဲ့တာကြောင့်လည်း ပရဟိတ လူငယ် ၃ သေဆုံးသွားရတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ရက်နေ့မှာလည်း စစ်ကောင်စီက လွိုင်ကော်မြို့ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
လက်နက်ကြီးအသံကြောင့် နန်းမယ်ခုံအမျိုးသမီးတစ်ဦး လန့်ပြီး သေဆုံးသွားခဲ့ပါတယ်။

နေရပ်ဒေသမှာ တိုက်ပွဲဖြစ်ပွားလို့ စစ်ရှောင်စခန်းမှာ နေထိုင်နေရပေမယ့်လည်း အသက်အန္တာရာယ်အတွက် စိုးရိမ်နေရသေးတယ်လို့ ကရင်နီပြည်နယ် စစ်ရှောင်ပြည်သူ တစ်ဦးက ပြောပါတယ်။

“ ကျမအနေနဲ့ကတော့ အဓိက လုံခြုံရေးပေါ့နော။ လုံခြုံရေးက အဓိက ဖြစ်နေပါတယ် ကျမတို့က အသက်လုံခြုံရေး စစ်ဘေးရှောင်တွေ အားလုံးအတွက်ကော ပေါ့နော။ အသက်လုံခြုံရေးက အဓိက ဖြစ်နေပါတယ်။ ပြီးတော့ ဒုတိယ က စားနပ်ရိက္ခာ၊ နေရေးထိုင်ရေး ပေါ့နော။” လို့ ကရင်နီပြည်နယ်က စစ်ရှောင်ပြည်သူတစ်ဦးက ဆိုပါတယ်။

မေလကတည်းကဒီးမော့ဆိုမြို့ပေါ်မှာ စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာရာကနေ အခုဆို စစ်ဘေးရှောင်ပြည်သူတွေအထိ စစ်ကောင်စီက တိုက်ခိုက်နေတာကြောင့် ထပ်ဆင့် ပြေးနေကြရပြန်ပါတယ်။
တိုက်ပွဲတွေကြောင့် တစ်ခြား နီးစပ်ရာပြည်နယ်တွေထဲ တိမ်းရှောင်ကြရသူတွေနဲ့ နယ်စပ်ဖက် စစ်ရှောင်နေကြရသူတွေ ရှိပါတယ်။ ပြန့်ကျဲနေတဲ့စစ်ရှောင်တွေအတွက်ကတော့ လိုအပ်ချက်တွေ၊ အခက်အခဲတွေ ရှိနေကြတာဖြစ်ပါတယ်။

“ လက်ရှိ ကရင်နီပြည်ရဲ့ စစ်ဘေးရှောင် အနေအထားသည် လုံးဝ လိုအပ်ချက်က အမြင့်ဆုံး ဖြစ်နေပါတယ်ပေါ့နော။ တချို့ အဖွဲ့အစည်းတွေဆိုရင် လိုအပ်ချက် ဘာရှိလဲလို့ မေးနေစရာမလိုတော့ဘူးပေါ့နော။ အခုလက်ရှိက အရေးပေါ်ကူညီကယ်ဆယ်မှုကို ချက်ချင်း လုပ်ရမယ့် အနေအထားဖြစ်တယ်။ “ လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်(KCSN) မော်ဒေးမြာ ကဆိုပါတယ်။

ဒီကနေ့အထိ စစ်ရှောင် လူဦးရေဟာဆိုရင် ကရင်နီပြည်နယ်လူဦးရေရဲ့ ထက်ထက်နီးပါး (တစ်သိန်းခုနစ်သောင်းကျော်) ရှိလာနေပြီဖြစ်ပါတယ်။

ကရင်နီပြည်နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက သတ်ဖြတ်ခံရတဲ့ အရပ်သား ၁၈၂ဦးရှိနေတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) က ဇန်နဝါရီလ ၇ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts