spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုရှိနေတဲ့အတွက် ပြည်သူတွေ ဗုံးခိုကျင်းတူး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ စစ်ရှောင်စခန်းတွေအထိပါ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတာကြောင့် စစ်ဘေးရှောင်တွေဟာ ဗုံးခိုကျင်းကို တူးနေကြရတယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

“ လာကြော်ညာတယ်ကော ကားနဲ့ ရဲဘော်တွေလားမသိဘူး။ ကိုယ့်ပြည်သူတွေအတွက် လုံခြုံဖို့ဆိုပြီးတော့မှ လေယာဉ်လာလို့ရှိရင် ဗုံးခိုကျင်းမှာ ခဏတစ်ဖြုတ်ခိုလို့ ရတာပေါ့။ လူ့အသက်အနေနဲ့ ပစ္စည်းကတော့ မတတ်နိုင်ဘူးပေါ့နော။ ”

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၁နာရီဝန်းကျင်က ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း ရီခီးဘူးစစ်ရှောင်စခန်းကို လေယာဉ်နဲ့ ဗုံးလာကြဲခဲ့ပြီး ၁၈ နှစ်အောက် ညီအစ်မနှစ်ယောက်နဲ့ အသက် ( ၅၂)နှစ်အရွယ်အမျိုးသားတစ်ဦး တို့ ပွဲချင်းပြီး သေဆုံးသွားခဲ့ရပါတယ်။

ထောင်နဲ့ချီတဲ့ ရီခီးဘူးစစ်ရှောင်ပြည်သူတွေဟာလည်း တောထဲတောင်ထဲကို တစ်ကွဲတစ်ပြား ထပ်မံရှောင်နေခဲ့ကြရပါတယ်။

အလားတူ ဇန်နဝါရီလ ၁၆ ရက်နေ့မှာလည်း တိုက်ပွဲမဖြစ်ပွားဘဲ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၁၈ နှစ်အောက် ပရဟိတကျောင်းသားလူငယ်သုံးဦးတို့ သေဆုံးခဲ့ရပါတယ်။

တိုက်ပွဲမဖြစ်ပွားပေမယ့်လည်း စစ်ကောင်စီက လေယာဉ်ဝဲတာတွေ ပြုလုပ်တဲ့အတွက် စိုးရိမ်မှုတွေရှိနေတယ်လို့ စစ်ရှောင်ပြည်သူတစ်ဦးက ဆက်ပြောပါတယ်။

“ လေယာဉ်လာလို့ရှိရင် စိုးရိမ်တာ ရှိတယ်ပေါ့နော။ ဒါပေမယ့် သူလာတဲ့အချိန်နဲ့ သူချတဲ့အချိန် ဘယ်သူမှ မတွေ့ဘူးလေ။ မတွေ့ဘူး မခန့်မှန်းဘူး။ အဲ့လောက်လည်း ကံလို့ဘဲခံယူလိုက်တယ်။ လာတဲ့အချိန်က ခဏတစ်ဖြုတ်ဘဲခိုလိုက်မယ်။ မသိတဲ့ မကြားလိုက်တဲ့အချိန်ဆို အိမ်မှာဘဲခိုရတယ်ပေါ့နော။ “

အရပ်သားပြည်သူ ကာကွယ်ဖို့ နဲ့ ကူညီထောက်ပံ့ပေးနိုင်ဖို့ ကုလသမဂ္ဂအဖွဲ့ထံ တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) ၊ ကရင်အမျိုးသားအစည်းအရုံး ( KNU ) ၊ ချင်းအမျိုးသားတပ်ဦး ( CNF ) တို့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။

လူသားချင်းစာနာမှု အထောက်အထားတွေကို UN အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ထုတ်ပြန်တောင်းဆိုရတာဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP) အတွင်းရေးမှူး ( ၂ ) ဦးဆောင်ဆန်းမြင့်က ပြောပါတယ်။

“ ဒါကတော့ ကျနော်တို့ အခုလောလောဆယ်ကတော့ ကျနော်တို့ ဘဝတူလေ ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ အဲ့လောက်ပြင်းထန်နေတာလေ။ ချင်းပဲဖြစ်ဖြစ်၊ ကရင်ပဲဖြစ်ဖြစ်၊ ကျနော်တို့ ကရင်နီပဲဖြစ်ဖြစ် ပေါ့နော။ တိုက်ပွဲပြင်းထန်နေတဲ့ အတွက် ပြည်နယ်တွေထဲမှာ ကျနော်တို့ ပြည်သူလူထုတွေလည်း တော်တော်လေး ဒုက္ခရောက်နေတယ်။ စကစ ကလည်း ကျနော်တို့ ကို လက်နက်ကြီးတွေ၊ အမြောက်တွေ၊ နောက် လေယာဉ် တွေ နဲ့ ပြည်သူလူထုပါ မရှောင်ဘူးပေါ့နော။အဲ့လိုမျိုး လုပ်နေတဲ့အတွက် ဒါတွေကို ကျနော်တို့ အမြန်ဆုံးရပ်တန့်နိုင်ဖို့ အတွက်ပေါ့နော။ ဒီလူသားချင်းစာနာတဲ့ အထောက်အပံ့တွေကို အမြန်ဆုံး ကျနော်တို့ UNအပါအဝင်ပေါ့နော။ နိုင်ငံတကာ အဖွဲ့အစည်းတွေက အမြန်ဆုံးအကောင်အထည်ဖော်သွား ပေးကြဖို့ ဆိုပြီးတော့မှ ကျနော်တို့ လုပ်တာပဲဖြစ်တယ်လေနော။ အဲ့ဒီ သုံးဖွဲ့ကတော့ ကျနော်တို့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အဖွဲ့တွေပဲကောနော အဲ့တာကြောင့်ပါ။ ”

၂၀၂၂ခုနှစ်အတွင်း ကရင်နီပြည်နယ်မှာ လက်နက်ကြီးထိမှန်ပြီးသေဆုံးသူ၊ လက်နက်ကြီးအသံကြောင့် ထိတ်လန့်ပြီးသေဆုံးသူ၊ လေယာဉ်ဗုံးကြဲလို့ သေဆုံးသူ အရပ်သား ၂၀ကျော်ရှိနေပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ရှောင်စခန်းတွေအထိပါ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်မှုကို ကရင်နီပြည်ရဲဌာန ( KSP )က နိုင်ငံတကာခုံရုံး ( ICC ) မှာ တရားစွဲဆိုသွားမယ်လို့ KSP ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုက ဇန်နဝါရီလ ၁၉ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားခဲ့ပါတယ်။

spot_img
spot_img

Recent posts