spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု များလာဟုဆို

ကန္တာရဝတီတိုင်း(မ်)


ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသလို အုပ်ချုပ်ရေးနဲ့ တရားစီရင်ပြုရေးဟာလည်း အားနည်းမှုရှိနေတဲ့အတွက်
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲမှု များလာတယ်လို့ သိရပါတယ်။


ကရင်နီပြည်ရဲဌာန (KSP) နဲ့ ကရင်နီဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကနေပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို ဖမ်းဆီးလုပ်ဆောင်တာရှိပါတယ်။

မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုကို ဒေသန္တာရ ဉပဒေအတိုင်း ဆုံးဖြတ်ချက်ချပြီး ပြန်လွှတ်ပေးတာတွေ၊ အသိပညာပေး ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးတာတွေ ရှိတယ်လို့ KSP တာဝန်ရှိသူတစ်ဦး ဖြစ်တဲ့ ကိုဘိုဘိုက ပြောပါတယ်။

“ မူးယစ်ဆေးဝါးမှုမှာ ဒီအောက်ခြေက အနည်းနဲ့ မိတာမျိုး ဆိုလို့ရှိရင် ကျနော်တို့က အရင်လို လေးငါးနှစ် ချတာမျိုးမဟုတ်ဘဲ ပြုပြင်ထိန်းသိမ်းဖို့အတွက် ခံဝန်ကတိနဲ့ ပြီးတော့မှ သူ့ကို အရေအတွက်ပေါ် မူတည်ပြီးတော့မှ ကျနော်တို့ အရင်လို လေးငါးနှစ် မချတော့ဘဲနဲ့ သူ့ကို သတိပေးတာမျိုး ဒီမူးယစ်ဆေးဝါးသုံးတဲ့အတွက် မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေကို ရှင်းပြပြီးတော့မှ သူ့ကို ခံဝန်ကတိနဲ့ နောက်တခေါက်ဆို ပြစ်ဒဏ်ပိုကြီးမယ် အဲလိုပုံစံနဲ့ လုပ်တာမျိုး များတယ်ဗျ။ ” လို့ ကိုဘိုဘိုက ပြောပါတယ်။

KSP ၊ KNDF ၊ KA ပူးပေါင်းတပ်ဖွဲ့ ထိန်းချုပ်နယ်အတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ဆောင်ရွက်နေတာရှိပါတယ်။

သို့ပေမယ့် လက်ရှိမှာ စစ်ရေးကို ဦးစားပေးရတဲ့အတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာတွေ မရှိသေးဘူးလို့ ကရင်နီပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒု-ဝန်ကြီး ခူဒယ်နီယာ ကပြောပါတယ်။

“ မြို့နယ် အုပ်ချုပ်ရေးမှူး အောက်ကနေ မြို့နယ် ပြောက်ကျားတပ်ဖွဲ့တွေရှိတယ်။ နောက်ပြီးတော့ခရိုင်တပ်ဖွဲ့တွေလည်း ရှိတယ်။ နောက်KSPလည်း ရှိတယ်။ အဲ့ဒီ အဖွဲ့ကနေပြီးတော့မှ လက်လှမ်းမှီသလောက် သူတို့တော့ ဖမ်းဆီးတယ်။ စစ်ဆေးတယ်။ သိမ်းဆည်းတယ် ဒါတွေတော့ သူတို့ လုပ်တယ်။ ဒါပေမယ့် အားလုံးတော့ လက်လှမ်းမမှီနိုင်ဘူး ဘာဖြစ်လို့လဲဆိုရင် စစ်ကောင်စီတိုက်ခိုက်ရေးကိုပဲ အဓိက အာရုံစိုက်နေကြတော့ ဒီ မူးယစ်ဆေးဝါး လုပ်ငန်းကိုတော့ ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ အခုတော့ အစီအစဉ်သစ် တစ်ခုအနေနဲ့ ချမှတ်ပေးဖို့တော့ ရှိတယ်။ သို့သော် အခုလက်ရှိကတော့ မပြီးသေးဘူး။ “ လို့ ခူဒယ်နီယာယ်က ဆိုပါတယ်။

၂၀၂၂ခုနှစ်အတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း ၃၊ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၄ တို့ရဲ့ ထုတ်ပြန်ချက်တွေအရ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဖြစ်တဲ့ WY စိတ်ကြွရူးသွပ်ဆေးပြား ၊ ယာမ စတာတွေ စုစုပေါင်း မူးယစ်ဆေးအလုံး လေးသောင်းရှစ်ထောင်ကျော်အပြင် သက်သေခံပစ္စည်းတွေကို KSP က သိမ်းဆည်းရမိထားပါတယ်။

KNDF ဟာစစ်ရေးကို အဓိကဦးစားပေးလုပ်ဆောင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ကိစ္စရပ်မှာတော့ တိကျတဲ့စီမံမှု လုပ်ဆောင်တာမရှိပေမယ့် KSP နဲ့ ပူးပေါင်းဆောင်ရွက်မှု အပြည့်အဝရှိတယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူ များလာတဲ့အတွက် တပ်အတွင်းမှာပါ မူးယစ်ဆေးဝါးသုံးစွဲလာကြမှာကို စိုးရိမ်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF အတွင်းရေးမှူး (၂) မာဝီ က ဆိုပါတယ်။

“ မူးယစ်ဆေးဝါးကတော့ ကရင်နီပြည်မှာပိုပြီးတော့မှ များလာတာဟုတ်တယ်။ ပိုပြီးတော့ ရောင်းဝယ်တာကော သုံးစွဲတဲ့သူတွေကော အလွယ်တကူရနေတယ်ဆိုတဲ့ဟာမျိုးတွေ ဖြစ်တယ်ပေါ့နော။ ကျနော်တို့တပ်တွင်းမှာလည်း ဒါကို အလေးအနက်ထားတယ် ကျနော်တို့တပ်သားတွေက ဒီလိုမျိုး သုံးစွဲမှာကို စိတ်ပူတယ်ပေါ့နော ” လို့ မာဝီက ပြောပါတယ်။

KSP ၊ KA ၊ KNDF ပူးပေါင်းတပ်ဖွဲ့မှ တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ သုံးစွဲမှုတွေကို ထိရောက်စွာအရေးယူတာ၊ အသိပညာပေးတာ လုပ်ဆောင်လျက်ရှိနေပြီး ယခင်က သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးကို အချိန်ကာလတစ်ခုရောက်ကျရင် စုပေါင်း ဖျက်ဆီးသွားမယ်လို့ KSP တာဝန်ရှိသူက ပြောဆိုထားတာရှိပါတယ်။

spot_img
spot_img