spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီလူငယ်တွေကို ထောင်ဒဏ်ချမှတ်လိုက်တာဟာ နိုင်ငံရေးရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သည်ဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီလူငယ်တွေကို ထောင်ဒဏ်ချမှတ်လိုက်တာဟာ နိုင်ငံရေးရာဇဝတ်မှုကျူးလွန်တာဖြစ်ကြောင်း ကရင်နီလူငယ်ခူးကြူးဖဲကေးက ပြောကြားလိုက်သည်။ ယနေ့လွိုင်ကော်မြို့နယ်တရားရုံးတွင် ထောင်ဒဏ်ခြောက်လချမှတ်ခံရအပြီး မီဒီယာများရဲ့မေးမြန်းမှုအပေါ်သူက ပြောကြားလိုက်ခြင်းဖြစ်သည်။

“အမျိုးသားတန်းတူရေနဲ့ငြိမ်ချမ်းရေးကို ကြွေးကြော်ပြီးတက်လာတဲ့အစိုးရလက်ထက်မှာ တိုင်းရင်းသား သမိုင်းနဲ့တိုင်းရင်းသားအခွင့်အရေးတွေကို တောင်းဆိုတဲ့သူတွေကို ထောင်သွင်းအကျဉ်းချတာဟာ အင်မတန်မှ ရုပ်ဆိုးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ ဆိုတော့ အမျိုးသားတန်းတူရေးလို့ပြောပြီးတော့ တိုင်းရင်းသားတွေကိုဖိနှိပ်နေတာဟာ နိုင်ငံရေးရာဇဝတ်မှုကျူးလွန်နေတာဘဲဆိုတာကို ဒီနေ့ဒီမှာအားလုံး မျက်ဝါးထင်ထင်တွေ့ပြီးဖြစ်တယ်။ ဆိုတော့ ဒါဟာနိုင်ငံရေးရာဇဝတ်မှု ကျူးလွန်တာဘဲဖြစ်တယ်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံထောင်ချခံကရင်နီနောက်တစ်ဦးဖြစ်သည့် ခွန်းသောမတ်စ်က ကရင်နီသမိုင်းကို ကာကွယ်တဲ့အနေနဲ့ကရင်နီ လူငယ်ထုတွေရဲ့လှုပ်ရှားမှုကိုဟန့်တားပြီး သူတို့ကို ဖမ်းဆီးလိုက်တာဒီမိုကရေစီအစိုး ရလို့ပြောပေမဲ့ အာဏာရှင်ဆန်နေသေးသည် ဟုဆိုသည်။

“ကျနော်တို့ဟာ ဖမ်းဆီးထောင်ချခံရမဲ့သူ ဖမ်းဆီးထောင်ချခံသင့်တဲ့သူတွေမဟုတ်ပါဘူး ဖမ်းဆီးထောင်ချဖို့ ခိုင်လုံတဲ့အကြောင်းလည်းမရှိပါဘူး သို့သော် .. ဒီကနေ့ကျနော်တို့ကို ဖမ်းဆီးထောင်ချလိုက်တာဟာ ဒီမိုကရေစီ အစိုးရလို့ပြောပေမဲ့ အာဏာရှင်ဆန်နေသေးတာကိုပြတာပါဘဲ” ဟုဆိုသည်။

မြန်မာပြည်ဟာ ကမ္ဘာမှာ အရှည်လျားဆုံးဖြစ်တဲ့ ပြည်တွင်း စစ်ကို ဆင်နွှဲနေရပြီး စစ်ဖြစ်ရခြင်းရဲ့အခြေခံအကြောင်းတရားဖြစ်တဲ့ တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်မရှိခြင်းတို့ဟာအဓိကပြသနာဖြစ်တယ်ဆိုတာကို NLD အစိုးရအနေနဲ့ ခုချိန်ထိသင်ခန်းစာမယူတတ်သေးဘူးလို့ လူငယ် နောက်တစ်ဦးဖြစ်တဲ့ ခူးရီးဒူးကပြောသည်။

“မြန်မာပြည်ဟာ ကမ္ဘာမှာ အရှည်ကြားဆုံးပြည်တွင်းစစ်ကိုတိုက်နေရတာဟာ တိုင်းရင်းသားတန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်တာကြောင့် ဖြစ်တယ်ဆိုတာ NLD အစိုးရက အခုထိမသိသေးဘူး၊ အခုလိုတိုင်းရင်းသားတွေကိုဖိနှိပ်နေမယ်ဆိုရင် ပြည်တွင်းစစ်က နောက်နှစ်ပေါင်း တစ်ရာနှစ်ရာတိုက်လဲပြီးမှာမဟုတ်ဘူး ” ဟုပြောကြားခဲ့သည်။

ကယားပြည်နယ်လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စထားရှိရေးနှင့်ပတ်သက်ပြီး ကရင်နီလူငယ်များ ကြိုတင်ကန့်ကွက်ခဲ့သည့်ကြားက ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုလ်နှင့် စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့က အဓိကဦးဆောင်ပြီးဖြစ်မြောက်အောင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ကြေးရုပ်ထုကို လွိုင်ကော်မြို့ကန္နာဟေဝန်ပန်းခြံတွင်ထားရှိခဲ့ခြင်းဖြစ်ပြီး ယင်းနောက်ပိုင်း ကရင်နီလူငယ်ထုအကြား ကြေးရုပ်ထုဆန့်ကျင်မှုပိုမိုပြင်းထန်လာခဲ့ပြီး ကြေးရုပ်ထုကန့်ကွက်ဆန္ဒပြမှုကို ရဲတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်အသွင်ဖြိုခွဲခဲ့ကြပြီး ရာဘာကျည်ပစ်ခတ်သည့်အထိဖြစ်ပေါ်ခဲ့ကာ လူငယ် ၂၀ ကျော်အထိ ဒဏ်ရာရရှိခဲ့သည်။

ယနေ့ထောင်ဒဏ်ခြောက်လ ချမှတ်ခံခဲ့ရသော ကရင်နီလူငယ်ခြောက်ဦးဖြစ်သည့် ကိုဒီးဒီ (ခ)စစ်မုန်း၊ မျိုးလှိုင်ဝင်း(ခ) ခူးပါစကွားလယ်၊ ခွန်းသောမတ်စ်၊ ခူးရီးဒူး ၊ ဂျွန်ပေါလ် နှင့် ခူးကြူးဖဲကေး (ခ) ဂူဂူးတို့မှာ ကြေးရုပ်ထုဖြစ်မြောက်ရေး အဓိကတာဝန်ရှိသူများဖြစ်သည့် ကယားပြည်နယ် ဝန်ကြီးချုပ် အယ်ဖောင်းရှိုနှင့် ဝန်ကြီး ဦးမော်မော်တို့ကို နိုင်ငံရေး ရာဇဝတ်ကောင်များ၊ ကရင်နီ အမျိုးသား သစ္စာဖောက်များ၊ တိုင်းရင်းသားများ သွေးစည်းချစ်ကြည်ရေး ၏ ရန်သူများ၊ ကျေးဇူးကန်းသူများအဖြစ် ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့တွင် ကြေညာသည့် ကြေညာချက်ကြောင့် ကယားပြည်နယ် အစိုးရက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံရေး ပုဒ်မ ၁၀ ဖြင့် တရားစွဲ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ငါးလဝန်းကျင်အမှုရင်ဆိုင်ပြီးနောက် ယနေ့တွင် ထောင်ဒဏ်ချမှတ်ခံလိုက်ရခြင်းဖြစ်သည်။

လူငယ်များအနေဖြင့် ထောင်ဒဏ်အပြစ်ပေးခံလိုက်ရသော်လည်းထောင်ထဲတွင်နေရခြင်းကို သူတို့အတွက် အားယူနေခြင်းအဖြစ်သာသတ်မှတ်ပြီး ထောင်ကလွတ်လာလျှင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ယနေ့မီဒီယာနှင့်တွေ့ဆုံပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကရင်နီ လူငယ်များအနေဖြင့်ကြေးရုပ်ထုကို အပြီးပိုင်ဖျက်သိမ်းရေး (သို့မဟုတ်) လက်ရှိပြည်သူပိုင်ပန်းခြံမှ ရွေ့ပြောင်းပြီး NLD နှင့်သက်ဆိုင်သည့် အဆောက်အဦးနေရာတွင်ပြောင်းရွေ့ပေးဖို့ အဓိကတောင်းဆိုထားသည်။

spot_img
spot_img

Recent posts