spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီလူမျိုးစုတွေရဲ့ တံခွန်တိုင်ပွဲ (ခေါ်) ကေ့ထျိုးဘိုး ပွဲကို ပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ရှိ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ တံခွန်တိုင် (ခေါ် )ကေ့ထျိုးဘိုး ရိုးရာပွဲကို ဧပြီလ ၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ် ထဲက ဟိုဝမ်(အောက်)ရွာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

နှစ်စဥ်နှစ်တိုင်း ရိုးရာမပျက်ထိန်းသိမ်းလာခဲ့ပြီး စည်ကားစွာကျင်းပလေ့ရှိတဲ့ ကေထျိုးဘိုး ရိုးရာပွဲဟာ ယခုနှစ်မှာတော့ နိုင်ငံရေးမတည်မငြိမ်မှုကြောင့် အခက်အခဲတွေကြားကနေ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့တယ်လို့ ရပ်မိရပ်ဖတစ်ဦးကပြောပါတယ်။

” ဒီနှစ်ကတော့ ခါတိုင်းနှစ်လိုမျိုး စိတ်လွတ်ကိုယ်လွတ် ပျော်ပျော်ပါးပါး လုပ်လို့မရတဲ့ အနေအထားမျိုးတော့ရှိပါတယ်။ တာပေမယ့် ကျနော်တို့အတတ်နိုင်ဆုံးပေါ့နော် အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားပြီးတော့ အရင်နှစ်ပုံစံနဲ့ တူအောင်တော့ လုပ်သွားမှာပဲ။ တာပေမယ့် အခက်အခဲကတော့ ပိုပြီးတော့ ရှိတာပေါ့ ဒီနှစ်တော့” လို့ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။

တံခွန်တိုင် စိုက်ထူရခြင်းရည်ရွယ်ချက်ကတော့ အဓိက ရာသီဥတုမှန်ကန်ဖို့၊ ရောဂါဘယ ကင်းရှင်းဖို့နဲ့ ငြိမ်းချမ်းရေးရရှိဖို့အရေး ဦးတည်ပြီးမှ စိုက်ထူခြင်းဖြစ်တယ်လို့ သိရပါတယ်။အခုလိုပွဲတော်ကျင်းပတဲ့ ရက်တွေမှာ လာရောက် လည်ပတ်တဲ့ ဧည့်သည်တွေကို ကျွေးမွေးဧည့်ခံဖို့ ဒေသခံတွေက ပြင်ဆင်လေ့ရှိပေမဲ့ အခုနှစ်မှာ စစ်ရှောင်နေကြရတဲ့ ပြည်သူတွေများတဲ့ အတွက် ဧည့်ခံကျွေးမွေးဖို့ အခက်အခဲတွေရှိနေပါတယ်။

” ဘယ်လိုရုန်းကန်ရလဲဆိုတော့ ရှိတဲ့ဟာလေးနဲ့ပဲ ဝိုင်းပြီးလုပ်ကြတယ်ပေါ့နော်။ ကျနော်တို့ အချင်းချင်းတွေ ဝိုင်းကူပြီးလုပ်ကြတယ်ပေါ့ ။ အရင်လိုမျိုးတော့ မလုပ်နိုင်တော့ဘူး တအားကွာသွားပြီကော။ ဝင်ငွေလည်းမရှိ နောက်ပြီးတော့ ဆန်စပါးလည်း မီးတွေရှို့ခံရကုန်ပြီ၊ အိမ်လည်းမီးလောက်ကုန်တယ်လေး ရွာထဲမှာဆို အိမ်လည်းမရှိတော့ဘူး အဲ့လိုမျိုးဖြစ်နေတယ်” လို့ ဟိုဝမ်(အောက်) ရွာမှာ စစ်ရှောင်လာတဲ့ ဦးထွန်းစိန် ကပြောပါတယ်။

တစ်နှစ်မှတစ်ကြိမ်သာ ပြုလုပ်လေ့ရှိတဲ့ ရိုးရာပွဲကို စစ်ရှောင်အများစုက အလှူုရှင်ထံမှရတဲ့ ငွေကြေးအနည်းငယ်နဲ့ ဆန်တစ်ချို့ကို သုံးပြီးဧည့်ခံရတာမို့ ပွဲပြီးသွားရင် စားဖို့အတွက် ပြန်ပူပန်ရတယ်လို့ ဆိုပါတယ်။

ယခုနှစ် ရိုးရာကေထျိုးဘိုးပွဲတော်ကို အဓိကဖြစ်တဲ့ ကြက်ရိုးထိုးခြင်း တံခွန်တိုင် တိုင်တော်ထူခြင်းနှင့် တိုင်ဘေးပတ်လည်တွင် ရိုးရာအကဖြင့် ကပြပူဇော်ခြင်း တွေကိုသာ အကျဥ်းချုပ်ပြုလုပ်ကြတယ်လို့ သိရပါတယ်။

spot_img
spot_img