spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီသင်္ကြန်

Author

Date

Category

အိ (ကန္တာရဝတီတိုင်း(မ်))

သင်္ကြန်ရောက်တိုင်း မိုင်းလုံးက လူတွေကိုလွမ်းတယ်။ အဲ့ဖက်က လမ်းတစ်လျှောက်က လူတွေ ကအရမ်းပျော်တတ်ကြတယ် မဟုတ်လား။

မိုင်းလုံးကနေ ဒီးမော့ဆိုထိသွား၊ ဈေးထဲမှာ ခေါင်ရည်နဲ့ ဝက်သားကင်လေးစား ပြီးရင်ငွေတောင်ဆည်ဝင်ပေ့ါ။ စိတ်ကူးပေါက်တဲ့ရက်တော့ ဖယ်ခုံမိုးဗြဲကိုသွားကြတယ်။ အဲ့ဖက်က လူတွေလည်း လွိုင်ကော်ဖက်ကို လာလည်ကြတယ်။

တချို့ကတော့ ထီးစဲခါးရေတံခွန်သွားကြသလို၊ တချို့ကတာ့ ဝမ်းငေါ့ရေတံခွန်ဘက်လည်း ရောက်ကြပါတယ်။

အဲဒီဘက်တွေကတော့ လူပိုစည်တာပေါ့ ပူရင် ရေစိမ်နေလို့ရတယ်လေ။ ထီးစဲခါး ရေတံခွန်ကတော့ ဟိုး… ငယ်ငယ်ထဲက နှစ်တိုင်းလိုလိုရောက်တာ။ အစဉ်လာ တစ်ခုလိုပဲ သင်္ကြန်ကို သွားကိုသွားရမယ်ဆိုပြီးတော့ပေ့ါ။

ညတွေ ဆို သူများမြို့ကြီးတွေလို အဆိုတော်တွေလာလေ့လာထ သိပ်မရှိဘူး။ ၂၀၁၉ တုန်းက Lဆိုင်းဇီ တို့ လာတယ်ဆိုတာ ပထမဆုံးနဲ့ နောက်ဆုံး ဖြစ်မယ်ထင်တာပဲ။

ဒါပေမဲ့ ကျနော်တို့တွေ နယ်ခံအဆိုတော်တွေကိုလည်း ချစ်ကြတာပါပဲ။ အားပေးကြပါတယ်။ အောင်ထက်တောင် မအောင်မြင်ခင် အဆိုတော်ရယ်လို့ လူသိမများသေးခင် ဆိုခဲ့သေးတယ်။ ညဆို ရပ်ကွက်အလိုက် ယိမ်းကတာမျိုးတွေ၊ သူ့အရပ်နဲ့ သူဇတ်တော့ ကြည့်လို့ကောင်းနေတာပါပဲ ။

ဒီနှစ်သင်္ကြန်တော့ ဒီးမော့ဆို နဲ့ ထီးစဲခါး တို့ဘက်မှာ တားမြစ်နယ်မြေလို ဖြစ်သွားပြီ။ အရမ်းပျော်တတ်တဲ့ မိုင်းလုံးတစ်လျှောက်လည်း လူသူနည်းပါးပြီး လည်ဖို့ မပြောနဲ့ ကိုယ့်အိမ်ကို ပြန်နေရင်တောင် ထောက်ခံစာနဲ့မှ ရတဲ့အဖြစ်မျိုးပေ့ါ။

မနေ့က သင်္ကြန်အကျနေ့မှာ လွိုင်ကော်မြို့တွင်းမှာပဲ တိုက်ပွဲတွေဖြစ်ခဲ့တယ်။ လက်နက်ကြီးကြီးသံတွေ သေနတ်သံတွေနဲ့ ဆူညံနေတာပါပဲ။

တချို့ပြည်သူတွေလည်း ပိတ်မိနေသလို၊ အိမ်တွေမီးလောင်သွားတာတွေလည်းရှိတယ်လို့ ကြားတယ်။

၂၀၂၂ ဒီနှစ်ဆန်း ဇန်နဝါရီလတုန်းကလဲ လွိုင်ကော်မှာ တိုက်ပွဲတွေဖြစ်လို့ လူတွေသောင်းနဲ့ချီ လွတ်ရာကို ထွက်ပြေးကြရတာပါပဲ။

အခြေအနေနဲနဲ ငြိမ်တော့ ပြန်လာနေတဲ့သူတွေရှိပါတယ်။ ခုတိုက်ပွဲပြန်ဖြစ်တော့ တချို့ထပ်ပြေးကြရမလားပဲ။ ပြေးလည်းပြေးနေကြပါပြီ။ တိုက်ပွဲဖြစ်တဲ့နေရာဆိုနေလို့မှမရတော့တာ။ စစ်တပ်ကတော့ မြို့​ပြင်မှာ တပ်ဖြန့်နေတယ်လို့ ကြားတယ်။

လွိုင်ကော်မြို့ရဲ့ သင်္ကြန်ကတော့ ခြောက်ကပ်ကပ်ပါပဲ။ ဒါကတော့ လက်ရှိ လွိုင်ကော် အခြေအနေတစ်ခုပေါ့။

ဖယ်ခုံ၊ မိုးဗြဲကတော့ ကျီးလန့်စာ စား နေရတဲ့ပုံစံပါပဲ။ သူတို့ဆီ သွားဖို့ ဆို စစ်ဆေးရေးဂိတ် အနည်းဆုံး ၂ ဂိတ်လောက်ဖြတ်မှ သွားရလိမ့်မယ်။ စကားမစပ် ဖယ်ခုံ မြို့လည်က အဝိုင်းပတ်ကြီးတောင် ခုဆိုခြုံ တွေဖြစ်နေပြီ။ ဖယ်ခုံအင်း ဘေးက စိန်ပန်းပြာတွေတော့ အရင်လိုလှနေဆဲပဲ ။

ယိမ်းသမလေးတွေလည်း ဘယ်ဆီရောက်သွားလည်းမသိတော့ပါဘူး ။ ညတွေဆို အရင်လို သီချင်းသံတွေ မကြားရတော့ လက်နက်ကြီးငယ်သံတွေပဲ လွှမ်းခြုံနေတယ်။

ခုတော့လည်းလွမ်းစရာ ပုံပြင်တစ်ပုဒ်လိုပဲ။ ခြောက်ကပ်တိတ်ဆိတ်နေတာပဲ။ အချို့လည်း ကိုဗစ်နဲ့ စစ်ကြား ဆုံးတဲ့သူလည်း ဆုံးကုန်ပြီး ဘဝပျက်တဲ့ သူလည်းပျက် အချို့လည်း အယူအဆ မတူညီတာနဲ့မခေါ်ဖြစ်ကြတော့ပြန်ဘူး။ အချို့ကြတော့လည်း တောတွေတောင်တွေထဲမှာ ယုံကြည်ရာအတွက် တိုက်ပွဲဝင်နေကြပြန်။

ခုချိန်မှာ ဘယ်လိုပဲဖြစ်နေနေပါ တစ်ချိန်က ကျနော်တို့ အတူတူရယ်မောပျော်ရွှင်ခဲ့ ကြဖူးတာတော့ အတိတ်လှလှလေး အဖြစ်ကျန်ခဲ့တာပေ့ါ။ နောက်နှစ်တွေတော့ လူမစုံတောင် အတူခုန်ချင်ပါသေးတယ်။

spot_img
spot_img

Recent posts