spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီအလံတော်နဲ့ စင်ပေါ်မှာ အောင်ပွဲခံတဲ့ လက်ဝှေ့မယ် ဘယ်ရောနီကာ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှ ကယန်းသူ လက်ဝှေ့မယ် ဘယ်ရောနီကာဟာ ယမန်နေ့ည ( ဇွန်လ ၂၆ ရက်နေ့) မှာ မွေထိုင်းလက်ဝှေ့ပြိုင်ပွဲမှာ ပွဲပေါင်း ၅၀ အနိုင်ကစားထားတဲ့ ထိုင်းနိုင်ငံသူကို ဒုတိယအချီမှာ အလှဲထိုးအနိုင်ယူသွားခဲ့ပြီး အောင်ပွဲခံချိန်မှာတော့ ကရင်နီအမျိုးသား အလံတော်ကို ကိုင်မြောက်ပြီး အောင်ပွဲခံခဲ့ပါတယ်။

ယခင်က သူမဟာ အနိုင်ပွဲတွေမှာ မြန်မာနိုင်ငံ အလံတော်ကို ကိုင်ဆောင်ပြီး အောင်ပွဲခံခဲ့ပေမယ့် လက်ရှိမှာတော့ နိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံ အလံတော်အစား ကရင်နီအလံတော်ကို ကိုင်ဆောင်ရခြင်းဖြစ်တယ်လို့ သူမက ဆိုပါတယ်။

“အရင်ဆုံးကတော့ မြန်မာ ကိုယ်စားပြုပေါ့နော။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော။ ပြီးတော့ တော်တော်များများက ကယန်းဂုဏ်ဆောင်လို့ပဲ တော်တော်များများ အဲ့လိုမျိုးပဲ သိထားတယ်။ ဆိုတော့ အခုကလည်း နိုင်ငံရေးမကောင်းတာတဖက်နဲ့ အခုကလည်း မြန်မာနိုင်ငံရဲ့ အလံကို ကိုယ်ကိုယ်တိုင်လည်း မကြိုက်ဘူး၊ မနှစ်သက်ဘူး။ ကိုယ့်ရဲ့ ကယန်းအလံ၊ ကရင်နီအလံ။ ကရင်နီဆိုတာလည်း ကယန်းတွေ အားလုံးပါဝင်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဘယ်လိုပဲဖြစ်ဖြစ် ခုချိန်မှာ ကိုယ့်လူမျိုးအတွက် ဂုဏ်ဆောင်တာ ပိုပြီးတော့ သင့်တော်မယ်လို့ ယုံကြည်တယ်။ ကျနော်ကလည်း ကိုယ့်လူမျိုးကို ချစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော် ကိုင်ဆောင်ဖြစ်တာပါ” လို့ ဘယ်ရောနီကာ က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

လူနည်းစုသာ ဖြစ်နေသေးတဲ့ ကရင်နီကို အများက ပိုပြီးသိရှိလာဖို့ ကရင်နီအမျိုးသား အလံတော်ကို ကိုင်ဆောင်ရခြင်းဖြစ်တယ်လို့လည်း သူမက ဆက်ပြောပါတယ်။ ဒါ့အပြင် သွေးခွဲစကားကို သူမအနေနဲ့ ဂရုစိုက်မှာ မဟုတ်ပဲ ကရင်နီနဲ့အတူ ရပ်တည်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။


“တချို့ က သွေးခွဲတာတွေ တွေ့တယ်၊ တွေ့တယ်ဆိုတာ ဒါတွေက ကျနော်က ဂရုမစိုက်ဘူး။ ကျနော်တို့က မြန်မာနိုင်ငံထဲမှာ ကရင်နီက လူမျိုးအနည်းငယ်ပဲ ရှိသေးတယ်ပေါ့နော။ ဆိုတော့ လူတွေကလည်း သိပ်ပြီးမများဘူး။ ဆိုတော့ ကျနော်က ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်လူမျိုး ကယန်းလူမျိုး၊ ကရင်နီလူမျိုးအတွက် ပိုပြီး လူသိများအောင် ကျနော်တို့ လူမျိုးရှိနေပါတယ်ဆိုတာကို ပိုပြီး သိစေချင်တာပေါ့နော။ သူများသွေးခွဲတဲ့ဟာတွေလည်း ရှိတယ်။ သူများ သွေးမခွဲပဲ ကရင်နီအလံကိုင်လို့ တကယ့်ကျေးဇူးတယ်လို့ လာပြောတဲ့သူတွေလည်း ရှိတယ်ပေါ့နော။ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် သူများသွေးခွဲလည်း ကျနော် ဂရုမစိုက်ဘူး။ ကျနော် အမြဲ ရပ်တည်ပေးနေပါတယ်” လို့ သူမက ဆက်ပြောပါတယ်။

ကရင်နီစစ်ဘေးရှောင်များကို စိတ်ဓာတ်မကျဖို့နဲ့ မျှော်မှန်းထားတဲ့ ရည်မှန်းချက်ကို အနိုင်ရရှိဖို့ဇွဲမလျော့ပဲ အဆုံးထိသွားကြဖို့ သူကတိုက်တွန်းတောင်းဆိုထားပါတယ်။ သူမအနေနဲ့လည်း တတ်နိုင်တဲ့ဖက်ကနေ ပံ့ပိုးသွားမယ့်အပြင် ကရင်နီပြည်အတွက် ဆက်လက်ပြီး ဂုဏ်ဆောင်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

“ကရင်နီစစ်ဘေးရှောင်အားလုံးကိုပေါ့နော၊ သူတို့လည်း တစ်ဖက်တစ်လှမ်းကနေ ကိုယ့်ရဲ့ ပြည်နယ်အတွက်၊ နိုင်ငံအတွက် အသက်ပေးဆပ်နေရတယ်ဆိုတော့လေ တကယ်လည်း လေးစားတယ်၊ တခါတလေလည်း စိတ်မကောင်းဘူးပေါ့နော။ တချို့ဆို ငယ်ငယ်ရွယ်ရွယ်နဲ့ သေနတ်ကိုင်နေရတာတွေ တွေ့နေရတယ်။ မိသားစုကို စွန့်လွတ်ပြီးတော့ သေနတ်သွားကိုင်နေရတာတွေ တွေ့နေရတယ် ဆိုတော့ အဲ့ဒီအရာတွေအတွက် စိတ်မကောင်းဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အားတင်းထားပါ ပြီးတော့ ကျနော်တို့ဆိုရင်လည်း ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်လူမျိုးအတွက်ကော ပြီးတော့ သူတို့ကို အတတ်နိုင်ဆုံး ပံ့ပိုးပေးမှာပေါ့နော။ တတ်နိုင်တဲ့ တစ်ထောင့်တစ်နေရာကနေပေါ့။ ဆက်လက်ပြီးတော့ အားတင်းထားပါဦးလို့။ ကျနော်တို့ ရည်ရွယ်ချက်၊ ရည်မှန်းထားတဲ့အရာကို အနိုင်ရရှိဖို့ ကျနော်တို့ အဆုံးထိ လျှောက်ရမယ်လို့ ကျနော်ပြောချင်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ အကုန်လုံးကို ဇွဲမလျော့ပါနဲ့၊ စိတ်ဓတ်မကျပါနဲ့လို့ ပြောချင်ပါတယ်” လို့ ဘယ်ရောနီကာ က ပြောပါတယ်။

ဘယ်ရောနီကာဟာ လက်ရှိအချိန်ထိ ပွဲပေါင်း ၃၀ ကျော် ကစားခဲ့ပြီး ကစားခဲ့တဲ့ ပွဲအတွင်း ရှုံးပွဲ ၂ ပွဲ၊ သရေ ၁၇ ပွဲ ရှိခဲ့တယ်လို့ သူမက ပြောပါတယ်။ လာမယ့် စက်တင်ဘာလအတွင်းမှာ မွေထိုင်းခါးပတ်ပြိုင်ပွဲ ကစားသွားဖို့ရှိတယ်လို့ သူမက ဆိုပါတယ်။

spot_img
spot_img