spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီ စစ်ဘေးရှောင်တွေ ရေပြတ်လတ်မှုထပ်မံရင်ဆိုင်နေရ

ကန္တရဝတီတိုင်း(မ်)

မိသားစုစားသောက်ဖို့အတွက် မီးဖိုချောင်ထဲမှာ အချက်အပြုတ်လုပ်နေတဲ့ အသက် ၅၇ နှစ်အရွယ် စမူမာတီးနာတစ်ယောက် စစ်ဘေးရှောင်လာတာ ခုဆို တစ်လကျော်ရှိသွားပြီဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ် နေရာတစ်ခုမှာ ဒေသခံတွေက စီစဉ်ပေးထားတဲ့ ယာယီနေရာထိုင်ခင်း အခန်းတစ်ခုမှာ စမူမာတီးနာရဲ့ မိသားစုဖြစ်တဲ့ သားသမီး၊ မြေးတွေအပါအဝင် မိခင်အမယ်အိုတို့ အားလုံး ၈ ဦး စုပေါင်းနေထိုင်ကြပါတယ်။

စစ်ကောင်စီတပ်က ရွာအနီးမှာ လေယာဉ်နဲ့ လာရောက်ပစ်ခတ်တဲ့အတွက် ထွက်ပြေးလာရတာလို့ စမူတီးနာက ဆိုပါတယ်။

“အဒေါ်တို့ မလာခင် သုံး၊ လေးရက်ပေါ့နော်။ လေယာဉ်နဲ့ လာပစ်တယ်လေ။ ရွာတော့ မပစ်သေးဘူးပေါ့နော်။ ဒါ့ပေမယ့် ရွာဘေးတောင်ပေါ်မှာ သူများရှိနေတယ်ဆိုပြီးတော့ သူလေယာဉ်နဲ့ လာပစ်တယ်လေ။ ဟိုး ရွာပေါ်ကတည်းက ပစ်ချတယ်လေ၊ တအားကြောက်တယ်။ နောက်အမေတို့က ဘုရားကျောင်း တက်နေ တယ်။ အဒေါ်က ထမင်းချက်နေတာ။ နောက်ဆက်တိုက်ပဲ လေယာဉ်နဲ့လာတာ။ မထွက်သွားလို့လည်း မရတော့ဘူးလေ။”

စမူမာတီးနာရဲ့ အမေကဟာ အသက် ၉၂ အရွယ်ရှိပြီဖြစ်ပေမယ့် ဂျပန်ခေတ်၊ အဂ်လိပ်ခေတ်ကတည်းက ကြုံလာရတဲ့ စစ်ရှောင်ဒုက္ခကနေ ခုထက်ထိ မလွတ်မြောက်နိုင်သေးပါဘူး။

“တကယ်ဆို အဖွားအရွယ်ဆို စစ်ဘေးရှောင်တဲ့အရွယ်မဟုတ်တော့ဘူးလေ။ သူ့ခဗျာလည်း ဟိုးဂျပန်ခေတ် တည်းက ကြုံလာရပြီလေ။ နောက်ငါဘယ်ထိစစ်ဘေးရှောင်နေရအုံးမလဲ။ သူစစ်ဘေးရှောင်တာ ဟိုးဂျပန်ခေတ်၊ အဂ်လိပ်ခေတ်ကတည်းက နောက်ခုထက်ထိမသေနိုင်သေးဘူး သူပြောတယ်လေ။ သူ့ခဗျာလည်း သနားပါတယ်။” လို့ သမီးဖြစ်သူ စမူမာတီးနားက ပြောပါတယ်။

လက်ရှိ ကရင်နီ(ကယား)ပြည်နယ်မှာရှိတဲ့ စစ်ရှောင်စခန်းအများစု ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကြီးမားဆုံးပြဿနာဟာ ရေရှားပါးတဲ့ ပြဿနာဖြစ်ပါတယ်။

အဲ့ဒီထဲမှာ စမူမာတီးနာတို့ နေထိုင်တဲ့ စစ်ရှောင်စခန်းမှာ စားသောက်ဖို့အတွက် စားနပ်ရိက္ခာအကူအညီတွေ ရနေသေးပေမယ့် သောက်သုံးရေကတော့ အတော်လေးခက်ခဲနေပါတယ်။

လူဦးရေ ၂၀၀ ကျော်ရှိတဲ့ ဒီစစ်ရှောင်စခန်းမှာ မိသားစုတစ်စုကို သောက်သုံးရေ တစ်နေ့ ငါးဂါလံပုံး ၂ ပုံးသာရရှိကြပါတယ်။

ဒီအခြေအနေကို စမူမာတီးနာက “အခက်အခဲရှိတာက ရေပေါ့နော်။ ကျမတို့ မိသားစုက များတယ်ဆိုတော့ တစ်ရက်ဆို ရေနှစ်ဗူးဆို မလောက်ဘူးလေ။ အဲ့ဒါကြောင့်မလို့ သောက်ဖို့တော့ စားဖို့တော့ လောက်မှာပေါ့။ ဒါပေမယ့် ချိုးဖို့၊ လျှော်ဖို့တော့ မရဘူးပေါ့။” လို့ ဆိုပါတယ်။

ရေရှားပါးတာကြောင့် သောက်သုံးရေအတွက်ပဲ ဦးစားပေးနေရပြီး တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ရေအသုံးပြုဖို့ လုံလောက်မှုမရှိပါဘူး။

စစ်ရှောင်ပြည်သူတွေ အသုံးပြုနိုင်ဖို့ ရေသယ်ပေးမယ့် အလှူရှင်တွေကို ချိတ်ဆက်အကူအညီတောင်းရပြီး ကားဆီဖိုးကိုတော့ စစ်ရှောင်စခန်းကော်မတီက စီစဉ်ရတယ်လို့ စစ်ရှောင်စခန်းကော်မတီအဖွဲ့ဝင်အမျိုးသမီး တစ်ဦးက ဆိုပါတယ်။

“သောက်သုံးရေကျတော့ တအားလိုအပ်တာပေါ့နော်။ မရှိမဖြစ်လည်း ရေဖြစ်နေတယ်။ နောက် ရှေ့က အလှူရှင်တွေကလည်း ပါးသွားတယ်လေ။ ရေနှစ်ဗူးဆို တစ်နေကုန်သုံးရမယ် အဲ့လိုမျိုးပေါ့။ ဒီထက်အပိုသုံးမယ် ဆိုလည်း ရေက ပိုပိုရှားလာတယ်။ အဲ့လိုမျိုးပေါ့နော်။ ရေတစ်ခေါက်ဆိုလည်း ဒီဇယ်တွေအများကြီးကုန်တယ် အဲ့လိုမျိုးလေ။ မြောင်းထဲကနေ စုပ်ထုတ်တယ်။ အဲ့ထဲမှာ ဓါတ်ဆီထည့်တယ်။ ပြီးရင် အဲ့လှောင်ကန်ရောက်ပြီဆို ကားနဲ့ပြန်တင်ဆို ဒီဇယ်ထပ်ကုန်တယ် အဲ့လိုမျိုးဖြစ်တယ်လေ။”

စစ်ရှောင်ပြည်သူတွေကလည်း ဒီလိုသောက်သုံးရေရရှိဖို့အတွက် ကားဆီဖိုးကို တတ်နိုင်သလောက် ငွေထည့်ဝင်ပေး ကြပါတယ်။

“ဟိုတစ်ရက်က ကော်မတီတွေလာပြောတယ်။ သူများရေလာပို့မယ်တဲ့ အဲ့ဒါစေတနာ၊ သူများဆီထည့် ပေးဖို့ပေါ့နော်၊ စေတနာဆိုတော့ ၅၀၀ ဖြစ်ဖြစ်၊ ၁၀၀၀ ဖြစ်ဖြစ် ပေးလို့ရတယ် ပြောတယ်။ အဒေါ်လည်း ကိုယ် ဒါလောက်ဒုက္ခရောက်တာ သူများလည်း လာလှူရသေးတယ်ဆိုတော့ ကိုယ့်မှာရှိတဲ့ စေတနာ့ နည်းနည်း ပါးပါးလေးတော့ သူများကို ပြန်ပေးရမှာပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ အလှူငွေနည်းနည်းထည့်လိုက်တာ။”လို့ စမူမာတီးနာက ဆိုပါတယ်။

စမူမာတီးနာတို့ စစ်ရှောင်တွေဟာ ခုလို ရေးရှားပါးတဲ့ဒဏ်ကို ကြံ့ကြံ့ခံနေကြရသလို အိမ်ပြန်ရမယ့်ရက်ကို စောင့်မျှော် နေပေမယ့် နောက်တရာသီကူးသွားရင်တော့ မိုးရေခံသုံးပြီး စစ်ရှောင်စခန်းမှာပဲ ဆက်ဖြတ်သန်း ရအုံးမည့်အနေအထားရှိနေပါတယ်။

spot_img
spot_img