spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ကိုဗစ်ကြောင့် ကန့်သတ်ချက်တွေရှိနေပေမဲ့ ရွေးကောက်ပွဲမဲဆွယ်တာကို ဥပဒေပါကာလအတိုင်း လုပ်ဆောင်မယ်လို့ USDP က ကယားပြည်နယ်ကော်မတီဝင် ဦးတင်ဦးပြော

Author

Date

Category

ကိုဗစ်ဗိုင်းရပ်ကြောင့် လူစုလူဝေးမပြုလုပ်ဖို့ ကန့်သတ်ချက်တွေရှိနေချိန်မှာ ရွေးကောက်ပွဲမဲဆွယ်တာကို ကော်မရှင်ကထုတ်ပြန်တဲ့ ဥပဒေနနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကာလအတိုင်း လုပ်ဆောင်သွားမယ်လို့ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပြည်နယ်ကော်မတီဝင် ဦးတင်ဦးကပြောပါတယ်။

“ရွေးကောက်ပွဲကာလက စက်တင်ဘာ ၈ ရက်ကနေ နိုဝင်ဘာ ၆ ရက်အထိဆိုရင် စည်းရုံးရေးကာလပေါ့။ အဲ့ကာလမှာလည်း ပါတီအချင်းချင်း သဘောတူညီချက်ဖြစ်တဲ့ Code of Conduct ရှိတယ်။ နောက်ပြီး ကော်မရှင်ကထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေရှိတယ်။ ဒီကာလအတိုင်း စည်ရုံးရေးလုပ်ဆောင်သွားမယ်” လို့ သူကပြောပါတယ်။

အဲဒီကာလအတိုင်း မဲဆွယ်စည်းရုံးခွင့်ကို ကော်မရှင်က ပေးမည်ဆိုရင် ပြသနာမရှိပေမဲ့ အကယ်၍ ကိုဗစ်ဗိုင်းရပ်စ် ကို အကြောင်းပြပြီးတားမြစ်ရင်တော့ မမှန်ကန်ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် ဒီဗိုင်းရပ်စ် ပြဿနာဟာ မြန်မာတစ်နိုင်ငံထဲ တွေ့ကြုံနေရတာမဟုတ်ဘဲ တစ်ကမ္ဘာလုံး ဆိုင်ရာ ကိစ္စဖြစ်တယ်လို့ လို့ သူကဆက်ပြောပါတယ်။

“မဲဆွယ်စည်းရုံးရေးကာလအတိုင်း ကျွန်တော်တို့ကို ခွင့်ပြုမယ်ဆိုရင်တော့ သိပ်ပြဿနာမရှိဘူးပေါ့။ တစ်နည်းအားဖြင့် ကိုဗစ်ဖြစ်ပေါ်နေတဲ့အပေါ် အကြောင်းပြချက်လို့ပြောရင်လည်း မဟုတ်သေးဘူး။ ဒါက တစ်ကမ္ဘာလုံးဖြစ်တဲ့ကိစ္စဆိုတော့။ ပြီးတော့ တစ်ဖက်လည်း သူတို့ထုတ်တဲ့အမိန့်တွေက တစ်ဖက်သတ်တွေဖြစ်နေတယ်။ ဒါလေးတွေကိုတော့ စိုးရိမ်တယ်” လို့ ဦးတင်ဦးက ပြောပါတယ်။

ကိုဗစ်ဗိုင်းရပ်စ်ကြောင့် လူစုလူဝေးမပြုလုပ်ဖို့ ကန့်သတ်ချက်တွေရှိနေချိန်မှာ အစိုးရအဖွဲ့ကို စည်းရုံးခွင့်ပေးထားပြီး ကျန်တဲ့ ပါတီတွေကို ကော်မရှင်ကခွင့်မပြုတာဟာ ကော်မရှင်အနေနဲ့သမာသမတ်မရှိဘူးလို့ သူက ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဇူလိုင် ၁ ရက်နေ့စွဲပါ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သူက ယခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တစ်ဦးဦးက အထွေထွေရွေးကောက်ပွဲတစ်ရပ်ရပ်မှာပါဝင်အရွေးချယ်ခံသူဖြစ်နေရင် နိုင်ငံသားတစ်ဦးကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈ ပုဒ်မခွဲ (က) အရ ပေးအပ်ထားတဲ့ ရွေးကောက်တင်မြှောက်ပိုင်ခွင့် မဆုံးရှုံးစေဖို့အတွက် ဇူလိုင် ၁ ရက်မှစပြီး ပါတီစည်းရုံးရေးလုပ်ငန်းတွေကိုလည်းကောင်း၊ နယ်မြေစည်းရုံး‌ရေးလုပ်ငန်းတွေကိုလည်းကောင်း ဆောင်ရွက်ခွင့်ရှိကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင်ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌ သို့မဟုတ် အဖွဲ့ဝင်၊ ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ရှေ့ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ သို့မဟုတ် အဖွဲ့ဝင်တို့သည်လည်း အထွေထွေရွေးကောက်ပွဲဝင်ရောက်သူဖြစ်ရင် ဇူလိုင် ၁ ရက်ကစပြီး ပါတီစည်းရုံးရေးလုပ်ငန်းတွေကိုလည်းကောင်း၊ နယ်မြေစည်းရုံးရေးလုပ်ငန်းမတွေကိုလည်းကောင်း ဆောင်ရွက်ခွင့်ရှိတဲ့အပြင်၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောတာတွေနဲ့ မဲဆွယ်စည်းရုံးတာတွေ နဲ့ ပါတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အတည်ပြုပြီးတဲ့နောက်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပေးမှာဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“သူတို့ထုတ်ပြန်လိုက်တဲ့အမိန့်တွေကို ကြည့်လိုက်မယ်ဆိုရင် ဘက်လိုက်မှုရှိတယ်ဆိုတာ မပြောလည်း သိသာပါတယ်” လို့ အထက်ပါထုတ်ပြန်ချက်ကို ရည်ရွယ်ပြီး ဦးတင်ဦးကပြောပါတယ်။
ဒါပေမဲ့ အဲဒီထုတ်ပြန်ချက်ဟာ အထက်ပါပုဂ္ဂိုလ်တွေကို ပါတီလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ခွင့်ပြုလိုက်တာဖြစ်ပြီး စုဝေးဟောပြောခွင့်နဲ့ မဲဆွယ်စည်းရုံးခွင့်ကို ပေးမထားပါဘူး။

ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်ပြီး ဦးတင်ဦးက “ရွေးကောက်ပွဲကော်မရှင်ဆိုတာက လက်ရှိအုပ်ချုပ်တဲ့အစိုးရကနေ ခန့်ထားတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် အစိုးရရဲ့လက်အောက်မှာပဲရှိတယ်။ အရင်သမ္မတ ဦးသိန်းစိန်လက်ထက်မှာလည်း ဖွဲ့ခဲ့တယ်။ သို့သော်လည်း တရားမျှတမှုရှိတယ် မရှိဘူးဆိုတာတော့ အရင်ကော်မရှင်နဲ့ အခုကော်မရှင် နှစ်ခုကိုယှဉ်ကြည့်လိုက်ရင် အများကြီးသိသာပါတယ်။ လက်ရှိ ကော်မရှင် ခရိုင် မြို့နယ် အဆင့်ဆင့်ဖွဲ့ထားပေမယ့် ယုံကြည်ရလားလို့မေးတော့လည်း ကျတော်တို့ကတော့ မယုံကြည်ရဘူးလို့ ဖြေချင်ပါတယ်” လို့ ဦးတင်ဦးကပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ USDP အနေနဲ့ ကယားပြည်နယ် မြို့နယ်ခုနစ်မြို့နယ်က မဲဆန္ဒနယ် ၃၄ နေရာလုံးမှာဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၃၄ နေရာအနက် USDP ကတော့ ခုနစ်နေရာ အနိုင်ရရှိခဲ့ပါတယ်။

USDP ဟာကယားပြည်နယ်မှာ အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီတို့ကို အဓိကယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ ပါတီကိုယ်စားလှယ်လောင်းတွေက သုံးသပ်ထားပါတယ်။

spot_img
spot_img

Recent posts