spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကိုယ်တိုင်ရုန်းထမှ ရတော့မှာဖြစ်လို့ ဒေသခံတိုင်းရင်းသားပါတီကိုမဲပေးဖို့လို တယ်လို့ ပြောတဲ့ ကယန်းအမျိုးသားပါတီက ခွန်းမြင့်နိုင်နှင့်တွေ့ဆုံခြင်း

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ကယန်းအမျိုးသားပါတီဟာ ဒေသခံတိုင်းရင်းသားပါတီတခုဖြစ်ပြီး ကယားဒီမိုကရက်တစ်ပါတီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ပါတီတခုဖြစ်ပါတယ်။ ရွေးကောက်ပွဲ မှာ ပြည်နယ်တွင်းမှာရှိတဲ့ မဲဆန္ဒနယ် ၃၄ နေရာအနက် ကယန်းအမျိုးသားပါတီက ၄ နေရာနဲ့ ကယားဒီမိုကရက်တစ်ပါတီက နေရာ ၃၀ ဝင်ရောက်ယှက်ပြိုင်မှာဖြစ်ပါတယ်။

လာမည့် ရွေးကောက်ပွဲမှာ ခွန်းမြင့်နိုင်က ကယန်းအမျိုးသားပါတီကနေ ဒီးမော့ဆိုမြို့နယ်. မဲဆန္ဒနယ် အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ဆရာခွန်းမြင့်နိုင်ကတော့ ကယန်းအမျိုးသားပါတီကနေ ဘာကြောင့် ဒေသခံ တိုင်းရင်းသားပါတီတွေကို မဲပေးသင့်သလဲ၊ ဘာတွေလုပ်ဆောင်သွားမလဲဆိုတာတွေကို တွေ့ဆုံမေးမြန်းထားပါတယ်။

ဆရာခွန်းမြင့်နိုင်

မေး။ ။ ဒေသခံတိုင်းရင်းသားတွေ ဒေသခံပါတီကို မဲပေးကြဖို့အတွက် ဘယ်လိုတို80်တွန်းချင်လဲ။
ဖြေ။ ။၂၀၁၀တော့ ကျနော်တို့ဒေသခံပါတီတွေအလှည့်မရဘူး။ ၂၀၁၅တုန်းကတော့ ကျနော်တို့NLD ကိုလုံး၀ ယုံကြည်မျှော်လင့်ပြီးတော့ပုံအပ်ခဲ့ကြတယ်။ ဒါပေမယ့် ကျနော်တို့အတွက်အဖြေမဟုတ်ဘူးဆိုတာ သုံးသပ်ကြည့်တဲ့အခါမှာ ဒီအချိန်မှာ ဘယ်သူ့ကိုမှအားကိုးလို့မရတော့ဘူး။ ကိုယ့်ကို ရုန်းရတော့မယ်၊ ကိုယ့်ကိုရပ်တည်ရတော့မယ်၊ ကိုယ့်ကိုအားကိုးရတော့မယ်၊ ကိုယ့်ကိုလုပ်ရတော့မယ်၊ ကိုယ့်ကိုတည်ဆောက်ရတော့မယ်ဆိုတဲ့အခင်းအကျင်းတစ်ခုမှာ ပါတီမှာရှိနေတဲ့ တာဝန်ရှိနေတဲ့သူ၊ အဖွဲ့ဝင်အားလုံးကလည်း ဒါတွေကိုခံယူဖို့လိုသလို ဒေသခံပြည်သူလူထုအားလုံးလည်းပဲ ဒါတွေကို ဝန်းရံပေးဖို့၊ အားပေး ပေးဖို့ကအရေးကြီးတဲ့အတွက်ကြောင့်မလို့ ထောက်ခံပါ၊ အားပေးပါလို့ပြောလိုတယ်။

မေး။ ။ ဒေသခံပြည်သူလူထုတွေက ဆရာတို့ဒေသခံပါတီကိုဘာကြောင့်မဲပေးသင့်တာလဲ။
ဖြေ။ ။ ဒေသခံပါတီကိုဘာဖြစ်လို့မဲပေးသင့်သလဲပြောရင် ဒေသခံပါတီဟာ အိမ်ရှင်ပါတီဖြစ်တယ်လေ။ ကျနော်တို့အခုချိန်မှာလည်းပဲ ကျနော်တို့ဒေသခံပါတီရဲ့အလှည့်ဖြစ်တယ်လေ။ ဒေသခံပါတီကိုယ်တိုင်ရုန်းထရမယ့် အချိန်ကာလဖြစ်တယ်။ ဒေသခံလူထုတွေအတွက် ဒေသခံပါတီဟာ အရေးကြီးတာပေါ့။ အရေးကြီးတဲ့အတွက်ကြောင့်မလို့ ဒီပါတီက အားကောင်းကောင်းနဲ့ရုန်းထဖို့လိုနေတဲ့အချိန်မှာ ပြည်သူလူထုကဝန်းရံ အားပေးဖို့က သိပ်အရေးကြီးပါတယ်။ ပြည်သူလူထုမပါဘဲနဲ့တော့ ကျနော်တို့ ဒီပါတီ ဒေသခံပါတီ အားကောင်းလာဖို့ဆိုတာမဖြစ်နိုင်ဘူး။ ဒါကြောင့်မလို့ကျနော်တို့ဒေသခံပါတီဟာ ဒီ၂၀၂၀ရဲ့နိုင်ငံရေးအချိုးအကွေ့ဟာ အရေးကြီးတဲ့အတွက်ကြောင့်မလို့ပြည်သူလူထုတွေမဲပေးသင့်တယ်လို့ကျနော်မြင်တယ်။

မေး။ ။ တကယ်လို့ဒီ ၂၀၂၀ရွေးကောက်ပွဲကနေ ဆရာအနိုင်သွားမယ်ဆိုရင် ပြည်နယ်ရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သတ်ပြီး ဘယ်လို အကောင်အထည်ဖောင်ဆောင်ရွက်သွားမှာလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးလို့ပြောလာရင်တော့ ကျနော်တို့ပြည်နယ်အပိုင်းရှိမယ်၊ အောက်ခြေအပိုင်းတွေရှိမယ်။ တဖက်မှာကတော့ ပြည်ထောင်စုအပိုင်း​​တွေရှိမှာပေါ့။ ဆိုတော့ အနိုင်ရခဲ့မယ်ဆိုရင်တော့ ဒါသည် နှစ်ပိုင်းစလုံးကို ဘယ်လိုလုပ်မလဲဆိုတာ ကျနော်တို့စဉ်းစားဖို့လိုတာပေါ့။ ကျနော်တို့ပါတီအနေနဲ့ကလည်းပဲ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို အလေးထားလုပ်ဆောင်မယ်ဆိုတဲ့ မူဝါဒလည်း ရှိနေတဲ့အတွက်ကြောင့်မလို့ အဲ့လောက်လိုအပ်နေတဲ့ ငြိမ်းချမ်းရေးရဲ့ အနေအထားတွေကို ကျနော်တို့အကောင်အထည်ဖော်ရမှာတော့ ကျနော်တို့လုပ်ရမှာပဲ။

မေး။ ။ အနိုင်ရရှိခဲ့မယ်ဆိုရင် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးလုပ်ဆောင်တဲ့အခါမှာ ဆရာအတွက် ဘာတွေကအဓိကစိန်ခေါ်မှုတွေဖြစ်မလဲ။
ဖြေ။ ။ကျနော်တို့ ပထမပိုင်း ကျနော်ပြောချင်တာကတော့ ဒီ ကျနော်တို့အတွက် ရင်ဆိုင်တွေ့ဆုံနိုင်တဲ့ စိန်ခေါ်မှုတွေရှိတယ်လို့ကျနော်အဲ့လိုမျိုးမြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ၂၀၂၀အလွန်မှာ အစိုးရက ဘယ်လိုအစိုးရမျိုးပေါ်လာမလဲ ဆိုတာ မပြောတတ်ဘူး။ မခန့်မှန်းနိုင်သေးဘူး။ ဆိုတော့ ဒီပေါ်လာမယ့် အစိုးရကနေမှ ငြိမ်းချမ်းရေးလုပ်ငန်းကို ဘယ်လိုလုပ်မလဲဆိုတဲ့ဟာတွေကလည်းပဲ ဒါကျနော်တို့စဉ်းစားစရာဖြစ်တယ်။ အားလုံးသဘောတူညီမှုကို လိုက်လျောနိုင်တဲ့၊ သဘောတူနိုင်တဲ့ မူဘောင်တစ်ခုကို ပြန်ဖော်မလား၊ မဟုတ်ရင် NLD ခေတ်မှာရှိထားတဲ့ မူဘောင်အတိုင်းပဲဆက်သွားမလား၊ မဟုတ်ရင် ဦးသိန်းစိန်ခေတ်ကတည်းက ရှိထားတဲ့မူဘောင်ကို ပြန်သုံးမလား၊ မူဘောင်အသစ်ပြန်လုပ်မလား အဲ့တာတွေကလည်းပဲ တည်ငြိမ်မှုမရှိတဲ့ ဒီမူဘောင်တွေ ဒီအပေါ်မှာကလည်း ကျနော်တို့အတွက်စိန်ခေါ်မှုလို့ကျနော် အဲ့လိုမျိုးမြင်တယ်။ ဒါဘယ်လိုထွက်လာမလည်း မပြောတတ်သေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ထွက်လာသည်ဖြစ်စေ၊ ဘယ်လိုပဲ ပေါ်လာသည်ဖြစ်စေ ကျနော်တို့ကတော့ ဒီငြိမ်းချမ်းရေးဟာအရေးကြီးတဲ့အတွက်ကြောင့်လုပ်ရမာဖြစ်ပါတယ်။

မေး။ ။ Covid ကာလအတွင်းမှာရွေးကောက်ပွဲကို ကျင်းပမယ်ဆိုတော့ ဆရာတို့ကိုယ်စားလှယ်လောင်းတွေအနေနဲ့ဘယ်လိုစိန်ခေါ်မှုတွေရှိမလဲ။
ဖြေ။ ။ Covid ကတော့ ကျနော်တို့အတွက်စိန်ခေါ်မှု အကြီးကြီးပဲ။ ဆိုတော့ ဒါကျနော်တို့ရွေးကောက်ပွဲတစ်ခုအတွက်ထဲ စိန်ခေါ်မှုမဟုတ်ဘူး။ ကျန်တဲ့ နေ့စဉ် လူမှုစီးပွားတွေအပေါ်မှာရိုက်ခတ်မှုကြီးကြီးမားမားပဲ။ ဆိုတော့ ကျနော်တို့ဒါဟာစိန်ခေါ်မှုအကြီးကြီးဖြစ်တာကို ပြောလိုတယ်။ ကျနော်တို့၂၀၂၀ရွေးကောက်ပွဲအတွက်ကလည်းပဲ ကျနော်တို့နိုဝင်ဘာလ ၈ရက်နေ့ကျရင် ရွေးကောက်ပွဲဖြစ်မြောက်အောင်လုပ်မယ်ဆိုတာကိုတော့ ရွေးကောက်ပွဲကော်မရှင်ကနေ ကြော်ငြာထားတာရှိတယ်။ ကျနော်အနေနဲ့တော့ဖြစ်နိုင်ပါစေလို့ပဲ ကျနော်တို့ဆုတောင်းလိုတာပေါ့။ ဆိုတော့ ကိုဗစ်ကလည်းပဲ ကျနော်တို့အပေါ်မှာ ကြီးမားတဲ့ မရောက်ပါစေနဲ့လို့တစ်ပါတည်းဆုတောင်းလိုပါတယ်။

မေး။ ။ Covid ကာလအတွင်း ဘယ်လိုမဲဆွယ်စည်းရုံးသွားမှာလဲ။
ဖြေ။ ကျနော်တို့ပါတီအနေနဲ့ကတော့ နိုင်ငံတော်ကနေထုတ်ထားတဲ့၊ ရွေးကောက်ပွဲကော်မှရှင်ကနေထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ၊ ကျန်းမာရေးဌာနကထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ကျနော်တို့လိုက်နာဆောင်ရွက်ရမှာပဲ ။ ဆိုတော့ ကျနော်တို့ ထိခိုက်နစ်နာမှုမရှိအောင် ကျနော်တို့ကြိုးစားလုပ်ဆောင်ရမာပဲ။ လူစုလူဝေးနဲ့ကျနော်တို့စည်းရုံးဟောပြောခွင့်မရရင်လည်း ဘယ်လိုနည်းလမ်းနဲ့လုပ်လို့ရမလဲဆိုတာကိုလည်း ကျနော်တို့စဉ်းစားရမှာပဲ။ ကျနော်တို့ဖြစ်ချင်တာကတော့ ဒါသည်ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့အချိန်မှာ အောင်အောင်မြင်မြင်နဲ့ဂုဏ်သိက္ခာရှိရှိနဲ့ကျင်းပပြုလုပ်စေချင်ပါတယ် ဆိုတာကို ပြောလိုတယ်။

မေး။ ။ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းတဲ့အခါမှာ ကျန်းမာရေးဌာနရဲ့ကန့်သတ်ချက်တွေအပေါ်မှာရော စည်းရုံးရေးဆင်းတဲ့အခါမှာ စိုးရိမ်မှုရှိလား။
ဖြေ။ ။ ကန့်သတ်ချက်တွေတော့စိုးရိမ်ပူပန်မှုရှိတာပေါ့။ Covid ကြောင့် ကျန်းမာရေးဌာနကနေ ကန့်သတ်လာမယ့် ကန့်သတ်ချက်တွေအဲ့တာတွေကလည်း ကျနော်တို့စိုးရိမ်ပူပန်မှုရှိပါတယ်။ ဒီစိုးရိမ်ပူပန်မှုတွေကိုတော့ ဒီကန့်သတ်ချက်တွေဟာလည်းပဲ ကျနော်တို့သုံးသပ်ဖို့တော့လိုမှာပေါ့။ ဒါဟာ တကယ်အခြေအနေမှန်တစ်ခုကြောင့် ကန့်သတ်တာလား၊ မဟုတ်ရင် နိုင်ငံရေးအကျိုးအမြတ်တစ်ခုခု၊ အာဏာရတဲ့သူတွေက နိုင်ငံရေးအကျိုးအမြတ်တစ်ခုခုမျှော်ကိုးပြီးတော့ ကန့်သတ်တဲ့ အကန့်အသတ်လားဆိုတာလည်း ကျနော်တို့ပြန်ပြီးတော့ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ရမှာဖြစ်ပါတယ်။ ဒီအပေါ်မှာကတော့ အခြေအနေမှန်တစ်ရပ်ဆို ကျနော်တို့နာခံရမှာပဲ၊ ကျနော်တို့လေးစားတန်ဖိုးထားရမှာပဲ။ မတရားတဲ့ ကန်သတ်မှုတွေဖြစ်တယ်၊ အာဏာမရှိတဲ့ ပါတီတွေအပေါ်မှာ ကန့်သတ်မှုတွေလုပ်လာတာတွေ၊ မတရားမှုတွေဆိုရင်တော့ ကျနော် ပြောရမှာပဲ။

မေး။ ။ တခြားရောဆရာဘာတွေ ပြောပြချင်သေးလဲ။
ဖြေ။ ကျနော်တို့အိမ်ရှင် ဒေသခံပါတီ ၂ပါတီဟာ ကျနော်တို့အတူတကွ မဟာမိတ်ပြုပြီးတော့လက်တွဲကြပြီ။ ကျနော်တို့က တချိန်တုန်းက ပါတီကကွဲခဲ့ကြတယ်။ ဒါပေမဲ့ အခုပြန်စုကြနိုင်တဲ့ အခင်းအကျင်းတစ်ခုရောက်သွားပြီ ဒါတွေကို ပြည်သူလူထုတွေလည်း ကျေနပ်မယ်လို့ကျနော်တို့ယုံကြည်သလို ကျေနပ်မှုနဲ့အတူအားပေးပါ ဆိုတာကို ပြောလိုတယ်။ ကျနော်တို့ဒီထက်ပိုမိုပြီးတော့ကောင်းမွန်တဲ့ အခင်းအကျင်းတွေ၊ ပူးပေါင်းလုပ်ဆောင်မှုတွေ၊ တည်ဆောက်မှုတွေကို ကျနော်တို့ပြည်နယ်အတွက် ပူးပေါင်းလုပ်ဆောင်ဖို့အတွက် ကျနော်တို့ပြင်ဆင်ထားပါတယ် ဆိုတဲ့အကြောင်းလည်းပဲ ပြောလိုပါတယ်။ ဒါကို ပြည်သူလူထုတွေက ကျနော်တို့ကိုဝန်းရံမှပဲ ကျနော်တို့ဒီအစီအစဉ်တွေ၊ ဒီအရွေ့ကိုကျနော်တို့ရွေ့နိုင်မယ်ဆိုတာကို ပြောလိုတယ်။ ကျနော်တို့ပြည်နယ်ရဲ့လိုအပ်ချက်တွေကို ကျနော်တို့နယ်ခံပြည်နယ်ပါတီက အသိဆုံးဖြစ်တဲ့အတွက်ကြောင့်မလို့ကျနော်တို့ပြည်သူလူထုနဲ့တစ်ထပ်၊ တစ်သားတည်း အနီးစပ်ဆုံးရှိနေတဲ့ပါတီဖြစ်တဲ့အတွက်ကြောင့်မလို့ ပြည်သူလူထုတွေရဲ့လိုအပ်ချက်တွေကို ပိုမိုပြီးတော့ဖြည့်ဆည်းပေးနိုင်မယ်ဆိုတာကျနော်တို့ယုံကြည်ထားတယ်။ ဒါကြောင့်မလို့ ကျနော်တို့ကိုလည်းပဲ ယုံကြည်စိတ်ချစွာနဲ့အားပေးပါဆိုတာကိုလည်းပဲ ပြောလိုပါတယ်။

spot_img
spot_img

Recent posts