spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ကိုယ်ထူကိုယ်ထကျောင်းစာသင်ကျောင်းမှာ အင်္ဂလိပ်စကားပြော သင်တန်းဖွင့်လှစ်

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်ကျောင်းမှာ အင်္ဂလိပ်စကားပြော (English speaking) သင်တန်းကို စတင် ဖွင့်လှစ်‌နေတယ်လို့ သိရပါတယ်။ သင်တန်းကာလကြာမြှင့်ချိန် တစ်လဖြစ်ပြီး ကျောင်းသူကျောင်းသား ဦးရေ (၂၀၀)ကျော် တက်ရောက်သင်ကြားနေပါတယ်။

ခုလို အင်္ဂလိပ်စကားပြော သင်တန်းဖွင့်လှစ်ရတာဟာ ကလေးတွေရဲ့ စိတ်လေလွင့်မှုမရှိစေရန်နဲ့ တစ်ဖက်တစ်လှမ်းကနေ မိဘကို ကူညီတဲ့အနေနဲ့ ဖွင့်လှစ်ရတာဖြစ်တယ်လို့ ကျောင်းတာဝန်ခံ ဆရာမတစ်ဦး က ပြောပါတယ်။

” ဖေ‌ဖော်ဝါရီလမှာ ကျောင်းကိုဒုတိယအကြိမ်မြောက် ပြီးဆုံးသွားပြီ ဖြစ်တော့ ဒီကာလမှာပေါ့နော် ဘယ်လိုလုပ်မလဲပေါ့ ဒီကျောင်းပိတ်ရက် နှစ်လသုံးလ အတွင်းမှာ ဘယ်လိုလုပ်မလဲ မိဘ‌နဲ့တိုင်ပင်တဲ့အချိန်မှာ မိဘတွေက သူတို့ကလေးကိုပေါ့နော် မထိန်းသိမ်းနိုင်ဘူးတဲ့။ ဆရာတို့အဓိကကလဲ ကလေးတွေကိုအပြင်ကို အလေလွင့်မှု မရှိအောင်လို့ ဆရာတွေနဲ့ညှိနှိုင်းတိုင်ပင်ပြီး ဘယ်လိုလုပ်ပေးနိုင်လဲ။ ဒါဆို စာကတော့ ဆက်တိုက်ဆက်တိုက် စာပဲသင်မယ်ဆိုရင် ကလေးတွေကတော့ သူတို့ဦးနှောက်ကိုအနားမပေးရာကျတယ်ဆိုတော့ သူတို့ရဲ့ ဒီကာလမှာ သူတို့နားနေတဲ့ကာလမှာ သူတို့အတွက်လဲ စိတ်လေလွင့်မှုမရှိအောင် အပြင်လဲမရောက်အောင် မိဘတွေဖက်ကိုလဲ ကူညီတဲ့သဘောနဲ့ ဒီ ကလေးကိုပေါ့နော် သူတို့ရဲ့အခြေခံအလျောက် ဒီ English speaking ကို ဆရာ၊ ဆရာမတွေနဲ့ မိဘကော်မတီ ညှိနှိုင်းပြီးတော့မှ ဒီသင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ပါတယ်ပေါ့နော်။” လို့ ဆရာမက ပြောပါတယ်။

သင်တန်းကို အခမဲ့ဖွင့်လှစ်ထားပြီး ကျောင်းသားဦးရေ ၂၀၀ကျော်ကို ဆရာ၊ ဆရာမ ၁၅ ဦးကနေ အင်္ဂလိပ်စကားပြော ( English speaking ) အပြင် ဘဝကျွမ်းကျင်မှု (Life Skill ) တွေကိုလည်း ထည့်သွင်းသင်ကြားပေးမယ်လို့ သူကဆက်ပြောပါတယ်။

သင်တန်းလာတက်တဲ့ကျောင်းသားတွေဟာ ခန့်မှန်းထားတာထက်ပိုများနေတာကို တွေ့ရတဲ့အပြင် ကျောင်းသူ ကျောင်းသားတွေ ကိုယ်တိုင်ကလည်း စိတ်ပါဝင်စားကြတယ်လို့ အင်္ဂလိပ်စကားပြော သင်ကြားပေးတဲ့ ဆရာတစ်ဦးက ခုလိုပြောပါတယ်။

“ကျွန်တော် စစချင်းတော့ ဒီလောက်ထိကလေးတွေအများကြီး လာလိမ့်မယ်လို့ ကျွန်တော် တကယ်မထင်ထားဘူး။ ဒါပေမဲ့ ကျွန်တော်သင်ပေးမယ်ဆိုတာကို လဲယုံယုံကြည်ကြည်နဲ့လာအပ်နှံပေးတဲ့ မိဘတွေ အယောက်စီတိုင်းကိုလဲကျေးဇူးတင်တယ်။ ပြီးကျတော့ ယုံကြည်ပေးကြတဲ့ကျောင်းသူကျောင်းသားတွေကိုလဲ ကျေးဇူးအများကြီးတင်တယ်။ သူတို့ကိုယ်၌ ကလဲ လိုချင်တာကိုတွေ့ရတဲ့အတွက်ကြောင့် အတိုင်းမသိကြည်နူးမိတယ်” လို့ ဆိုပါတယ်။

စစ်ရှောင်ကာလခက်ခဲနေတဲ့ကြားက ဒီလိုသင်ကြားရတာ စိတ်ပါဝင်စားသလို နိုင်ငံတကာသုံးဘာသာစကားဖြစ်တဲ့အတွက် ဖြစ်လို့ ကျေနပ်တယ်ဆိုတဲ့အကြောင်းကိုသင်တန်းတက်ရောက်နေတဲ့ ကျောင်းသူတစ်ဦးက ခုလိုပြောပါတယ်။

” ဟုတ်ကဲ့ သမီးတို့ဒီလို English speaking သင်ရတဲ့အချိန်မှာလဲ ပျော်လဲပျော်တယ်။ပြီးတော့ ကမ္ဘာသုံးနေတဲ့စာဖြစ်တဲ့အတွက်ကြောင့် ပိုပြီးတော့ ကျေနပ်မိတယ်ပေါ့ ပျော်လဲပျော်မိပါတယ်” လို့ ဆိုပါတယ်။

အင်္ဂလိပ်စကားပြော သင်တန်းကို မတ်လ(၇)ရက်နေ့နဲ့ (၈)ရက်နေ့နှစ်ရက်မှာ သင်တန်းအပ်လက်ခံပြီး စတင်သင်ကြားနေပြီဖြစ်ပါတယ်။ ရွာအနီးအနားမှ စစ်ရှောင်အပါအဝင် ရပ်ဝေးက စစ်ရှောင်၊ ဒေသခံကျောင်းသားတွေလည်း လာရောက်တက်ရောက်ကြတယ်လို့ သိရပါတယ်။

spot_img
spot_img