ကိုယ်ထူကိုယ်ထ ဆောက်လုပ်နေတဲ့ စစ်ရှောင်စခန်းရှိဆေးခန်းတစ်ခုတွင် လိုအပ်ချက်များ ရှိနေ

0
4471

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆို အနောက်ဖက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာ ဆေးကုသမှုပေးဖို့ ကိုယ်ထူကိုယ်ထဆေးခန်းတစ်ခုကို ဆောက်လုပ်နေပြီး လိုအပ်ချက်များစွာ ရှိနေသေးတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဆေးခန်းကတော့ ခဏက ပြောတဲ့ အတိုင်းပေါ့နော။ ကိုယ်ထူ ကိုယ်ထပဲပေါ့။ အဲ့ဒါကြောင့်မလို့ ကူညီပံ့ပိုးပေးတဲ့ အဖွဲ့အစည်းတွေ အလှူရှင်တွေရှိရင် ပိုအဆင်ပြေတာပေါ့နော။ ဆေးဝါးပစ္စည်းတွေ တင်ဖို့ စာပွဲတွေ လိုတာပေါ့နော။ နောက်ပြီးတော့ လူနာတွေ လာပြဖို့ ထိုင်ခုံတို့ ကုတင်တို့ လိုအပ်တာပေါ့နော။ ဆေးဝါး စုံစုံ လင်လင် ရှိရင်တော့ ပိုအဆင်ပြေတာပေါ့။ ဆေးဝါးယူဖို့က အဆင်မပြေဘူးရှင့်။ သောက်ဆေးလောက်ပဲ ရနိုင်တယ်။ အခြား ဆေးဝါးတွေလည်း အများကြီးလိုအပ်သေးတယ် “ လို့ စစ်ရှောင်စခန်း တာဝန်ခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

လက်ရှိမှာတော့ ကိုယ်ထူကိုယ်ထ ဆေးခန်းဆောက်နေပေမယ့် ဆေးခန်းမှာ ထိုင်ပေးမယ့် ဆေးဆရာ၊ ဆရာမ မရှိသေးဘူးလို့ စစ်ရှောင်စခန်းတာဝန်ခံက ဆက်ပြောပါတယ်။

လက်ရှိ ဆေးခန်းဖွင့်လှစ်သွားမဲ့ စစ်ရှောင်စခန်းမှာ စစ်ရှောင်ပြည်သူ တစ်ထောင်ကျော်ရှိနေတာ ဖြစ်ပါတယ်။ ကိုယ်ထူကိုယ်ထ ဆောက်လုပ်တဲ့ ဆေးခန်းကို ဇူလိုင် ၂ရက်မှာ စတင်ဆောက်လုပ်နေပြီလို့ ဆိုပါတယ်။

ဆေးခန်းမရှိတာကြောင့် ဆေးကုသဖို့အတွက် ဆေးခန်း ရှိတဲ့ နေရာကို သွားရပြီး လက်ရှိမှာ မိုးရာသီဖြစ်နေတဲ့အတွက် လမ်းခရီးအဆင်မပြေဘူးလို့ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“စစ်ရှောင်စခန်းကနေ ဒီဆေးခန်းကို ပြန်မယ်ဆိုရင် အနည်းဆုံး နာရီဝက်လောက်ကြာတယ်။ အဲ့တာက ခြေခြေနဲ့ ဆိုရင်ပေါ့။ ဆိုင်ကယ်နဲ့ဆိုရင် မြန်တော့ မြန်တယ်။ ဒါပေမယ့် တချို့လူတွေက ဆိုင်ကယ်မရှိကြဘူးလေ။ ဆိုင်ကယ်ရှိပြန်တော့လည်း မိုးရွာတော့ ရွံ့ဗွက် တွေ တအားထတယ်။ ဆိုင်ကယ်က လမ်းအဆင်မပြေဘူး။ အကြားမှာဆိုရင် အက်ဆီးဒက်(မတော်မဆမှု) တွေဖြစ်တာ ရှိတယ်။ သစ်ငုတ်တွေနဲ့ တိုက်မိတယ်ကော။ အဲ့တာနဲ့တင် ဒဏ်ရာတွေ ပိုရ သွားကြတယ်ကော“ လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဆေးခန်းဆောက်လုပ်တာနဲ့ ပတ်သက်ပြီး ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCCကို အကူညီတောင်းထားပြီး ကိုယ်ထူကိုယ်ထဆောင်လုပ်နေတာ ဖြစ်တဲ့အတွက် အဖက်ဖက်က လိုအပ်ချက်ရှိနေပြီး ပံ့ပိုးကူညီပေးတဲ့ အဖွဲ့အစည်း၊ အလှူရှင်တွေကို လှူဒါန်းပေးဖို့ စစ်ရှောင်စခန်းတာဝန်ခံတွေက တောင်းဆိုထားပါတယ်။

တောတောင်တွေထဲ စစ်ဘေးရှောင်နေရတဲ့ လူထုတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတဲ့အပြင် ဆေးဝါးတွေကိုလည်း လိုအပ်ချက်များစွာ ရှိနေဆဲ ဖြစ်ပါတယ်။ စစ်ရှောင်ရင်း သေဆုံးသွားရသူတွေလည်း ရှိပြီး အာဏာသိမ်းကာလအတွင်း သေဆုံးသူ ၃၃ ဦး အထိ ရှိလာတယ်လို့ တိုးတက်သောကရင်နီပြည်သူ့ အင်အားစု PKPF က ဇူလှိုင် ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်က စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင်နဲ့ မွေးကင်းစကလေးတွေလည်း လုံလောက်တဲ့ ဆေးဝါးတွေ၊ ဆေးကုသမှုတွေ မရရှိကြပဲ သေဆုံးသွားရတာတွေလည်းရှိနေတယ်လို့ လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက် CHDN ရဲ့ ဒါရိုက်တာ ခွန်းဖိလစ်က ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားထားတာ ရှိပါတယ်။