spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ကူရာမဲ့နေတဲ့ တောင်သူတွေဘဝ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကလေးတွေနဲ့မိခင်တွေ အမျိုးသမီးတွေအများစုလိုက်စီးလာတဲ့ ထော်လဂျီစက်တစ်စီးဟာဆိုရင် ဒီးမော့ဆိုမြို့နယ် တရားရုံးရှေ့ကို ပုံမှန် တစ်ပတ်တစ်ကြိမ်ရောက်ရှိလာစမြဲပါ။ သူတို့တွေဟာဆိုရင် ဒေါဆိုရှေးကျေးရွာကနေ လာကြတဲ့သူတွေဖြစ်ကြပါတယ်။

ထော်လဂျီစက်ပေါ်မှာဆိုလျှင် အမျိုးသမီးတွေနဲ့ကလေးငယ်တွေအပါအဝင် ဟင်းသီးဟင်းရွက်တွေ၊ ဟင်းခြောက်တွေ၊ထမင်းဗူးတွေက ပုလိုင်းတွေ၊ ခြင်းတောင်းတွေနဲ့အပြည့်တွေ့ရမှာဖြစ်ပါတယ်။

တရားရုံးချိန်းရှိတုန်း သူတို့ရဲ့ အမျိုးသားတွေအတွက် ထောင်ထဲမှာစားစရာတွေသယ်သွားနိုင်ဖို့အရောက်လာပို့ ပေးကြတာဖြစ်ပါတယ်။ တချို့အမျိုးသားတွေကတော့ ဆိုင်ကယ်တွေနဲ့ စားစရာတွေသယ်လာပြီးတော့ သူတို့သားတွေကိုလာပို့ဖို့ ရောက်လာကြပါတယ်။

တရားရုံးချိန်းသို့ ဆွေမျိုးသားချင်းများကို လာရောက်တွေ့ဆုံကြသည့်တောင်သူများ

ဒေါဆိုရှေးတောင်သူတစ်ဦးဖြစ်တဲ့ ဦးလီဖဲက “ကျနော့်သားကို ကျနော်လာကြည့်တာ ဘာမှလည်း မကျွေးနိုင်ဘူး၊ မယူလာနိုင်ဘူး။ ဒါပေမဲ့ သူ့ကို တွေ့ချင်တော့ ရုံးချိန်းတိုင်း ကျနော်လာတယ်။ အရမ်းခက်ခဲပင်ပန်းတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်လုပ်ဖို့လည်း သူ့ကလေးတွေလည်း အရမ်းငယ်သေးတယ်။ ကျနော်လည်း သူ့ကို မကူညီနိုင်ဘူး။ အချုပ်ကျတာလည်း ၂ လ ၃လ ပြည့်တော့မယ်။ သူ့ကိုလည်း ဘာမှမကူညီနိုင်တော့ တွေးကြည့်ရင် အရမ်းနဲ့ စိတ်ပင်ပန်းတယ်။” လို့ပြောပါတယ်။

ဒီးမော့ဆိုတရားရုံးရှေ့မှာ အမျိုးသားအမျိုးသမီးတွေနဲ့ တခြားတောင်သူတွေကို ဝန်းရံကြတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ သတင်းသမားတွေက စောင့်နေကြပါတယ်။

မကြာခင်မှာပဲ ဒီးမော့ဆိုမြို့နယ်တရားရုံးထဲကို ဒေါဆိုရှေးတောင်သူတွေ ချုပ်ထားတဲ့ ရဲကားက ဝင်းထဲကိုရောက်လာ ပါတော့တယ်။

အချုပ်ကားပေါ်ကနေပါလာတဲ့သူတို့တွေကို စစ်တပ်က ပိုင်နက်ကျုးလွန်မှု ပုဒ်မ နဲ့ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ တွေနဲ့ တရားစွဲထားတဲ့ ဒေါဆိုရှေးက တောင်သူတွေပဲဖြစ်ကြပါတယ်။

ဒေါဆိုရှေးတောင်သူတွေဟာ တစ်ရွာလုံးမှာမှ စုစုပေါင်း အိမ်ထောင်စု ၂၇ အိမ်ရှိပါတယ်။ အဲဒီထဲကမှ အိမ်ထောင်စု ၁၅ စုထဲက အိမ်ထောင်ဦးစီးတွေ၊ မုဆိုးမတွေကို စစ်တပ်ကနေ ရာဇာသတ်ကြီးဥပဒေ ပုဒ်မ (၄၄၇)ပိုင်နက်ကျူးကျော်မှုနဲ့ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက် ဥပဒေ ပုဒ်မ (၆/၁)နဲ့ တရားစွဲဆိုထားပါတယ်။

အဲဒီအတွက်နဲ့ ကျန်ခဲ့တဲ့မိသားစုတွေမှာဆိုရင်လည်း အလုပ်လုပ်ပေးမည့်သူမရှိတဲ့အတွက် မိသားစုအတွက် ရုန်းကန်နေကြရပါတယ်။

တရားစွဲဆိုခံရသူတစ်ဦး၏မိသားစုဝင်ဖြစ်သော ဒေါ်ဖရေမာက “အခက်အခဲကတော့ အများကြီးရှိတာပေါ့။ တောင်ယာသွားမယ့်သူလည်း မရှိတော့ဘူး။ သား၊ သမီးတွေကို ကျွေးမွေးဖို့လည်း မရှိတော့ဘူး။ တောင်ယာကိုလည်း ကျမကိုယ်တိုင်ပဲ လုပ်ရတယ်။ ကျမ လူလည်းမငှါးနိုင်ဘူး။ သူများကို သွားပြီးတော့ အကူအညီတောင်းတယ်။ ကျမကို လုပ်ကူပါ။ တစ်ချိန်ချိန် ပြန်လုပ်ကူပါမယ်။ အဲ့လိုပဲပြောတယ်။ ပိုက်ဆံလည်း မရှိဘူး။ လူလည်းမငှါးနိုင်ဘူး။ ပေးလည်းမပေးနိုင်ဘူး။” လို့ပြောပါတယ်။

ခင်ပွန်းအပါအဝင် သား၃ဦးပါ အချုပ်ကျနေသည့် ဒေါ်ပါစကွီးနာက သူမအနေနဲ့ တောင်ယာလုပ်ငန်းတွေကို လူငှားပြီးလုပ်လိုက်ရတဲ့အတွက် ငွေကြေးအကုန်အကျများခဲ့ရပြီး အရှုံးပေါ်နေတယ်လို့ဆိုပါတယ်။

ဒေါ်ပါစကွီးနာ “အချုပ်ကျတာ ကျမ သားသုံးယောက်နဲ့ သူ့အဖေနဲ့ လေးယောက်ပေ့ါ။ တောင်ယာလုပ်ဖို့ ကျမ လူငှါးရတယ်။ သူများကို စက်မောင်းခိုင်းရတယ်။ ကျမ လူငှါးတာ အယောက် ၈၀ – ၉၀ လောက်ရှိတယ်။ စပါးရိတ်ဖို့ စက်ပါထပ်ငှါးတော့ ပိုကုန်တယ်။ ပိုက်ဆံက ငါးသိန်းကုန်တယ်။ မကိုက်တော့ဘူး။ ရှုံးတယ်။ ဘာဖြစ်လို့လဲဆိုရင် သားလည်းမရှိ အမျိုးသားလည်းမရှိတော့ လူတွေ အကုန်လုံး ငှါးရတော့ မကိုက်တော့ဘူး။ သီးနှံတွေလည်း အရနည်းတယ်။ ကျမ ဝမ်းလည်းနည်းတယ်။ စိုးလည်း စိုးရိမ်တယ်။” လို့ ပြောပါတယ်။

တောင်သူတွေကို စစ်တပ်ကအခုလိုတရားစွဲထောင်ချတဲ့အတွက် ကျန်ရစ်တဲ့မိသားစုတွေမှာလည်း အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတာပါ။

ယခုတပ်သိမ်းထားတဲ့မြေယာတွေဟာဆိုရင်ဘိုးဘွာစဉ်ဆက်နေထိုင်လာတဲ့ ရွာဟောင်းကတောင်ယာတွေနဲ့ပဲ အနှစ်နှစ်အလလကြာ တောင်ယာကို ဆက်လုပ်လာခဲ့ပေမယ့်လို့ ၂၀၀၃၊ ၂၀၀၄ခုနှစ်နောက်ပိုင်းမှာမှ အမြောက်တပ်(၃၆၀)က တပ်ရင်းလာတည်တဲ့အချိန်မှာ တပ်စခန်းအတွက် တောင်ယာတွေကို ဖယ်ပေးခဲ့ရပါတယ်။

ဒေါဆိုရှေးရွာကို ၁၈၇၉ ခုနှစ်ကတည်းက ဒီးမော့ဆိုမြို့နယ် ဒေါလောခူရွာဘက်ကနေ လာရောက်နေထိုင်ခဲ့ကြတယ်လို့ ဒေသခံတွေပြောပြချက်အရ သိခဲ့ရပါတယ်။

၁၉၈၇ ခုနှစ် နယ်မြေမအေးချမ်းလို့ ဖြတ်လေးဖြတ်ဖြစ်ပြီးတော့ ဒေါဆိုရှေးမှာနေထိုင်တဲ့သူတွေအားလုံးကို ပြောင်းရွေ့ခိုင်းလိုက်ပါတယ်။ အများစုကတော့ စံပြ(၆)မိုင်ရွာဘက်ကို ခေတ္တတစ်ဖြုတ်ပြောင်းရွှေ့နေ ထိုင်ခိုင်းခဲ့ပါတယ်။

အဲဒီလိုပြောင်းရွှေ့နေထိုင်ခိုင်းပြီးတော့ သေနတ်သံတွေမကြားတော့တဲ့အချိန်ကြရင် ပြန်လာနေထိုင်လို့ ရတယ်လို့ စစ်တပ်ကနေ နုတ်ကတိပေးခဲ့ပါတယ်လို့ လို့ ဒေါဆိုရှေးတောင်သူ တစ်ဦးဖြစ်တဲ့ ဦးပါးရယ်က ပြောပါတယ်။

“အဲဒီဖြတ်လေးဖြတ်ခေတ်မှာ ဒကစမှူးမောင်ကြည်က ခနတစ်ဖြုတ်ကျနော်တို့ကို စံပြ(၆)မိုင်လာနေခိုင်းတယ်။ ပြီးရင် ဒကစမှူးမောင်ကြည်က ဘာပြောလဲဆိုရင် ခင်ဗျားတို့အဲဒီမှာခနနေပြီး စစ်သံတိတ်တဲ့အချိန် ဗုံသံပေါက်ကွဲပြီးတဲ့အချိန် ကျရင်ဒေါဆိုရှေးရွာဟောင်းပြန်လာနေနိုင်တယ်လို့ နုတ်ကတိနဲ့ပေးခဲ့တာရှိတယ်။” လို့ဦးပါးရယ်က ပြောပါတယ်။

စံပြ(၆)မိုင်မှာခေတ္တသွားရောက်နေထိုင်ခဲ့ကြတဲ့အချိန်ကစပြီးလည်း လုပ်ကိုင်စားသောက်စရာ မြေနေရာမရှိတဲ့အတွက် ရွာဟောင်းက တောင်ယာမြေယာကိုသာ ဆက်လက်လုပ်ကိုင်လာခဲ့ကြပါတယ်။

ဖြတ်လေးဖြတ်တုန်းက ဒေါဆိုရှေးရွာကနေ ပြောင်းရွှေ့ခံခဲ့ရတဲ့ ဒေသခံတွေတချို့ဟာ စံပြ(၆)မိုင်မှာတချို့၊ လွိုင်ကော်မြို့နယ် လွိုင်လင်လေး (ဒေါတနော)ရွာ၊ ကယန်းကြတ်ခူရွာ၊ ဒေါလောခူရွာဟောင်းစတဲ့ရွာတွေဘက်မှာ ပြန့်ပြီးနေထိုင် စားသောက်ခဲ့ကြရပါတယ်။

လက်ရှိစံပြ(၆)မိုင်မှာ ပြောင်းရွေ့နေထိုင်ကြတဲ့သူတွေအများစုက ရွာဟောင်းကနေပြောင်းခဲ့ပေမယ့်လည်း ရွာဟောင်းက တောင်ယာမြေပေါ်မှာပဲ သီးနှံတွေ ပြန်လည်လုပ်ကိုင်စားသောက်ခဲ့ ကြတာ ယခုအချိန်ထိပါ။

အခုလိုတရားစွဲထောင်ချခံရတာနဲ့ပတ်သက်လို့ တောင်သူတွေမျာ အားကိုးစရာမဲ့နေကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့တရားရေးက အင်အားကြီးတဲ့သူကပိုပြီးအသာရနေတာဖြစ်တဲ့အတွက် အခုလို တောင်သူတွေအပေါ် တရားစွဲဆိုထားတဲ့အပေါ် နစ်နာမှုတွေသာရင်ဆိုင်နေရတဲ့အပေါ်မှာ တောင်သူတွေက သူတို့ရဲ့ ထုံးတမ်းဓလေ့နဲ့သာ အဆုံးသတ်စေချင်တယ်လို့ ဒေါဆိုရှေးတောင်သူ ဦးပါးရယ်က ပြောပါတယ်။

06:12 “ဘယ်လိုမျိုးအဆုံးသတ်ချင်လဲဆိုရင် တရားရေးမှာအဆုံးမသတ်ချင်ဘူး ကျနော်တို့ရိုးရာဓလေ့နဲ့ တရားစီရင်ချင်တယ်။ ဒါဆိုကျနော်တို့ရိုးရာဓလေ့ ဆိုအဆုံးသတ်ပဲ။ ပြောရမယ်ဆိုရင်ကျနော်တို့ရိုးရာဓလေ့ဟာဆိုရင် သူတစ်ပါးကို မထိခိုက်မစောကားဘူး။” လို့ ဦးပါးရယ်ကပြောပါတယ်။

ဒီလိုတရားစွဲထားတဲ့အပေါ်မှာ သက်ဆိုင်ရာတွေကလည်း တိုင်းရင်းသားတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ တရားလွှတ်တော်ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။

“တိုင်းရင်းသားတွေအတွက်ဆိုရင် မြေလွတ်မြေရိုင်း ဥပဒေတွေမှာ ဘယ်လို ပြန်းဌာန်းပြီး ၂၀၁၈ မှာ အသစ်ရေးထားတာလဲ။ သစ်တောဥပဒေတွေမှာ ဘယ်လိုရေးထားတာလဲ၊ အထောက်အထားမရှိတဲ့ မြေနဲ့ ပတ်သက်ရင် ဘယ်လို လျော့ကြေး နစ်နာကြေးတွေ ပြန်ပေးဖို့ ဘယ်တွေ လုပ်ရမလဲဆိုတာ အစိုးရတွေမှာလည်း ဆိုင်တယ်၊ လွှတ်တော်မှာလည်း ဆိုင်တယ်၊ လွှတ်တော်ကိုယ်စားလှယ်လည်း ဆိုင်တယ်။” လို့ ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာတောင်သူတွေကို စစ်တပ်က ပိုင်နက်ကျုးလွန်မှု ပုဒ်မ၄၄၇ဖြင့် ၁၁ဦး၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆/၁ ဖြင့် ၂ ဦး၊ ပုဒ်မ၄၄၇နှင့် ပုဒ်မ ၆/၁ (ပုဒ်မ၂ခု) ဖြင့် ၄ဦး စုစုပေါင်း တရားစွဲဆိုခံရသူ ဒေါဆိုရှေ့တောင်သူ ၁၇ ဦးနှင့်လွိုင်ကော်မြို့နယ်အတွင်းတွင် တောင်သူ ၃ ဦး စစ်တပ်က တရားစွဲထားပြီး ၎င်းတို့ထဲမှ လွိုင်ကော်အကျဉ်းထောင်ထဲတွင် ၉ ဦးဖမ်းထားပါတယ်။

လက်ရှိကယားပြည်နယ်မှာမြန်မာ့တပ်မတော်မှ ဒီဇင်ဘာလ ၁၃ ရက်နေ့က ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဝန်ထမ်း၃ဦးနဲ့ တောင်သူလယ်သမား၁၀ဦးကို ပုဒ်မ ၄၄၇နဲ့ ထပ်မံတရားစွဲလိုက်ပါတယ်။ လက်ရှိ မြန်မာ့တပ်မတော်ကတောင်သူလယ်သမားတွေကို တရားစွဲဆိုတာ စုစုပေါင်း တောင်သူ ၄၁ ဦးရှိနေပါတယ်။

spot_img
spot_img

Recent posts