spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ကနေဒါရောက် ကရင်နီအမျိုးသားများမှ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ကရင်နီလူငယ်များသို့ National Hero Award စံပြဆုတံဆိပ် ပေးအပ်

Author

Date

Category

ကန္တာရဝတီတိုင်းမ်

ကနေဒါရောက် ကရင်နီအမျိုးသားများမှ အမျိုးသားဂုဏ်သိက္ခာနှင့်ဆိုင်သည့် သမိုင်းဖြစ်ရပ်မှန်အပေါ် ရဲရင့်စွာရပ်တည်မှုနှင့် ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်မှုကို ကန့်ကွက်ခဲ့သည့် အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ကရင်နီလူငယ်များသို့ ပေးအပ်ချီးမြှင့်သည့် National Hero Award စံပြဆုတံဆိပ် လက်ခံရရှိခြင်း အခမ်းအနားကို ဩဂုတ်လ ၂၃ရက်နေ့က ကရင်နီပြည်လူငယ်များသမဂ္ဂရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ကနေဒါရောက် ကရင်နီအမျိုးသားများမှ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ကရင်နီလူငယ်များသို့ National Hero Award စံပြဆုတံဆိပ် ပေးအပ်

“လူငယ်တွေရဲ့ စွန့်လွှတ်အနစ်နာခံ လုပ်ဆောင်ချက်အပေါ်ကို ကနေဒါရောက် ကရင်နီအမျိုးသားအနေနဲ့ အသိမှတ်ပြုတဲ့အနေနဲ့ အမျိုးသားနိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်စံပြဆုတံဆိပ်ကို ချီးမြှင့်ခဲ့တယ်ပေါ့နော။ ဒီဆုတံဆိပ်ကို ကျမတို့အနေနဲ့က အလေးထားတယ်၊ ဝမ်းမြောက်ဂုဏ်ယူစွာနဲ့ အခမ်းအနားနဲ့တရားဝင် လက်ခံရရှိကြောင်းအနေနဲ့ ဒီအခမ်းအနားကို ပြုလုပ်ရခြင်းဖြစ်တယ်” ဟု ကရင်နီပြည်လူငယ်များသမဂ္ဂမှ အထွေထွေအတွင်းရေးမှူး မူအန်းဂျေလာက ပြောသည်။

လွိုင်ကော်မြို့၌ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် တည်ဆောက်သည့်အပေါ်တွင် ကရင်နီလူငယ်အင်အားစုအနေဖြင့် ကန့်ကွက်ခဲ့ပြီး ကရင်နီအမျိုးသားဂုဏ်သိက္ခာနှင့် သမိုင်းကြောင်းအမှန်ပေါ်တွင် ရပ်တည်ခဲ့သည့်အနေဖြင့် အစိုးရ၏လုပ်ဆောင်မှုအပေါ် အန်တုတွန်းလှန်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

စံပြဆုတံဆိပ်ပေးအပ်သည့် ကနေဒါရောက် ကရင်နီအမျိုးသားတို့မှ ကရင်နီအမျိုးသားများ၏ အမျိုးသားဂုဏ်သိက္ခာနှင့်သက်ဆိုင်သည့် သမိုင်းဖြစ်ရပ်မှန်အပေါ် ရဲရင့်ပြတ်သားစွာရပ်တည်၍ အမှန်တရားဖော်ထုတ်ခြင်း၊ မဟာလူမျိုးကြီးဝါဒ၏ အာဏာရှင်ဆန်ဆန် လုပ်ဆောင်သည့် ဒီမိုကရေစီအစိုးရကို ရဲရဲဝံ့ဝံ့အန်တုရင်ဆိုင်ခြင်း၊ အမျိုးသားတန်းတူရေးကို ဖော်ဆောင်နိုင်သည့် နိုင်ငံ၏အခင်းအကျင်းကို တိုင်းရင်းသားလူမျိုးအချင်းချင်းသာမက ပြည်ပရှိမြန်မာလူမျိုးအချို့ကို နားလည်လက်ခံ အသိအမှတ်ပြုကြောင်း ပြောဆိုထားသည်။

ထို့ပြင် မတရားမှုကို ခေါင်းငုံ့မခံတတ်သည့် ကရင်နီအမျိုးသားများ၏ ဗီဇသဘောကိုရရှိထားပြီး လူငယ်များကိုသာမက ပြည်သူလူထုကိုပါ စံပြဦးဆောင်စေနိုင်ခြင်း စသောအကြောင်းအရာတို့ကို ထောက်ရှု၍ ကရင်နီပြည်နယ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူရေး ကန့်ကွက်လှုပ်ရှားမှုကို ဦးဆောင်ခဲ့ကြသည့် ကရင်နီလူငယ်ခေါင်းဆောင်များကို ဂုဏ်ပြုထိုက်ကြောင်း ကနေဒါနိုင်ငံရောက် ကရင်နီအမျိုးသားမှ အမျိုးသားနိုင်ငံရေး တက်ကြွလုပ်ရှားသူလူငယ်များမှ စံပြဆုတံဆိပ်ကို အမျိုးသားရေးအတွက် အန်တုတွန်းလှန်ဆန့်ကျင်ခဲ့ကြသည့် ကရင်နီလူငယ်များကို ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။

လူငယ်အနေဖြင့် ကရင်နီပြည်သမိုင်းလမ်းကြောင်း အမှန်တကယ်ရောက်ရှိဖို့ ဆက်လက်လုပ်ဆောင်ရန် အားပေးကြောင်းနှင့် ယခုပေးအပ်သည့်စံပြဆုတံဆိပ်သည် မျိုးဆက်သစ်လူငယ်များအတွက် အင်အားတစ်ခုဖြစ်ကြောင်း လက်ရှိ လွိုင်ကော်အကျဉ်းထောင်မှ တရားရင်ဆိုင်နေရသည့် ကိုဒီးဒီ၏ဖခင်ဖြစ်သူ ဦးမိုက်ကယ်က ဆိုသည်။

“မိဘတစ်ဦးအနေနဲ့ ကရင်နီပြည်သူတစ်ခုလုံးကိုယ်စား ဝမ်းမြောက်ဝမ်းသာတယ်။ ကရင်နီပြည်ရဲ့ အနာဂတ်အရေးကို ဆန်းစစ်စေတဲ့ဆုပေးပွဲတစ်ခုလို့ ခံစားရတယ်။ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက်လည်း တော်တော်အသက်ဝင်သွားတဲ့ လုပ်ငန်းတစ်ခုလို့ ကျတော်အနေနဲ့ယူဆတယ် ခံစားရတယ်။ ဝမ်းနည်းစရာဖြစ်ပေမယ့်လည်း ကရင်နီပြည်တစ်ခုလုံးအတွက် ဝမ်းမြောက်စရာဖြစ်တယ်။ မျိုးဆက်သစ်လူငယ်အတွက်လည်း အင်အားတစ်ခုဖြစ်တယ်လို့ ယုံကြည်တယ်” ဟု ဦးမိုက်ကယ်က ပြောသည်။

လက်ရှိ တရားရင်ဆိုင်နေရသည့် အကျဉ်းကျခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၆ ဦးမှ အဆိုပါ စံပြဆုတံဆိပ်ပေးအပ်ပွဲ အခမ်းအနားကို ကျေးဇူးတင်လွှာပေးပို့သည့်စာတွင် ကနေဒါရောက် ကရင်နီအမျိုးသားများမှ စံပြဆုပေးအပ်သည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် ပြည်ပရောက် ရင်ဘတ်ချင်းတူ တိုင်းရင်းသားညီအစ်ကိုများ၊ ကရင်နီအသိုင်းအဝန်းရှိ အသင်းအဖွဲ့များ၊ မိမိတို့နှင့်အနီးကပ် လုပ်ဖော်ကိုင်ဖက်ရဲဘော်ရဲဖက်များ၊ ကရင်နီပြည်သူလူထုတစ်ရပ်လုံးအား ကျေးဇူးကြောင်း၊ လက်ရှိစွဲဆိုထားသော အမှုများအား အထက်တွင် ဖော်ပြခဲ့သော အလွှာအသီးသီးက အင်အားစုများနှင့်အတူ ရင်ဆိုင်ကာ ဆက်လက် မတရားမှုများကို တွန်းလှန်ရန် တိုက်တွန်းကြောင်း ထည့်သွင်းရေးထားသည်။

အကျဉ်းကျခံ ကရင်နီလူငယ် ၆ ဦးသည် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် စီမံဘဏ္ဍာဝန်ကြီးဦးမော်မော်ကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသားသစ္စာဖောက်များ၊ တိုင်းရင်းသားများသွေးစည်းချစ်ကြည်ရေး၏ ရန်သူများ၊ ကျေးဇူးကန်းသူများအဖြစ် မတ်လ ၂၅ရက်နေ့က လက်မှတ်ထိုးပြီး ထုတ်ပြန်ကြေညာခဲ့သည့်အတွက် ပြည်နယ်အစိုးရကိုယ်စား ဦးသက်နောင်က လွိုင်ကော်မြို့မရဲစခန်းတွင် မေလ ၁ရရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ပြီး တရားစွဲဆိုခဲ့သည်။

နိုင်ငံသားများ၏ ပုဂိ္ဂုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁ဝဖြင့် တရားစွဲဆိုခံပြီး လွိုင်ကော်မြို့နယ်တရားရုံးတွင် အမှုစစ်ဆေးရာ ၈ကြိမ်မြောက် တရားရုံးချိန်း ရှိနေပြီဖြစ်သည်။ ဩဂုတ်လ ၂၂ရက်နေ့တွင်လည်း လူငယ်၆ဦး လက်မှတ်ရေးထိုးထားသော ကြေညာချက်တွင် ထပ်မံလက်မှတ်ရေးထိုးကြေညာသူ ၁၆၆ ဦး၏ လက်မှတ်ရေးထိုးထားသော ကြေညာချက်ကို ကယားပြည်နယ်အစိုးရအဖွဲ့ရုံးသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

spot_img
spot_img

Recent posts