spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

ကြုံရာနေ့စားအလုပ်နဲ့ စားဝတ်နေရေး ဖြေရှင်းနေရတဲ့ CDM ကျောင်းဆရာမ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အဖြူ၊ အစိမ်းဝတ်ပြီး ကျောင်းခန်းထဲမှာ စာသင်နေရမယ့် ကျောင်းဆရာမတစ်ယောက် ခုတော့ အထည်ဆိုင် တစ်ခုမှာ အကူဝန်ထမ်းလုပ်ရင်း မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။

စစ်ကောင်စီက အာဏာသိမ်းလုပ်ရပ်ကို လက်မခံတဲ့အတွက် CDM လှုပ်ရှားမှုကို ၂၀၂၁ ခုနှစ်၊ မတ်လမှာ စတင်ပါဝင်ခဲ့ပြီးနောက် ကြုံရာနေ့စားအလုပ်ကို ဝင်လုပ်နေရပါတယ်။

“အဓိကကတော့ စစ်အာဏာရှင်လက်အောက်မှာ ဆက်ပြီးတော့မှ ထိုင်ဆိုထိုင်၊ ထဆိုထဆိုတဲ့ အမိန့်အာဏာနဲ့နေတဲ့ စနစ်အောက်မှာ၊ အဲ့စနစ်ဆိုးကြီးအောက်မှာ ဆက်ပြီးတော့ အလုပ်မလုပ်ချင်တဲ့ တစ်ခုနဲ့ပဲ CDM ဝင်ဖြစ်တာပေါ့နော်။”

ဆရာမက ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွာတစ်ရွာထဲကပဲဖြစ်ပါတယ်။ ပညာရေးဝန်ထမ်းလောကမှာ ၁၈ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ အလယ်တန်းပြရာထူးနဲ့ ဂုဏ်ပကာဒါနတွေကို စွန့်လွတ်ထားခဲ့တာပါ။

မီးဖိုချောင်အသုံးအစားရိတ်အတွက် အပြင်မှာ နေ့စားအလုပ်တွေကို ထွက်ရှာနေရပြီး လက်ရှိမှာတော့ အထည်ဆိုင်မှာ အလုပ်လုပ်နေပါတယ်။

“စားဝတ်နေရေးတစ်ဖက်တစ်လမ်း ဝင်ငွေလေးနည်းနည်းပါးပါး ဆီဖိုး၊ ဆားဖိုးလေးရအောင် အဲ့လိုပဲ ဒီသူများခေါ်တဲ့ အလုပ်တွေပေါ့နော်။ နေ့စားတို့ ဘာတို့ ပုံမှန်တော့ မရှိဘူးပေါ့နော်။ သူများခေါ်ရင် ခေါ်သလို အဲ့လို လိုက်လုပ်ရတာတော့ရှိတယ်။ အခက်အခဲတော့ အမျိုးမျိုးရှိတာပေါ့။ ကိုယ်က ဝင်ငွေမရှိတဲ့ခါကျတော့ ရှိတဲ့ဟာနဲ့ပဲ ရပ်တည်ပြီးတော့ နေရပါတယ်။”

သား၊သမီး (၃) သုံးယောက်ရဲ့ စားဝတ်နေရေးအတွက် လုံးပမ်းနေရပြီး သူ့အမျိုးသားကတော့ ကားမောင်းတဲ့အလုပ်နဲ့ တစ်ဖက်တစ်လမ်း ဝင်ငွေရှာဖွေပေးနေပေမယ့် ပုံမှန်အ လုပ်ရဖို့ကလည်း အခက်အခဲရှိနေပြန်ပါတယ်။

“ဒါလည်း ပုံမှန်မဟုတ်ဘူးပေါ့နော်။ သူများခေါ်မှ သွားရတယ်။ အခုချိန်မှာ လူတိုင်းအခက်အခဲရှိတယ်လေနော်။ အလုပ်အကိုင်က သူများခေါ်မှပဲ သွားရတယ်။ သူက ကားမောင်းတယ်ဆိုတော့ အလုပ်ရှိမှပဲ ဝင်ငွေရှိတာပေါ့နော်။ သူလည်း တစ်ဖက်တစ်လှမ်းရှာပါတယ်။ မိသားစု များတဲ့ အခါကျတော့၊ ကိုယ့်မိသားစု တစ်ခုထဲ မဟုတ်ဘူး လေနော်။ စစ်ရှောင်မိသားစုလည်း ကူညီပေးရတယ်ဆို၊ အချင်းချင်းပေါ့။ ဒုကရောက်တာချင်းအတူတူ ဝိုင်းလုပ် ဝိုင်းစားပေါ့နော်။ အဲ့လိုပဲပေါ့နော်။ အခက်အခဲတော့ အများကြီးရှိပါတယ်။”

ဆရာမရဲ့ မိသားစုအပြင် စစ်ရှောင်မိသားစု ၂ စုကိုပါ ကူညီလက်ခံထားတာကြောင့် နေအိမ်တစ်အိမ်ထဲမှာ လူဦးရေ ၁၅ ယောက်လောက်က စုပေါင်းနေထိုင်နေကြရပါတယ်။

ခုလို CDM ပြုလုပ်ထားတဲ့ ဆရာမလိုပဲ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းမှာ CDM ပြုလုပ်ထားတဲ့ ပညာရေးဝန်ထမ်းတွေလည်း ကိုယ်စီ အခက်အခဲကြုံတွေ့နေရပြီး ကြုံရာနေ့စားအလုပ်ကိုပဲ ဝင်လုပ်နေကြရ တယ်လို့ ဆိုပါတယ်။

“သူတို့က ဘယ်လိုမျိုးလည်းဆို ကိုယ်ပိုင်စီးပွားရေးလုပ်နိုင်လောက်အောင်လည်း အရင်းအနှီးမရှိကြဘူးပေါ့နော်။ တနိုင်တပိုင်နည်းနည်းပါးပါး ဒီဖက်ရာသီ သီးနှံတွေ လိုက်ခူးမယ်။ သူများ ငှားရင်ပေါ့။ နောက် နေ့စား အလုပ်လိုက်တဲ့သူရှိတယ်။ တချို့ကလည်း ကိုယ်ဝန်ဆောင်ရှိတယ်။ ပြီးတော့မှ ကလေးငယ်တွေ ရှိတော့ ဒီတိုင်းပဲ မှီခိုပြီးနေရတဲ့ လူလည်း အများကြီး ရှိတာပေါ့နော်။”
ရှမ်း/တောင်၊ ဖယ်ခုံမြို့နယ်တွင်းမှာ ပညာရေးဝန်ထမ်း ၁၃၀၀ ဦးရှိတဲ့အနက် ၇၂၀ ဝန်းကျင်က CDM လှုပ်ရှားမှုမှာ ပါဝင်နေကြနေကြတာဖြစ်ပါတယ်။
အဲ့ဒီအထဲ ၆၅၀ ဦးနီးပါးကတော့ စစ်ကောင်စီဘက်က ပညာရေးဝန်ထမ်းအဖြစ် ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ခံလိုက်ရပါတယ်။
အဲဒီထဲမှာ ဆရာမလည်း ထုတ်ပြန်ခံလိုက်ရတဲ့အထဲမှာပါဝင်နေသူ တစ်ဦးပါ။

CDM ဆရာမတစ်ယောက်အနေနဲ့ နေ့စဉ် ခက်ခဲပင်ပမ်းမှုတွေ ရင်ဆိုင်နေရပေမယ့်လည်း တစ်နေ့အောင်မြင်ရ မယ်ဆိုတဲ့ စိတ်နဲ့ ရှေ့ဆက်နေရပါတယ်။

“ဒါကတော့ လူတိုင်းက ကြုံရမှာပဲလေ ဒီဟာတွေ ပင်ပမ်းတယ်လို့လည်း မတွေးဘူး။ ဘာဖြစ်လည်းဆို ကိုယ်ကလည်း ကိုယ့်ခံယူချက်နဲ့ ကိုယ်ပဲလေ။ ဘယ်လိုမျိုးလည်းဆို အောင်မြင်ရမယ်ဆိုတဲ့ စိတ်နဲ့ တွေးလိုက်ရင် တော့ တစ်နေ့တာ ပင်ပမ်းသမျှလည်း ပင်ပန်းတယ်လို့လည်း မထင်ပါဘူး။ တစ်နေ့ ဒီလိုပဲ အောင်မြင်မှုပန်းတိုင် ရောက်တော့မှာပါ။”

အာဏာသိမ်းစစ်တပ်ဟာ အပြစ်မဲ့ ပြည်သူတွေကို လူမဆန်စွာ ညှင်းပမ်းနှိပ်စက်သတ်ဖြတ်တာတွေ လုပ်ဆောင် နေတာတွေကို မြင်တွေ့နေရတာကြောင့် စိတ်မကောင်းဖြစ်မိသလို CDM ပြုလုပ်တဲ့ ယုံကြည် ချက်ကိုတော့ ဘယ်လိုအခက်အခဲ ကြုံတွေ့နေရပါစေ အဆုံးအထိလုပ်သွားမယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts