spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

“ငါတို့မြေပေါ်မှာပဲ ငါတို့နေချင်တယ်”

Author

Date

Category

ဓါတ်ပုံ – KSFU

ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂ

“ကျွန်မ အဲဒီမြေတော့ မပေးနိုင်ဘူး သေရင်လည်းဒီမြေ ရှင်ရင်လည်း ဒီမြေပဲ” လို့ဆိုသူက နှီးဦးထုပ်ဆောက်လျှက် မျက်နှာကို မြေအောက် စိုက်ကြည့်နေတဲ့ အသက် ၅ဝ ကျော်အရွယ် ဒေါ်မဲမိုပါ။

မြန်မာ့နိုင်ငံရေးအပြောင်းအလဲနဲ့အတူ ဥပဒေရဲ့အားနည်းချက်ကြောင့် ကယားပြည်နယ်အတွင်းက တောင်သူတွေရဲ့ လယ်ယာမြေတွေဟာ မတရားသိမ်းဆည်းခံရတဲ့အပြင် လယ်ယာမြေပြဿနာတွေကြောင့် တောင်သူတချို့ဟာ တရားစွဲဆိုခံနေရပါတယ်။

အသက် ၆ဝ အရွယ်ရှိ ဦးထျိုးရယ်နဲ့ ဒေါ်မဲမိုတို့ မိသားစုဟာ မြန်မာနိုင်ငံအတွက် လျှပ်စစ်စွမ်းအင်တွေကို အဓိကထုတ်ပေးတဲ့ စက်ရုံတွေ တည်ရှိရာ လွိုင်ကော်မြို့နယ် လောပိတအုပ်စု လောကထုကျေးရွာမှာ နေထို်င်တဲ့ တောင်သူလယ်သမား မိသားစုဖြစ်ပါတယ်။

၁၉၈၆ ခုနှစ်တုန်းက လောပိတအမှတ် (၁) ရေအားလျှပ်စစ်စက်ရုံစီမံကိန်းအတွက် ဒေါ်မဲမိုမိသားစု နေထိုင်တဲ့ ဒေသရှိ ထောင်ချီတဲ့ မြေယာတွေ သိမ်းယူခဲ့ပါတယ်။

“၂၀၀၉ ခုနှစ်မှာ စက်ရုံပိုင် လန ၃၉ သတ်မှတ်ပေးမယ်ဆိုပြီး ကျွန်တော်တို့ကို ပြည်နယ်အစိုးရ ရံဖန်ရံခါပေါ့နော် ခေါ်ပြီး စက်ရုံခြံစည်းရိုးတွေ သံကိုင်းတို့ ဘေးကွင်းက ပေ ၁၀ဝ ကို စက်ရုံအဖြစ် သတ်မှတ်တယ်လို့ ကျွန်တော်တို့ကို ခေါ်ယူအတည်ပြုခဲ့တယ်။”လို့ လောကထုဒေသခံမှ ရွာသား ဦးမြင့်မောင်က ဆိုပါတယ်။

အဲ့ဒီလို အတည်ပြုတဲ့အပေါ်မှာတော့ အဲဒီမှာနှစ်ရှည်ပင်တွေ ပြန်စိုက်စားလို့ရတယ်လို့ သိမ်းယူခဲ့တဲ့ တာဝန်ရှိသူတွေက ပြောခဲ့ပေမယ့်လည်း အနည်းငယ်သာ လုပ်ကိုင်ခွင့်ရပြီး ဒီနေ့အချိန်ထိ တချို့တွေကတော့ တရားစွဲဆိုခံနေရကြတာပါ။

ဓါတ်ပုံ – KSFU

အစိုးရက ဒေသခံတွေလုပ်စားတဲ့ တောင်ယာတွေကို သိမ်းပြီးတဲ့နောက်မှာတော့ တောင်ယာလုပ်စားဖို့ မြေမရှိ တော့တာဖြစ်ပါတယ်။ အဲဒီနောက်မှာ သတ်မှတ်နယ်မြေထဲ စိုက်ပျိုးရေးတွေပြန်လုပ်ခွင့်မပြုကြောင်း အစိုးရက အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။

စားဝတ်နေရေးအတွက် စိုက်ပျိုးစရာ မြေယာမရှိတဲ့ ဒေါ်မဲမိုတို့လို မိသားစုတွေဟာ အရဲစွန့်ပြီး သွားရောက် စိုက်ပျိုးမှုတွေ ပြုလုပ်တဲ့အချိန်မှာတော့ ခြိမ်းခြောက်မှု အမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရတယ်။

“ကျမတို့ မိဘလက်ထက်ကတည်းက လုပ်စားလာတာ ကျမတို့လုပ်စားတာ မိဘတွေရဲ့ ခြံဟောင်းဘဲပေါ့ မိုင်းထောင်ထားတယ် မသွားလုပ်စားနဲ့တော့လို့လဲ တချို့က တားကြတယ်။ ကျွန်မတို့ သွားလုပ်စားတာ ဆောက်ထားတဲ့ တဲတွေဆိုရင်လဲ မီးရှို့ဖျက်ဆီးခံရတယ်။ နေပူတဲ့အချိန်ဆိုတော့ မီးဘယ်လိုမှ ငြိမ်းလို့မရဘူး သူတို့ကို တားတော့လည်း စစ်တပ်ပြန်ခေါ်လာတယ် အခုကျွန်မတို့ကို တရားစွဲတဲ့သူတွေလေး။”လို့ အသံဖျော့ဖျော့နဲ့ ဒေါ်မဲမို ပြောပါတယ်။

၂၀၀၉ ခုနှစ်မှာ စက်ရုံအတွက် မလိုအပ်တော့တဲ့ မြေတွေကို အစိုးရက စွန့်လွတ်လိုက်ပြီလို့ သိရတဲ့အခါ ဒေါ်မဲမို မိသားစုနဲ့အတူ လောကထုရွာသားတွေက ပြန်လည်ဝင်ရောက်လုပ်ကို်င်ချိန်မှာတော့ စက်ရုံစီမံကိန်းဝန်ထမ်းနဲ့ မြေယာအငြင်းပွားမှုစတင် ရင်ဆို်င်ကြရပါတော့တယ်။

သူတို့ရဲ့ နေရာတွေကို စီမံကိန်းဝန်ထမ်းတွေက အမည်ပေါက်နဲ့ တရားဝင်လုပ်ပို်င်ခွင့်ပုံစံတွေ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

ရေအားလျှပ်စစ်စီမံကိန်းက ဝန်ထမ်းအမည်ပေါက်တွေနဲ့ အစိုးရဌာနဆိုင်ရာတွေကလည်း မြေစာရင်းပုံစံတွေကို ချပေးခဲ့တာဖြစ်ပါတယ်။

ဒေါ်မဲမိုဟာ ဗမာစကားမပြောတတ်ပါဘူး။ စာလည်းမဖတ်တတ် ၊ စာလည်းနားမလည် ကျောင်းလည်း မနေခဲ့ရတဲ့သူပါ။ သူမရဲ့ခြံပဲ ဝင်လုပ်စားလို့ရမယ်အထင်နဲ့ ခြံဝင်ရှင်းရာကနေ တရားရုံးက ဆင့်ခေါ်စာရမှ တရားစွဲဆိုခံလိုက်ရတယ်ဆိုတာ သိလိုက်ရတာဖြစ်ပါတယ်။

စာမတတ်တဲ့သူက တရားရုံးမှာ တရားလိုရှေ့နေတွေရဲ့ မေးခွန်းတွေ ၊ တရားသူကြီး မေးခွန်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒေါ်မဲမိုရဲ့ အမျိုးသားဖြစ်သူ ဦးထျိုးရယ် တောင်ယာသွားတဲ့အချိန်မှာ စီမံကိန်းဝန်ထမ်းတွေက စစ်တပ်ကို သွားရောက်ခေါ်ယူပြီး မောင်းထုတ်စေခိုင်းတာကို ကြုံခဲ့ရပါသေးတယ်။

“စစ်သားက ကျွန်တော်က်ို အဖိုးကြီး ခင်ဗျားဒီမြေမှာ လုပ်စားတာဘယ်လောက်ပြီလဲ မေးတော့ ကျနော့် အသက် ၁ရ နှစ်အရွယ်၊ အလုပ်စလုပ်နိုင်ကတည်းက လုပ်စားလာတာ” အဲလိုပြန်ပြောလိုက်တယ်။
အဲတာနဲ့ သူက “ခင်ဗျားမလုပ်ဘဲထားတာ ဘယ်လောက်ကြာပြီလဲ။”
“၈ နှစ်လောက်ရှိပြီပေါ့ စီမံကိန်းလာတော့ ဘယ်လိုလုပ်လို့ရမလဲ မနက် ၆ နာရီ ည ၆ နာရီမှ ပေးမသွားဘူး ကန့်သတ်မြေဆိုပြီးတော့လဲ ပစ်။ မသွားရ နယ်မြေဆိုပြီးတော့လဲ ပစ်သတ်တယ်။ အကုန်လုံးအဲလို ပိတ်ထားတော့ ဘယ်လိုလုပ်စားလို့ရတော့မလဲ လို့ ပြန်ပြောလိုက်တယ်။”ဟု ၎င်းက ပြန်ပြောင်းပြောသည်။

လက်ရှိအခြေအနေမှာ ဦးထျိုးရယ် ဒေါ်မဲမိုတို့နဲ့ အတူ လောကထု ရွာသား ၄ ဦးတို့ဟာ မိမိတို့ မြေယာအပေါ် လုပ်ကို်င်စားသောက်ခွင့်မရတဲ့အပြင် စီမံကိန်းဝန်ထမ်းမှ အကျိုးဖျက်စီးလိုမှု၊ ပိုင်နက်ကျူးလွန်မှု အစရှိတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုခံနေကြရပါတယ်။

လောပိတစီမံကိန်းနည်းတူ ကယားပြည်နယ် တခြားနေရာဒေသတွေမှာ အစိုးရ၊ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့စည်းတွေရဲ့ စီမံကိန်းကြောင့် တောင်သူလယ်သမားတွေ မြေယာသိမ်းဆည်းမှုတွေ ရင်ဆို်င်နေကြရပါတယ်။

လွိုင်ကော်မြို့ မြောက်ဖက်ရှိ ဒေသခံတွေရဲ့ တောင်ယာတွေကိုလည်း စစ်တပ် ၅ တပ်ကနေပြီး မြေယာသိမ်းဆည်းမှုတွေ ရှိခဲ့ပါတယ်။

သိမ်းဆည်းခံလယ်ယာမြေ တစ်ဦးဖြစ်တဲ့ မြေနီကုန်းမှ ခူးဦးရယ်က “ကျွန်တော်တို့က ကရင်နီပြည်မှာပဲ ကြီးပြင်းလာကြတဲ့သူတွေဆိုတော့ ကျွန်တော်တို့ရဲ့ လယ်ယာကို ၁၉၉ဝ – ၁၉၉၁ မှာ လက်ရှိ ရှိနေတဲ့တပ် ၂၅ဝ ရယ်၂၆၁၊ ၃၅၆ဆိုတဲ့ အမြောက်တပ်ရယ် နောက်ပြီးတော့ မရှိသေးတဲ့ဟာ အခုမှကြားဖူးတဲ့ ဆက်သွယ်ရေး BE ဆိုတဲ့ စစ်မြေပြင်အင်ဂျင်နီယာတပ်တွေပေါ့နော် အဲဒီတပ်တွေစုပြီးတော့ ကျွန်တော်တို့ လယ်ယာမြေကို လာသိမ်းသွားတယ်ပေါ့နော်”လို့ ပြောပါတယ်။

၂၅ဝက ၇၈ရ ဧက၊ ၃၅၆ အမြောက်တပ်က ၆၂၆.၈၄ ဧက သိမ်းယူပါတယ်။ ဒါပေမယ့် လေယဉ်ကွင်းတိုးချဲ့တဲ့ အကွက်မှာ ၂၀.၇ဝ ကို ဖြတ်ပြီးတော ့စွန့်လွတ်ပေးတဲ့အတွက် ၆၀၆.၁၄ဧက ကျန်တယ်။ ၂၆၁ က ၅၉ဝ ဧက အဲဒီ ၅၉ဝ ဧကထဲမှာ၂၉၈.၉၉ ဧကကို လျော်ကြေးပေးအပ်ခဲ့ပြီလို့ ဆိုပါတယ်။

အဲ့ဒီ ၂၉၈.၉၉ ဧကကို လျော်ကြေး ၂၂၃၄ဝ ကျပ်နဲ့ လျော်ခဲ့တယ်လို့ သိရတယ်။

“ဒါမယ်ကျနော်တို့ မသိဘူး ရလည်းမရဘူးပေ့ါနော်”လို့ ခူးဦးရယ်က တုန့်ပြန်ပြောဆိုပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်ရှိ မိုးဗြဲဒေသဖက်မှာလည်း စစ်တပ်က ဧက ၂၀၀ဝ သိမ်းဆည်းထားခံရပါသေးတယ်။

မိုးဗြဲတောင်သူကွန်ယက်မှ စိန်ဝင်းက “၂၀၀၃ခုနှစ်မှာ ကြက်ဆူစီမံကိန်းဆိုပြီးတော့ ကားလမ်းနဲ့ ရထားလမ်းဖက်ပို်င်းကို ဒီကြက်ဆူစီမံကိန်းဆိုပြီးမှ သက်ဆိုင်ရာဌာနကို ခွဲဝေပေးလိုက်တယ်။ ကြက်ဆူစိုက်ပေးဖို့ ခွဲဝေပေးပြီးတဲ့အခါမှာ ကြက်ဆူစိုက်လိုက်တယ် မအောင်မြင်ဘူး မအောင်မြင်တော့ အဲမြေက အဲ့ဌာနပဲ အပိုင်ယူလိုက်တယ်။ ပြီးတော့ သစ်တောတို့ ဖက်ကတော့၂၀၁ဝ နောက်ပိုင်းမှ သစ်တောမြေအဖြစ် သူတို့သတ်မှတ်လိုက်တယ် ကျန်တဲ့နောက်ပို်င်းမှာ ကျန်တဲ့တပ်မြေတွေက ၁၃၅၇.၈၃ ဧက လောက်ပဲရှိမယ်။” လို့ သူက ပြောပါတယ်။

ဖရူဆိုမြို့နယ်ဖက်မှာဆိုလည်း ယခုလိုပဲ တပ်သိမ်းတဲ့မြေကြောင့် တောင်သူတွေ နစ်နာခဲ့ရပါတယ်။

“တပ်တွေ စသိမ်းတယ်ဆိုတာက သူတို့ပြောပုံအရဆို ၁၉၉၃ ပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီသိရှိသည်အထိ သိမ်းသွားတယ်ဆို ဒါက ကျွန်တော်တို့ ဒီ၂၀၁၄၊ ၂၀၁၅ လောက်မှ ကျွန်တော်တို့ အကျယ်တဝင့် သိလာရတယ်။”လို့ ဖရူဆိုမြို့နယ် ဆိုလျားကူးရွာကက ခူးကော့ကောက ပြောပါတယ်။
ဆိုလျားကူးကျေးရွာတောင်သူတွေရဲ့ မြေယာကို ခ.မ.ရ ၅၃၁ တပ်က သိ်မ်းသွားတာဖြစ်ပါတယ်။ ဧကအားလုံးစုစုပေါင်း ၁၂၈၉ ဧက သိမ်းသွားပါတယ်။

တဆက်တည်းမှာပဲ ဖရူဆိုမြို့နယ်ထဲမှာပဲ ၂၀၁၁ ခုနှစ်က အမှတ် ၁၄ တပ်လေ့ကျင့်ရေးကျောင်းဆောက်ဖို့ မြေယာတွေ ဧက ၃၀၀ဝ ကျော်သိမ်းခဲ့ပါသေးတယ်။

သိမ်းဆည်းလိုက်တဲ့မြေတွေက ဒေါ်တထော၊ မော့ခရော့ရှေ့၊ ဒေါ်လောခူ၊ လောခူးခူအစရှိတဲ့ ဘိုးဘွားပိုင်မြေတွေ ဖြစ်ပါတယ်။
ဖရူဆိုမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က “အမှတ်(၁၄) စစ်ရေးလေ့ကျင့်ကျောင်း ၂၀၁၁ မှာ လာပြီးတော့ဆောက်တယ်။ ဒီလာသိမ်းတဲ့အခါမှာ လောကျာ ဘိုးဘွားပိုင်မြေပါတယ်၊ ဒေါ်တထော၊ မော့ခရော့ရှေ့၊ ဒေါ်လောခူ၊ လောခူးခူ အဲဒီရွာတွေရဲ့ ဘိုးဘွားပိုင်မြေ ဧက ၃၀၀ဝ ကျော်လောက်ပါတာပေါ့နော်။ ဒါပေမဲ့ အစိုးရကတော့ ၂၇၀ဝ လို့ ကြေညာထားပါတယ်။” လို့ပြောပါတယ်။

ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂရဲ့ စာရင်းအရ ကယား(ကရင်နီ)ပြည်နယ်အတွင်း ဧကပေါင်း ၁၇၄၃ဝ ဧက လောက်ရှိတယ်လို့သိရပါတယ်။

ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ခူးတူရယ်က “ ဟိုအရင်က ဘာလို့သိမ်းတာလဲဆိုရင် လယ်ယာမြေလုံခြုံရေးအရ သူတို့သိမ်းထားတာရှိတယ်။ အဲတာက မပွင့်မလင်းတဲ့ ဥပဒေတွေနဲ့ပေါ့။ မသိဘဲနဲ့ အတင်းအဓမ္မလာသိမ်းသွားတာရှိတယ်။ လယ်ယာမြေဥပဒေရှိပေမယ့်လည်း တောင်သူတွေက မသိရဘူး။ အဲ့တာ မပွင့်မလင်းဘဲနဲ့ လာသိမ်းသွားတာလို့ ပြောလို့ရတယ်။”လို့ ပြောပါတယ်။

အခုလို မြေယာသိမ်းဆည်းခံရလို့ လုပ်ကိုင်စားသောက်ဖို့ မရှိတဲ့ အကြားထဲ ဒေါ်မဲမိုဟာ သူရဲ့ တောင်ယာကိုသွားတဲ့အခါ တဖက်က စီမံကိန်းဝန်ထမ်းက ဓါတ်ပုံလာရိုက်ပြီး ကျူးကျော်လာသူလို့ သက်သေအဖြစ် ယူသွားလိုက်တာ ခံခဲ့ရတာပါ။

ဒေါ်မဲမိုက“ ကျမသာ ယောက်ျားဖြစ်မယ်ဆိုရင် ရွာမှာမနေနို်င်တော့ဘူး စိတ်ကမိ်န်းကလေးသာဖြစ်နေလို့ ပြီးတော့ အိုလဲအိုနေပြီ ဘာလုပ်ဘာကို်င်ရမလည်း မသိတော့ဘူး။”လို့ လွိုင်ကော်မြို့နယ် တရားရုံးရှေ့က သစ်ပင်အောက်မှာ ငုတ်တုတ်ထိုင်ရင်း ညီးတွားလိုက်တယ်။

ဒေါ်မဲမိုနဲ့ အတူ လောကထုရွာက တရားစွဲခံရတဲ့သူတွေ အားလုံးက တရားရုံးက ခေါ်တဲ့နေ့တိုင်း သွားလာရေးမှာ ဆိုင်ကယ်တောင် အခက်အခဲရှိနေချိန် မပျက်မကွက် တက်ရောက်နေခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ဘိုးဘွားပိုင်လယ်ယာမြေတွေ ပြန်ရဖို့ ဦးထျိုးရယ်နဲ့ ဒေါ်မဲမိုတို့အပါဝင် ဒေါကထုရွာသူရွာသားတွေ ရိုးရာအရ သူတို့ဘိုးဘွားတွေကို တိုင်တည်ပြီး ကြက်ရိုးထိုးပွဲ၊ သတင်းစာရှင်းလင်းပွဲ တွေ ပြုလုပ်ခဲ့ကြတာကလွှဲလို့ တခြားဘာမှ မတတ်နိုင်ခဲ့ပါဘူး။

spot_img
spot_img

Recent posts