spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

စက်မှုဇုန်အဖြစ် ပြောင်းလဲသတ်မှတ်ခြင်းဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ  ပိုမိုဝင်ရောက်လာနိုင်မည်

Author

Date

Category

နော်ဒွေးအယ်ခူ

ယခင်က စက်မှုရပ်ကွက်ဟုခေါ်ဆိုခဲ့ပြီး ရင်းနှီးမြှုပ်နှံမည့်သူများ စက်မှုလုပ်ငန်းဖော်ဆောင်ရာတွင် စိတ်ဝင်စားမှုအားနည်းခဲ့သောကြောင့် ရပ်ကွက်ကို စက်မှုဇုန်အဖြစ် သတ်မှတ်မှသာလျှင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်ဝင်ရောက်လာနိုင်သည်ဟု ဆိုသည်။

ယခုအခါ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်ရာတွင် စက်မှုရပ်ကွက်ဟုသာ သုံးနှုန်းဖော်ပြထားသဖြင့် ရပ်ကွက်ဟုသတ်မှတ်ပြီး လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု လျော့နည်းခဲ့ကြောင်း သိရသည်။

“ရပ်ကွက်ဆိုတာ ရင်းနှီးမြှုပ်နှံမယ့်သူတွေ စက်မှုလုပ်ငန်းဖော်ဆောင်မယ့်သူတွေအတွက် စိတ်ဝင်စားမှုအားနည်းနေတဲ့ အကြောင်းရင်း တစ်ရပ်အဖြစ်တွေ့မြင်ရပါတယ်။ အဲတော့ ဒီရပ်ကွက်ကို စက်မှုဇုန်အဖြစ် သတ်မှတ်မှသာလျှင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမယ့်လုပ်ငန်းရှင်များ ပိုမိုတိုးတက်ဝင်ရောက်လာမှာကို တွေ့ရပါတယ်’’ဟု ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုက မေလ(၂၄)ရက်တွင် ပြုလုပ်ခဲ့သော လွိုင်ကော်စက်မှုဇုန်ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားတွင် ပြောခဲ့ခြင်းဖြစ်သည်။

ယခင်ရပ်ကွက်ထဲ၌ အသေးစား၊ အလတ်စား၊ စက်မှုလုပ်ငန်းများကို ဖော်ဆောင်ခဲ့သော်လည်း အတိုင်းအတာတစ်ခုထိသာ ပေါက်မြောက်ခဲ့ပြီး သက်ဝင်လုပ်ရှားမှု အင်မတန်အားနည်းခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

စက်မှုဇုန်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်သောကြောင့် ပြည်နယ်အတွင်းတွင်  အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်ပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းများ တိုးတက်လာမည်ဖြစ်သည်။

ထိုသို့ တိုးတက်အောင်ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအဖွဲ့တစ်ခုတည်းဖြင့် လုပ်ဆောင်၍မရဘဲ မိဘပြည်သူများ၊ ဒေသခံတိုင်းရင်းသားများက စိတ်တူကိုယ်တူဖြင့် တူညီသောအမြင်များ ချမှတ်ပေးပြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းလက်တွဲပေးရန် ဝန်ကြီးချုပ်က တိုက်တွန်းခဲ့သည်။

စက်မှုရပ်ကွက်သည် ရပ်ကွက်အဖြစ်ရှိနေသည်ဖြစ်သောကြောင့် နိုင်ငံတကာ၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများ လာရောက်ခြင်း မရှိပေ။ ထို့ကြောင့် ဇုန်အဖြစ်အဆင့်မြှင့်တင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ စက်မှုဇုန်တစ်ခု ထူထောင်ရန် မြေယာပိုင်ဆိုင်မှု တရားဝင်ရရှိထားပြီး ခိုင်မာမှုရှိခြင်း၊ လျှပ်စစ်ဓာတ်အားပြည့်မီစွာ ဆောင်ရွက်ပေးနိုင်ခြင်း၊ လမ်းများကောင်းမွန်ခြင်း စသည့် အခြေခံကောင်းများ ရှိသည်ဟု၎င်းက ဆိုသည်။

ဦးတင်ဇာဝင်ထွန်းက “နိုင်ငံတကာအဆင့်မှီ၊ တိုင်းနဲ့ပြည်နယ်အဆင့်မှာပေါ့ ဇုန်ရဲ့အင်္ဂါရပ်နဲ့အညီ ပြည်စုံအောင်ကြိုးစားသွားမယ်။ အဲအတွက် ယုံကြည်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုအပြည့်ရှိတယ်။ အောင်မြင်မှာပါ ကြိုးစားမှာပါ’’ ဟု ဆိုသည်။

လာရောက်ရင်းနှီးမြှုပ်နှံသူတွေများပြီး ပြည်နယ်ဂုဏ်ကို ဆောင်နိုင်သည့် စက်မှုဇုန်တစ်ခုဖြစ်စေချင်ကြောင်း ဒေသခံလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“ဒီစက်မှုဇုန်ကို ပြည်နယ်ရဲ့ဂုဏ်ဆောင်ဖြစ်စေချင်တယ်။ အခုဒီလိုမျိုးတွေ လုပ်ပေးတော့ အရမ်းဝမ်းသာတယ်” ဟု ဒေသခံလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါ်ချိုက ပြောသည်။

(၂၀၁၈-၂၀၁၉)ဘဏ္ဍာရေးနှစ်အတွက် နန့်တဘက်ချောင်းမှ လွိုင်ကော်မြို့ ရေပေးဝေရေးစီမံကိန်းကို စက်မှုဇုန်သို့ ပေးဝေရန် ဆောင်ရွက်ထားကြောင်းလည်းသိရသည်။

စက်မှုဇုန်အဖြစ် ပြောင်းလဲခဲ့သော စက်မှုရပ်ကွက်ကို ၂၀၀ရခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အကျယ်အဝန်း စုစုပေါင်း (၈၁၇.၄၆)ဧက ဖြစ်သည်။

အဆိုပါ မြေဧရိယာအကျယ်အဝန်းကို အပိုင်း(၂)ပိုင်းခွဲခြားထားသည်။ အပိုင်း(၁)အကျယ်အဝန်းမှာ (၂၆၉.၄၆)ဧကရှိပြီး အပိုင်း(၂)မှာ (၅၄၈)ဧက ပါဝင်သည်။

၎င်းကို စက်မှုရပ်ကွက်အဖြစ် အသုံးပြုရန် တရားဝင်ရရှိထားပြီးဖြစ်သည်။ ယခုအခါ အပိုင်း(၁)မြေဧရိယာပေါ်တွင် စက်မှုလုပ်ငန်းပေါင်း (၈၆)ခုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

spot_img
spot_img

Recent posts