spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

စက်သုံးဆီရောင်းချနေတဲ့ ဆီဆိုင်အချို့ ပြတ်လပ်၊ အကန့်အသတ်ဖြင့်သာ ရောင်းချနေရ

ကန္တာရဝတီတိုင်း(မ်)

စက်သုံးဆီဈေးမြှင့်တက်မှုကြောင့် လွိုင်ကော်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့မှာ ဩဂုတ်လ ၁၄ရက်နေ့ကစပြီး စက်သုံးဆီကို အကန့်သတ်ဖြင့်သာ ရောင်းချနေရပြီး ပုံးတွေနဲ့ ဝယ်ယူလို့မရတော့ဘူးလို့ လွိုင်ကော်မြို့ခံဆီကနေ သိရပါတယ်။

စက်သုံးဆီဈေးနှုန်းမတည်ငြိမ်တဲ့အပြင် ဆီဘောင်စာကားလည်း မရောက်ရှိသေးတာကြောင့် အကန့်အသတ်ဖြင့်သာ ဝယ်ယူနေရပြီး ဓာတ်ဆီဆိုင်မှာ ကားတစ်စီးကို နှစ်သောင်းကျပ်နှုန်းနဲ့ပဲ တစ်စီးချင်းစီရောင်းချပေးနေတယ်လို့သိရပါတယ်။

“ ဆိုင်ကယ်တို့ ကားတို့ ထည့်လို့ရတယ်၊ ဓာတ်ဆီက ပုံးနဲ့ ဝယ်လို့မရသေးဘူး ခဏနားထားတယ်၊ ဒီဇယ်တော့ ကြိုက်သလောက်ရတယ်။”လို့ လောင်စာဆီဖြန့်ဖြူးရောင်းချပေးနေတဲ့ စက်သုံးဆီဆိုင်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

စက်သုံးဆီ ပြတ်လပ်ခါနီး ဖြစ်တဲ့ ဆိုင်အချို့မှာတော့ ကာတွေကို ဆီရောင်းချပေးတာမျိုးမရှိတော့ပဲ ဆိုင်ကယ်တစ်မျိုးကိုသာ တစ်စီးလျှင် ၂၀၀၀ကျပ်တန် ရေသန့်ဘူးတစ်ဘူးသာ ဆီထည့်ပေးနိုင်တော့တယ်လို့ ဒေသခံတစ်ချို့ကပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှာတော့ ဓာတ်ဆီ၊ ဒီဇယ်လုံးဝပြတ်လပ်နေပြီး 92 တစ်လီတာကို ၃၀၀၀၊ ၃၅၀၀အထိ ပေးဝယ်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီးမော့ဆိုအရှေ့ခြမ်းမှာ ဆီကဝယ်လို့မရတော့ဘူး ရှိတဲ့ဆိုင်တွေကလည်း နည်းနည်းပဲရှိတယ်။ စကေးနဲ့ပဲရောင်းပေးတယ်။ အများကြီးမရောင်းပေးဘူး။ တစ်လီတာကို ၃၀၀၀၊ ၃၅၀၀ အဲ့လိုတွေရောင်းတယ်။” လို့ သူကပြောပါတယ်။

လွိုင်ကော်မြို့ စက်သုံးဆီဆိုင်ကြီးတွေမှာ ပြတ်လပ်မှုမရှိဘဲ ဝယ်ယူလို့ရပေမယ့် စက်သုံးဆီဈေးနှုန်းက 92 ၊ 95 တစ်လီတာကို ၂၄၀၀ ကနေ ၂၇၀၀၊ ဒီဇယ်ဈေးနှုန်းက တစ်လီတာကို ၂၈၀၀ဝန်းကျင်ထိ ရှိနေပြီး အကန့်အသတ်နဲ့သာ ဝယ်ယူနေကြရပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာတော့ ဝယ်ယူလို့ရနေပေမယ့် ဆိုင်ကယ်အတွက် ရေသန့်ဘူးသေးတစ်ဘူးကို ၃၀၀၀ကျပ်နဲ့ပေးဝယ်ရတယ်လို့ ဆိုပါတယ်။

ဒီဇယ်တစ်ပီပါကို ၆သိန်း၅သောင်းထိ ရှိနေပြီး ဝယ်ရတာခက်ခဲလာတယ်လို့ ဒီးမော့ဆိုအနောက်ခြမ်း ဒေသခံတစ်ဦးကပြောပါတယ်။

“ကျနော်ထည့်တာတော့ သုံးထောင်ထည့်တာတော့ တလီတာမဟုတ်ဘူးပေါ့ ဘူးငယ်မျိုးပေါ့ တစ်ဘူးပဲရတယ်ပေါ့ အဲ့လိုမျိုးပေါ့ ဈေးတော့တက်သွားတာပေါ့။ ဒီဇယ်တစ်ပီပါကို ၆သိန်း၅သောင်းပေါ့ ဓာတ်ဆီလည်း ၆သိန်း၅သောင်းဆိုတဲ့ဟာမျိုး ပြောလာတယ်ပေါ့နော အဲ့ထိရောက်သွားတယ်ပေါ့။”လို့ သူက ပြောပါတယ်။

သွားလာရေးမှာ ယာဉ်ကိုအဓိကထား အသုံးပြုနေရတဲ့အတွက် ဓာတ်ဆီဈေးနှုန်းမြင့်တက်နေပေမယ့် မပြတ်လပ်ဖို့ အဓိကလိုအပ်တယ်လို့ ဖားဆောင်းမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မော်ချီးလိုဒေသမျိုးမှာ ခဲကျင်းလုပ်ငန်းအတွက် ဓာတ်ဆီ၊ ဒီဇယ်ကိုသာ အဓိက အသုံးပြုနေရတယ်လို့ ဆိုပါတယ်။

“မပြတ်လပ်ဖို့အဓိကပေါ့နော။ တကယ်လို့ ပြတ်လပ်သွားမယ်ဆိုရင် ကျနော်တို့ဖားဆောင်းမြို့နယ်ထဲမှာတော့ တော်တော်အခက်အခဲတွေ့နိုင်တာပေါ့နော။ ဒီမော်ချီးမှာဆိုရင်လည်း သူများခဲကျင်းလုပ်တာတို့ ဂန်းထိုးတာတို့ဘာတို့ဆိုရင်လည်း ဓာတ်ဆီတွေ ဒီဇယ်တွေ အသုံးပြုရတာပဲပေါ့နော။ အဲ့ဒါကြောင့်မလို့ ဆီပြတ်လပ်ရင် အဲ့ဒီဟာတွေပါ အကျိုးသက်ရောက်မှုတွေဖြစ်လာနိုင်တယ်ပေါ့နော။”လို့ သူက ပြောပါတယ်။

ဖားဆောင်းမြို့နယ်မှာ ဓာတ်ဆီ တစ်လီတာကို ၃၀၀၀ ၊ ဒီဇယ်တစ်ဂါလံကို ၁၅၀၀၀၊ ပုံးဝါတစ်ပုံး ၇၀၀၀၀ ပေးရတယ်လို့ ပြောပါတယ်။ လွိုင်ကော်မြို့ကနေ အဓိကတင်သွင်းနေတာကြောင့် လွိုင်ကော်မြို့မှာ စက်သုံးဆီပြတ်လပ်လျှင် အခြားမြို့နယ်တွေကပါ ပြတ်လပ်နိုင်တယ်လို့ ဆိုပါတယ်။

ဈေးမြှင့်တက်နေပေမယ့် စက်သုံးဆီကို ကြိုဝယ်ထားတဲ့သူလည်းရှိနေပြီး တချို့စက်သုံးဆီဆိုင်မှာတော့ ပုံးဝါတစ်ပုံးထက်ပိုမရောင်းချပေးဘူးလို့ သိရပါတယ်။ အချို့ဆီဆိုင်တော့ လုံးဝပြတ်လပ်နေပြီး ဆိုင်ပိတ်ထားလိုက်ရပြီလို့ ဖားဆောင်းဒေသခံတွေဆီကနေ သိရပါတယ်။

spot_img
spot_img