spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

စစ်ဆေးရေးဂိတ်တွေ ပြည်သူအတွက် လုံခြုံမှုရှိရဲ့လား

Author

Date

Category

မူအက်စတာရေးသားသည်။

ကယားပြည်နယ်ရဲ့မြို့တော် လွိုင်ကော်မြို့ကြီးကနေ ထွက်လာပြီဆိုတာနဲ့ စစ်ဆေးရေးဂိတ်တစ်ခုတော့ အနည်းဆုံးတွေ့ရမှာဖြစ်ပါတယ်။ လွိုင်ကော်မြို့ကြီးကနေ ဒီးမော့ဆိုမြို့ ဖရူဆိုမြို့သို့ သွားလာမယ်ဆိုလျှင်တော့ တောက်လျှောက်ဂိတ်တွေရှိပါတယ်။

ကယား(ကရင်နီ)ဂိတ်တွေတော်တော်များများကို ပြည်သူတွေက ဖြတ်သန်းသွားလာဖူးကြပါတယ်။

မြန်မာနိုင်ငံမှာ အသေးဆုံးပြည်နယ်ဖြစ်တဲ့ ကယားပြည်နယ်မှာ အစိုးရဌာနဆိုင်ရာစုပေါင်းဂိတ်၊ စစ်တပ်ဂိတ်၊ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းဂိတ်၊ နယ်ခြားစောင့်တပ်ဂိတ်တွေ ၊ ပြည်သူ့စစ်ဂိတ်၊ စစ်လေ့ကျင့်ရေးကျောင်းဂိတ် နိုင်ငံခြားနယ်စပ်ဂိတ်နဲ့ အကောက်ခွန်ဂိတ် အစတဲ့အမည်နာမအမျိုးမျိုးသော ဂိတ်တွေ မျိုးစုံအောင် ရှိကြတယ်။

မှောင်ခိုသမားတွေရဲ့ လာဘ်ငွေက လူထုအတွက် လုံခြုံစေဖို့ဆိုပြီး ရည်ရွယ်ထားတဲ့ ဒီစစ်ဆေးရေးဂိတ်တွေမှာ အစစ်ဆေးမရှိ ကျော်လွှားဖြတ်သန်းခွင့်ရအောင် စွမ်းဆောင်နိုင်တယ်။

စစ်ဆေးရေးဂိတ်တွေအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှု လျော့ကျနေတာကိုလည်း သူတို့က သတိပြုမိပုံ မပေါ်ပါဘူး။

စစ်ဆေးရေးဂိတ်တွေက ကုန်တွေသယ်ဆောင်လာတဲ့ ကားတွေ စက်တွေ ဆိုင်ကယ်တွေ နွားလှည်းတွေကို ခရီးအကွာအဝေး၊ အချိန် ၊ နေရာ ၊ သွားရသည့်အကြောင်းအရင်း ၊ မှတ်ပုံတင် ၊ တရားမဝင်ပစ္စည်းသယ်ဆောင်တဲ့ သစ် ၊ ခဲသတ္တု နှင့် မူးယစ်ဆေးဝါးတွေကို စစ်ဆေးမေးမြန်းကြပါတယ်။

ကုန်ပစ္စည်းတွေ ၊ သီးနှံတွေ ဒီဂိတ်တွေကို သယ်ဆောင် ဖြတ်သန်းသွားလာခွင့်ရဖို့ ငွေကြေးပေးဆောင်ကြရပါတယ်။ ကုန်ပစ္စည်းမပါရင်တော့ ပေးဆောင်စရာမလိုပါဘူး။ သီးနှံထွက်ကုန်တွေ ၊ ထင်းတွေသယ်ဆောင်လာတဲ့သူတွေကို ငွေကြေး ကောက်ခံတဲ့အတွက် တရားမျှတမှုမရှိ ၊ အာဏာရှင်ဆန်ပြီး လွတ်လပ်မှုမရှိဘူးလို့လည်း ဝေဖန်မှုတွေ ရှိနေတယ်။

မှောင်ခို သွားလာလှုပ်ရှားကြတဲ့ ကုန်ပစ္စည်းတွေ ဖြစ်တဲ့ သစ် ၊ ကျွဲ ၊ နွား ၊ ခဲသတ္တု တင်ဆောင်လာကြတဲ့ သူတွေကလည်း အဲဒီဂိတ်တွေကို ငွေကြေးပေးပြီး ဖြတ်သန်းသွားနေတာကိုလည်း တွေ့နေရပေမယ့် ဘယ်သူမှ ဒီကိစ္စကို အရေးတယူ မရှိကြဘူး။ ဒီကိစ္စသည် ဖြစ်လေ့ဖြစ်ထ အမှတ်တမဲ့အနေနဲ့သာ မှတ်ယူကြတုန်းပါ။

ကယားပြည်နယ်တွင်းမှာ ဖြတ်သန်းသွားလာခဲ့ဖူးတဲ့ ဂိတ်တွေ အများဆုံးရှိမြို့နယ်တွေက ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်ပဲ ဖြစ်မှာပါတယ်။

ပြီးခဲ့တဲ့ဧပြီလ၂၂ရက်နေ့မနက်မှာ ဖရူဆိုမြို့နယ် မြို့မရဲစခန်းရှေ့မှာ သစ်တင်ကားတွေ ဖြတ်သန်းသွားလာနေတာကို ကန္တာရဝတီတိုင်းမ်က တွေ့ရှိခဲ့ရပါတယ်။

သစ်မှောင်ခိုတင်ကားတွေက ၎င်းတု့ိဖြတ်သန်းနိုင်ဖို့ အခကြေးငွေတွေနဲ့ လာဘ်ထိုးပြီးရင်လည်း ဖြတ်သန်းလို့ရသွားပါတယ်။

ကယားပြည်နယ်အတွင်း စစ်ဆေးရေးဂိတ်များ ဖေါ်ပြထားသည့် မြေပုံ

ယမန်နှစ်က ပြည်နယ်အစိုးရက စစ်ဆေးရေးဂိတ်တွမှာ သစ်သယ်ယူသူတွေဆီကနေ လာဘ်စားတဲ့ သစ်တောဝန်ထမ်းတွေကို အလုပ်ဖြုတ်ခဲ့တာတွေ၊ ရာထူးချလိုက်တာတွေရှိခဲ့ပါတယ်။

ဒေသခံတွေ အိမ်ဆောက်ဖို့ ဆိုရင်တော့ သစ်တွေသယ်ရတာပိုလို့တောင် ခက်ခဲပါတယ်။

ကယန်းသာယာကျေးရွာက ရွာသားတစ်ယောက်က “အခက်အခဲရှိပါတယ် အိမ်ဆောက်ဖို့ သစ်တင်လာရင် ပိုက်ဆံတောင်းတော့တာပဲ၊ မရှိတဲ့သူအတွက်ဆိုရင် အဲ့လို ၂ဂိတ် ၃ဂိတ်လောက်နဲ့ဆို တော်တော်ထိပါတယ်” လို့ သူတို့ရဲ့ အခက်အခဲကို ပြောပါတယ်။

ဂိတ်တွေကို ဖြတ်သန်းသွားလာတဲ့အချိန်မှာ ရွာသူရွာသားတွေအနေနဲ့တော့ စိတ်အနှာက်အယှက်တချို့ဖြစ်ပြီး တချို့မှာတော့ ကိုယ့်ကိုယ်ကို မလုံခြုံဘူးလို့ ခံစားရပါတယ်။

တချို့ရွာသားတွေက ရွာဟောင်းတွေကနေ မြို့ပေါ်ကို နွားတစ်ကောင်စ နှစ်ကောင်စတင်ဆောင်လာပြီဆိုရင် ဂိတ်တွေမှာ ငွေတွေအရမ်းတောင်းလို့ ပြောကြပါတယ်။

နွားလဝိုးအုပ်စုတွင်းမှာရှိတဲ့ ဒေသခံ ရွာသားတစ်ဦးက “စစ်ဆေးရေးဂိတ်မှာ ဖြတ်သွားတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို လုံခြုံတယ်လို့ မခံစားရဘူး၊ ပိုက်ဆံတောင်းပြီးသွားလည်း ဘာမှတာဝန်ယူမှု တာဝန်ခံမှုမရှိပါဘူး။”လို့ ဂိတ်တွေကို ဖြတ်သန်းသွားလာရချိန် တွေ့ကြုံခံစားရတာတွေကို ပြောပြသွားပါတယ်။

စစ်ဆေးရေးဂိတ်တွေကိုဖြတ်သန်းသွားလာတဲ့အခါမှာ တခါတရံအခက်အခဲရှိစေပြီး အကန့်အသတ်ဖြစ်စေပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေကလည်း မှောင်ခိုတွေကို စစ်ဆေး သွားတယ်လို့လည်း ပြောထားကြပါတယ်။

“ကျနော်တို့ဂိတ်တွေထားနေရတာဟာ မူးယစ်ဆေးဝါးတွေ သယ်ဆောင်တာတွေရှိမယ်ဆိုရင် အရေးယူဖို့ပေါ့နော၊ ပြီးတော့ မှောင်ခိုအလုပ်တွေ လျော့ကျအောင်လို့ပါ” လို့ က.လ.လ.တအဖွဲ့အစည်းမှ ဒုတိယဥက္ကဌ(၂) ဦးထူးကော်ကလည်း ပြောထားပါတယ်။

ပြည်နယ်တွင်းက ဒေသအသီးသီးမှာရှိနေတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဂိတ်တွေဟာ ၎င်းဒေသတွင်း ထွက်ရှိလာတဲ့ သယံဇာတတွေကို မှောင်ခိုလုပ်ငန်းမရှိရလေအောင် အဓိကတားဆီးထားဖို့အတွက် ထားထားတာဖြစ်တယ်လို့ KNPP လွိုင်ကော်ဆက်ဆံရေးရုံးမှ ခူးညေးရယ်က ပြောပါတယ်။

“ကျနော်တို့ ဂိတ်တွေထားထားရတာဟာ မူးယစ်ဆေးဝါးကို တားဆီးဖို့၊ မှောင်ခိုတွေလျော့ကျဖို့ ကျနော်တို့ ဂိတ်ထားထားရတာပါ” လို့ သူက ပြောပါတယ်။

ဥပမာ- ဒေါလော်ခူကျေးရွာမှာရှိတဲ့ ဂိတ်ကိုဆိုရင် ရွာသစ်၊ ဖားဆောင်း၊ မယ်စဲဖက်ကနေတက်လာတဲ့ သစ်၊ ခဲတွေကို အဓိကဖြတ်သန်းနေလို့ လမ်းတွေပျက်၊ တံတားတွေကျိုးတာတွေ ဖြစ်များနေပါတယ်လို့ ခူးညေးရယ်က ဆက်ပြောပါတယ်။

စစ်ဆေးရေးဂိတ်များကို ၂၀၁၆ ခုနှစ်က ပြည်နယ်အစိုးရက ဂိတ်တွေမထားဖို့ ညွန်ကြားထားလို့ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဂိတ်တချို့ကိုလည်း ဖြုတ်ထားလိုက် ကြတာလည်းရှိတယ်လို့ (KNSO) ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ မှ ဒုစစ်ဦးစီးမှူး ဗိုလ်မှူးစောနော့နော်က ပြောပါတယ်။

“အခုလောလောဆယ်အခြေအနေကတော့ KNSO အနေနဲ့ ဘာဂိတ်မှမချထားတော့ဘူး၊ ဌာနချုပ်တောင်မှ လွိုင်ကော်မှာပဲ ညဆို အပြင်ထွက်ရင်စည်းမဲ့ကမ်းမဲ့မထွက်ဖို့ မှာထားတယ်။” ဗိုလ်မှူးစောနော့နော်က ပြောပါတယ်။

ဒေသခံပြည်သူများ၏ သဘောထားဆန္ဒများ လိုက်လံမေးမြန်းထားချက်အရ ဂိတ်တွေ ဒေသထွက်ကုန်တွေကို မှတ်တမ်းထားပြီး ပြည်သူများအား ပြန်လည်ချပြစေလိုပါတယ်။ ဆိုးကျိုးများရှိသလို ကောင်းကျိုးတွေလည်းရှိပါတယ်။

ဒါ့အပြင်စစ်ဆေးရေးဂိတ်ဟာ ပြည်သူများအနှောက်အယှက်ဖြစ်ပါက မထင်းသင့်။ လက်ရှိ ဂိတ်တွေဟာ အများအကျိုးအတွက် ဆောင်ရွက်စေလိုကြောင်း နိုင်ငံတော်အခွန်ဖြစ်မည်ဆိုပါက ခရီးသွားဧည့်သည်များအတွက် ထားသင့်ကြောင်း အကြမ်းဖက်သမားများ ၊ မှောင်ခိုကူးသမားများအတွက် တားဆီးရန်ထားသင့်ကြောင်း ကိုယ်ပိုင် အကျိုးစီးပွားအတွက် မဖြစ်စေရန်ကြောင်း ဒေသခံ အများစုကို တွေ့ဆုံမေးမြန်းချက်တွေက အကြံပြု ပြောဆိုလာကြပါတယ်။

ဒီလိုဂိတ်တွေထားတာကတော့ နယ်မြေလုံချုပ်ရေးအရတော့ စစ်ဆေးရေးဂိတ်တွေကို ထားဖို့သင့်တယ်လို့ လည်း ဗိုလ်မှူးစောနော့နော်က ပြောဆိုပါတယ်။

“မောချီးကနေ လွိုင်ကော် ဖြစ်ဖြစ် မူးယစ်ဆေးဝါးသယ်ဆောင် သတင်းအရတော့ စစ်ဆေးတာမျိုးပေါ့ ။ အဲလိုစစ်ဆေးတာ မျိုးဆိုရင်တော့မဆိုးဘူးပေါ့။ မူးယစ်ဆေးဝါးသယ်ဆောင်တာတွေကော ခိုးဆိုးလုယှက်တာတွေကော ဘာမှမစစ်ဆေးရပဲ သယ်တာမျိုးပေါ့။”လို့ ပြောပါတယ်။

“ခိုးမှုနဲ့ မူးယစ်ဆေးဝါးတားဆီးပိတ်ပင်ဖို့အတွက် ရှိသင့်တယ်။ မူးယစ်ဆေးဝါး မရှိတော့ဘူးဆိုရင် မလိုတော့ပါဘူး။ တခုရှိသင့်တာက ရွာမှာ ဆက်ဆံရေးရုံးတော့ တခုထားလိုက်။ ကိုယ်က တချို့ ရပ်ကွက်ထဲ ပြသာနာရှိလာရင် လာတင်ပြလာရင် မျှမျှတတဖြေရှင်းပေးဖို့ပေါ့။” ဦးထူးကော်က အကြံပြုပြောဆိုသွားပါတယ်။
လိုအပ်တဲ့နေရာတွေ နယ်စပ်နဲ့ မြို့အဝင်တွေမှာ မရှိမဖြစ်တော့ ထားဖို့လိုတယ်လို့ ခူးညေးရယ်က အကြံပြုပြောဆိုပါတယ်။

spot_img
spot_img

Recent posts