spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီကနေ ကုန်တင်ကားဖမ်းဆီး စစ်ဆေးမှုတွေက စစ်ရှောင်အပြင် လူထုပါ ထိခိုက်နစ်နာမှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ ကုန်တင်ကားတွေကို ယခင်ကထက် ပိုမိုကြပ်တည်းစစ်ဆေးလာပြီး ဖမ်းဆီးမှုအပြင် ကားပေါ်ပါလာတဲ့ ပစ္စည်းတွေကို သိမ်းယူမှုတွေကြောင့် စစ်ရှောင်နဲ့ သာမန် ဒေသခံလူထုတွေအပေါ် ထိခိုက်နစ်နာမှုရှိတယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ( KSCC) လူသားချင်းစာနာထောက်ထားမှု ကော်မတီရဲ့ တာဝန်ခံ ဦးဗညားက ပြောပါတယ်။

“စစ်ကောင်စီကနေ ပိတ်ဆို့မှုတွေ ဖမ်းဆီးမှုတွေက ကျနော်တို့ စစ်ဘေးရှောင်တစ်ခုတည်းကိုဘဲ ထိခိုက်တာ မကဘူးပေါ့နော။ စစ်ဘေးမရှောင်ရဘဲ ရွာမှာနေနေရတဲ့ ပြည်သူလူထုအပေါ်အများကြီး ထိခိုက်နစ်နာမှုရှိပါတယ်။ အခုဆိုရင် ကုန်တွေကိုဝယ်ယူပို့ဆောင်တဲ့ နေရာမှာ သော်လည်းကောင်း စိုးရိမ်နေရတယ်။ ကြန့်ကြာနေရတဲ့ အောက်မှာ နေရတဲ့အတွက်ကြောင့်မို့လို့ လူထုစီးပွားရေးလည်း တော်တော်လေး ကြပ်တည်းလာတယ်ပေါ့နော။ အဲ့ဒါကြောင့် စစ်ဘေးရှောင်တွေအတွက်ပိုပြီးတော့ဆိုးတယ်ပေ့ါ။” လို့ ဦးဗညားက ပြောပါတယ်။

လွိုင်ကော်မြို့တွင်းမှာလည်း ကုန်တင်ဆောင်တဲ့ တချို့ကုန်ကားတွေကို ဖမ်းဆီးတာ၊ စစ်ဆေးတာရှိသလို မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ ဘုရားဖြူစစ်ဆေးရေးဂိတ်၊ မိုးဗြဲစစ်ဆေးရေးဂိတ်၊ ထေးငှားလျား-ရေယို စစ်ဆေးရေးဂိတ်တွေမှာ ပိုမိုတင်းကြပ်စွာစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ဆန်အိတ်တွေ တင်ဆောင်လာတဲ့ ကားနဲ့ သုံးဘီးယာဉ် တွေကို ပိုပြီးတော့ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ လွိုင်ကော်ဒေသခံတွေဆီကနေ သိရပါတယ်။

“အရင်တလောကဆိုရင် ကျနော့်အသိပြောပြပုံအရ သုံးဘီးတောင် ဆန်သယ်လာတာကို ထောက်ပို့တယ် ခေါင်းစဉ်တပ်ပြီး ရစ်တယ်ပြောတယ်။ ပြီးတော့ ကားပေါ် ကုန်ပစ္စည်းအပြည့်ပါလာရင် ပိုစစ်ဆေးတယ်။ တချို့အိတ်တွေဆိုရင် ဓါးနဲ့ဆွဲဖြဲဖောက်တာရှိတယ်။ ဒါတောင် ကိုယ့်အိမ်အတွက် ဆိုင်အတွက်ပဲ။ လမ်းမှာ ရဲတွေ စစ်သားတွေ တွေ့ရင် ရင်တဒိတ်ဒိတ်ပဲ ကုန်ပစ္စည်းတွေ သိမ်းခံရမှာစိုးလို့။ ” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

အလှူရှင်က ထောက်ပံ့ပေးတဲ့ ပစ္စည်းတွေ စစ်ရှောင်ပြည်သူတွေဆီကို သွားရောက်ဖြန့်ဝေပေးတဲ့နေရာမှာလည်း စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်တွေရဲ့ စစ်ဆေးမှုတွေကြောင့် အခက်အခဲဖြစ်တယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးသူတစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေက တော်တော်လေးကို အခက်အခဲဖြစ်စေပါတယ်။ အလှူရှင်ဆီကနေ စစ်ရှောင်ပြည်သူတွေဆီ ရောက်ဖို့တောင်မှ တော်တော်လေးရင်းပြီးမှ လုပ်ဆောင်နေရတဲ့အနေအထားမှာရှိတယ်။ ပြောရမယ်ဆို စိတ်အနှောက်အယှက်လည်း အများကြီး ဖြစ်စေတယ်။ ဖိအားလည်းများတယ်ပေါ့။ ကျနော်တို့ ဖြေးဖြေးချင်း ကြိုးစားကြရတယ်။” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလပထမပတ်အတွင်း လွိုင်ကော်မြို့ လင်ဖုန်းလေးကျေးရွာအနီးမှာ ဆန်အပါအဝင် ကုန်ပစ္စည်းတွေကို တင်ဆောင်လာတဲ့ ကားတချို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ၃ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ လူကိုနှိပ်စက်တာတော့မရှိပေမယ့် ကားပေါ်ကတင်ဆောင်လာတဲ့ ဆန် နဲ့ ကုန်ပစ္စည်းတွေကိုတော့ ပြန်မပေးခဲ့ဘူးလို့ သိရပါတယ်။

spot_img
spot_img

Recent posts