spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီက ကရင်နီပြည်နယ်ထဲကို ကုန်စီးဆင်းမှု စတင်ဖြတ်တောက်နေ

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီက ကရင်နီပြည်ကို ဇန်နဝါရီလ ၁၁ ရက်နေ့ကစပြီး ကုန်စည်ယာဉ်လိုင်းကားတွေကို အောင်ပန်း-လွိုင်ကော်လမ်းခွဲကနေ ပေးမဖြတ်တော့ဘဲ ကုန်စည်အဝင်စီးဆင်းမှုကို စတင်ဖြတ်တောက်နေပါတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ကုန်တင်ကားမောင်းလာတဲ့ ကားဆရာတစ်ဦးက ပြောပါတယ်။

“လွိုင်ကော်မြို့ထဲထိရောက်မယ့်ကားတွေဆိုရင်တော့ ဖြတ်သန်းခွင့်မပြုဘူး လွိုင်ကော်မြို့ကိုမရောက်ဘူး အဲ့ဒီနားတစ်ဝိုက်ပဲသွားတဲ့ကားဆိုရင်တော့ ပေးသွားတယ်ပေါ့ အဲ့ဒီကနေမှ လွိုင်ကော်မြို့ကို မိုင်တစ်ရာကျော်သွားရတာကို မိုင်၅၀ဝန်းကျင်လောက်ရှိတဲ့မြို့ကိုသွားချင်တယ်ဆိုရင်တော့ အဲ့ဒီကားတွေကိုစီစစ်ပြီးပေးဖြတ်တယ် ဒါပေမယ့် ကယားပြည်နယ် လွိုင်ကော်မြို့ကိုသွားတဲ့လမ်းဆိုရင်တော့ အစားအသောက်၊ စောင်ထည်တွေ ဘာတွေ ဘားမှပေးမယူသွားဘူး ကားကိုတောင်ပေးမဖြတ်တော့တာပေါ့။” လို့ ယာဉ်မောင်းတစ်ဦးက ဒီကနေ့မှာ ပြောပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့ အောင်ပန်းလမ်းခွဲမှာရှိတဲ့ စစ်ကောင်စီတပ် ဂိတ်ကနေပြီး လာသမျှကားပေါ်ကနေ စစ်ဆေးနေတာဖြစ်ပြီး လွိုင်ကော်ဘက်ဆက်သွားမည့်ကုန်တင်ကားဆို ပေးမဖြတ်တော့တာလို့ဆိုပါတယ်။

ရန်ကုန်၊ မန္တာလေးမြို့တွေကနေ ကုန်တွေက ကရင်နီပြည်နယ်ဘက်ကိုလာရင် အဓိက ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့လမ်းခွဲကနေ လာရတာဖြစ်ပါတယ်။ အောင်ပန်းလမ်းခွဲကနေ တီကျစ်၊ ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲမြို့တို့ကိုဖြတ်ပြီး လွိုင်ကော်ကို ဝင်လာရတာဖြစ်ပါတယ်။

အဓိက စောင်တွေ အနွေးထည်တွေ အစားအသောက်နဲ့ဆေးဝါးတွေ လူသုံးကုန်ပစ္စည်းတွေသယ်ဆောင်တဲ့ ယာဉ်လိုင်းကားတွေကိုပေးမဖြတ်တာဖြစ်ပါတယ်။

ခရီးသွားကား၊ စစ်ရှောင်ပြည်သူကို ခေါ်ဆောင်တဲ့ အိမ်စီးကား၊ ယာဉ်လိုင်းကားတွေကိုတော့ အောင်ပန်းလမ်းခွဲဂိတ်က ပေးဖြတ်ထားပါတယ်။

လွိုင်ကော်မြို့ဒေသခံတစ်ဦးကလည်း စားသောက်ကုန်ပစ္စည်းမှာတာ ယာဉ်လိုင်းက လွိုင်ကော်မြို့ကိုသွားလာလို့မရတာကြောင့် ခက်ခဲနေတယ်လို့ ဆိုပါတယ်။

“စားသောက်ကုန်ပစ္စည်းတွေသယ်တာ ယာဉ်လိုင်းကားနဲ့ပေါ့ ဒီမနက်ကတော့ အဲ့ဒီယာဉ်လိုင်းက လွိုင်ကော်လာလို့မရတော့ဘူးပြောလို့ ပစ္စည်းတွေက လမ်းမှာခံနေတယ်။ ဘယ်အချိန်မှပြန်ဖွင့်မလဲတော့မပြောတတ်ဘူး။ လွိုင်ကော်ကိုဝင်မယ့် အစားအသောက် ရိက္ခာ၊ စောင်တွေကို ဖြတ်တောက်ထားတဲ့အနေအထားမှာရှိတယ်။” လို့ လွိုင်ကော်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်က ကရင်နီပြည်နယ်ကို ဝင်လာမယ့် ကုန်မှန်သမျှကို အောင်ပန်းမှာဖြတ်တောက်ထား တာက အရင်လုပ်နေကြ ဖြတ်လေးဖြတ်ကို စတင်အသုံးပြုနေတာဖြစ်တယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“ဖြတ်လေးဖြတ်က ခုမှမဟုတ်ပါဘူး ကြာပါပြီ ဖြတ်လေးဖြတ်ဆိုတာက Information ဖြတ်မယ် ရိက္ခာဖြတ်မယ် အဆက်သွယ်ဖြတ်မယ် အထောက်အပံ့တွေပေါ့ လူထုနဲ့ရင်းနှီးမှုတွေဖြတ်မယ် ဒါက သူတို့ရဲ့နည်းလမ်းဟောင်းပဲလေ ခုလုပ်နေတာ” လို့ ပြောပါတယ်။

လွိုင်ကော်မြို့က အဓိက ကရင်နီပြည်နယ်ရဲ့ ကုန်စီးဆင်းမှုမြို့ တခုဖြစ်ပြီး အခုလို မြို့ပေါ်မှာ လေယာဉ်တွေနဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေက အိုးအိမ်တွေ၊ ဈေးဆိုင်တွေကို ပိတ်ပြီး တခြား တိုင်းနဲ့ပြည်နယ်တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

spot_img
spot_img