spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီက နန်းမယ်ခုံကျေးရွာကို ဗုံးကျဲတိုက်ခိုက်၊ CDM ဒေါက်တာ အပါအဝင် ၂ဦးသေဆုံး

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုအနောက်ဘက်ခြမ်း၊ နန်းမယ်ခုံကျေးရွာအုပ်စုကို စစ်ကောင်စီက လေကြောင်း အသုံးပြုတိုက်ခိုက်တာကြောင့် CDM ဆရာဝန် နဲ့ အရပ်သားတစ်ဦးသေဆုံးကြောင်း DMO PDF ကထုတ်ပြန်ထားပါတယ်။

သေဆုံးသွားသူမှာ CDM ဒေါက်တာ မောင်နွဲလယ်နဲ့ ဦးအလယ်စန္ဒား တို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဇန်နဝါရီလ ၁၆ ရက်နေ့ မိုးဗြဲမြို့မှာစတင်လာတဲ့ စစ်ကောင်စီရဲ့ ထိုးစစ်တွေကြောင့် အရပ်သားထိခိုက်ဒဏ်ရာရတာများပြားလာပါတယ်။

နန်းမယ်ခုံ ဒေသခံတစ်ဦးက “ကျနော်တို့မြင်ရတယ်ပေါ့။ ကျနော်တို့ခေါင်းပေါ်မှာပဲ သူတို့ကဗုံးကျဲ တယ်။ ပြီးတော့ နန်းမယ်ခုံမှာလည်းကျဲတယ်။ ဘယ်သူမှ ဗုံးလာ ကျဲမယ်လို့ မထင်ထားဘူးလေ။ ဒါပေမယ့် အဲ့ဒီတိုက်ပွဲဖြစ်တဲ့ နေရာဘဲ လာကျဲမယ်လို့ ထင်ထားတယ်ပေါ့နော။ အခုက ပြည်သူတွေ ရှိတဲ့ နေရာကိုဘဲ လာကျဲတယ်ဆိုတော့ နည်းနည်းအန္တာရာယ်ရှိတယ်ပေါ့။ တမင်သက်သက်ကို လာကြဲတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ “ လို့ ပြောပါတယ်။

စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နန်းမယ်ခုံ ကျေးရွာအုပ်စုကို ယမန်နေ့ (ဖေဖော်ဝါရီလ ၂၃ရက်နေ့ ) ည ၆နာရီဝန်းကျင်အချိန်မှာ တိုက်လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသခံအများအပြားလည်း စစ်ဘေးထပ်ရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ အခုလက်ရှိတော့ ၆ရွာ ၇ရွာလောက်တော့ စစ်ဘေးရှောင်ပြီ။ ဒါပေမယ့် ဒီရက်တော့ ကုန်သလောက်နီးပါးရှိပြီ။ ၁၀ရွာ ၁၅ရွာလောက်ရှိပြီ။ စစ်ဘေးရှောင်ကြပြီ။ ဘာဖြစ်လို့လဲဆိုတော့ မနေ့ညက လေယာဉ်ကြောင့်လေ။ လျှောက်လျှောက် လာကျဲလို့လေ။ တိုက်ပွဲနယ်မြေမဟုတ်ဘဲ လာကျဲလို့။ အဲ့တာကြောင့် ပြည်သူတွေက ဒီနေ့ ရွေ့တဲ့ လူတွေလည်းရွေ့ မနေ့ညက ရွေ့တဲ့ ဒီမနက်မှ ရွေ့တဲ့ လူတွေလည်း ရွေ့ အဲ့လိုမျိုး ဖြစ်တယ်။ တောထဲတောင်ထဲလို့ ပြောရမှာပေါ့။ တောထဲ တောင်ထဲကို ရှောင်ကြတယ်။ တချို့က အနောက်ဘက်ခြမ်းကို ရှောင်ကြတယ်။ စစ်ရှောင်တဲ့ နေရာကိုတော့ အတိအကျ မပြောနိုင်ဘူး။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ တိုက်ပွဲမှာလည်း စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် တစ်လုံး မီးလောင်ပျက်စီးသွားပြီး နေအိမ်၅လုံး လက်နက်ကြီးထိမှန်ပျက်စီးသွားပါတယ်။

“ ဒီပြည်သူ့တော်လှန်ရေးကိုထောက်ခံတဲ့ ရွာတွေဖြစ်ဖြစ် တခြားနည်းနဲ့ပြောရမယ်ဆိုရင် စကစ က သူ့လူမဟုတ်တဲ့ မည်သူမဆို၊ သူတို့ရဲ့အမာခံ မဟုတ်တဲ့ ရွာတွေအားလုံးကို ဒါကသူတို့ကို တော်လှန်မယ့် အင်အားစုပဲလို့ သူတို့သတ်မှတ်ထားတာကို ကျနော်တို့ သတင်းရထားတယ်။ မည်သူမဆို တွေ့ရှိလူတွေကို ဖမ်းဆီး သတ်ဖြတ်ဖို့အတွက် အမိန့်ရထားပြီ ဆိုတဲ့အသံမျိုး၊ ပြည်သူလည်းရန်သူပဲ ဆိုတဲ့ပုံစံ မျိုးနဲ့ ကျနော်တို့ သတင်းရထားတယ်။ အဲ့တွက်ကြောင့်မလို့ သူတို့အနေနဲ့ကတော့ ဒီရွာတွေက ကျနော်တို့ KNDF တွေ တော်လှန်နေတာကို ထောက်ခံတဲ့ရွာတွေအားလုံးကို ဗုံးကြဲတိုက်ခဲ့တယ်။” လို့ ကရင်နီလူ့အခွင့်အရေး ဒါရိုက်တာ ဦးဗညား က ပြောပါတယ်။

မိုးဗြဲမြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် အရပ်သားသေဆုံးသူ ၁၀ဦးနဲ့ အထက် ရှိနေတယ်လို့ KNDF က ဖေဖော်ဝါရီလ ၂၂ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့က မိုးဗြဲမြို့မှာ စတင်လာတဲ့ ထိုးစစ်တွေမှာ စစ်ကောင်စီဖက်က တိုက်လေယာဉ်နဲ့ တနေကုန်နီးပါး ဗုံးကျဲတိုက်ခိုက်နေတယ်လို့ KNDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

“ နံပါတ် (၁) က ပစ်ခံရတာက တနေကုန်ပစ်ခံရတယ်။ နံပါတ် (၂) က လေယာဥ် ပုံစံက နှစ်မျိုးရှိမယ်လို့ပြောလို့ရတယ်။ နောက်တမျိုးက ဘာတွေဖြစ်မလဲဆိုရင် အဲ့ဒီလို ဗုံးနဲ့ကျဲခံရတဲ့ဟာလည်းရှိတယ်။ တချို့ ပွိုင့်ဖိုက် သေနတ်နဲ့ ပစ်ခံရတဲ့ဟာလည်းရှိတယ်။ တနေကုန်လုံးဗုံးကျဲတော့ အဲ့နားတဝိုက် အိုးအိမ်တွေ၊ နောက် လူထုတွေ တော်တော်များများ ထိခိုက်ခဲ့တယ်။ဆိုတာတော့ ပြောလို့ ရနိုင်တယ်ပေါ့။ ” လို့ KNDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့ မိုးဗြဲမြို့နယ်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်တာ ဒီရက်အပါအဝင် ၉ရက်မြောက်သွားပြီဖြစ်ပါတယ်။ မိုးဗြဲမြို့နဲ့ နီးစပ်တဲ့ နန်းမယ်ခုံမြို့နယ်ဖက်ကို ဖေဖော်ဝါရီလ ၂၃ရက်နေ့မှာ စစ်ကြောင်းထိုးလာနေတယ်လို့ သိရပါတယ်။ နန်းမယ်ခုံမြို့နဲ့ အနီးအနားကကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့မှာလည်း လေကြောင်းနဲ့ ၃ကြိမ်ခန့် တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲ ၉ရက်အတွင်း ထိခိုက်ဒဏ်ရာရတဲ့ ဒေသခံ ၂၅ယောက်ရှိနေပြီး နေအိမ် ၁၅လုံးခန့်လည်း ပျက်စီး ခဲ့ပါတယ်။ မိုးဗြဲ၊ ဖယ်ခုံမြို့အပြင် နန်းမယ်ခုံ တစ်ဝိုက်က စစ်ဘေးရှောင်လူဦးရေဟာ ယခက်ကထက် သုံးသောင်းထပ်တိုးလာလို့ သိရပါတယ်။

spot_img
spot_img